သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, March 6, 2016

မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှုအကြီးမားဆုံးသော တရား(၂) ပါး

၂၀၁၃-ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေဂုံတိုင်အထူးကုဆေးခန်း ဓမ္မသဘင်တွင်
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးဟောကြားတော်မူအပ်သော
မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှု အကြီးမားဆုံးသောတရား ၂-ပါးအကြောင်း တရားဒေသနာတော်



မေတ္တာဆိုတာ .. တစ်ကမ္ဘာလုံးအနှံ့ ထားရမှာဖြစ်လို့
မေတ္တာကမ္ဘာ
အားလုံးရဲ့ အကျိုးစီးပွါးကို လိုလားတဲ့စိတ်ဓာတ်၊
တနည်းအားဖြင့် ပြောရမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ စိတ်ဓာတ်ကို မေတ္တာလို့ ခေါ်တာ ...။

မေတ္တာလို့ဆိုတဲ့ စကားလုံးနဲ့ မိတ်တဆိုတဲ့ စကားလုံးဟာ
မိတ်တဆိုတဲ့ စကားလုံးကနေ ဆင့်ပွါးပြီးတော့ မေတ္တာဆိုတဲ့ စကားလုံးဖြစ်ပေါ်လာတာ …။

မိတ်တဆိုတာ ချစ်ခင်သူလို့ အဓိပ္ဗါယ်ရတယ် ...။
မိတ်ဆွေဆိုတာ ခင်မင်ပြီးတော့ အကျိုးစီးပွါးကို လိုလားတဲ့ သူတွေကို မိတ်ဆွေလို့ခေါ်တာ။
အဲ့ဒီမိတ်ဆွေရဲ့ စိတ်ဓာတ်ကို မေတ္တာလို့ခေါ်တာပဲ။
အဲဒီမေတ္တာဟာ တစ်ကမ္ဘာလုံးအနှံ့  အကန့်အသတ်မရှိ ထားရမှာဖြစ်လို့ မေတ္တာကမ္ဘာ …
အလွန်ကျယ်ပြန့်တဲ့ မေတ္တာတရား။
အဲဒီမေတ္တာရှိသော်လည်းပဲ မေတ္တာကမ္ဘာကို တည်ဆောက်နိုင်ဖို့ဆိုတာ အရည်အချင်း ၂-ရပ် ပြည့်စုံဖို့ လိုအပ်တယ်ပေါ့။
မေတ္တာရှိတိုင်း စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ  သတ္တဝါတွေရဲ့ အကျိုးကို လိုလားတဲ့နေရာမှာ မေတ္တာတရားဆိုတာ ဘုရားကို မှီနိုင်လောက်တဲ့အတိုင်းအတာ ဘုရားကို မှီတဲ့ ပုဂ္ဂိုလ် မရှိဘူးပေါ့။ အားလုံးအပေါ်မှာ မေတ္တာထားနိုင်တယ် ..
ဘာဖြစ်လို့ မေတ္တာထားနိုင်တုန်းဆိုရင် မြတ်စွာဘုရားမှာ ဒေါသဆိုတဲ့ အမုန်းတရားဟာ ဝါသနာနဲ့ တကွ ပယ်ထားပြီးဖြစ်တဲ့အတွက်ကြောင့် အငွေ့အသက်လေးတောင် မကျန်အောင်၊
သန့်စင်တဲ့မေတ္တာတရားဟာ မြတ်စွာဘုရားမှာ  အပြည့်အဝရှိတယ်။
အားလုံးသော သတ္တာဝါတွေရဲ့ အပေါ်မှာ အကျိုးစီးပွါးကို လိုလားတဲ့စိတ်ဓာတ် အပြည့်အဝရှိတယ်။

ဘုန်းကြီးတို့တတွေမှာ မေတ္တာထားတယ်လို့ဆိုတာတောင် ကိုယ်နဲ့ အဆင်ပြေတဲ့ ပုဂ္ဂိုလ်ပေါ်သာ ထားနိုင်တာ၊ အဆင်မပြေတဲ့ ပုဂ္ဂိုလ်အပေါ်မှာဆိုရင် သက်ရောက်ဖို့ မေတ္တာဆိုတာ တော်တော်ခဲယဉ်းတယ်ပေါ့။
နောက်တစ်နည်းအားဖြင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အကျိုးပြုနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ အပေါ်မှာသာ ကိုယ့်ရဲ့ မေတ္တာရောက်ရှိပြီးတော့ ကိုယ်နဲ့ မသိဖာသာနေကြတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မေတ္တာက ရောက်ချင်မှ ရောက်တယ်ပေါ့။

အဲတော့ ပုဂ္ဂိုလ်လေးမျိုးလုံးဆိုပါစို့ …။
- မိမိကိုယ်ပေါ်မှာရှိတဲ့ မေတ္တာစိတ်ဓာတ်
- ကိုယ်နဲ့ ချစ်ခင်တဲ့ ပုဂ္ဂိုလ် အပေါ်မှာ ရောက်ရှိတဲ့ မေတ္တာ စိတ်ဓာတ်
- သာမန် ပုဂ္ဂိုလ် ကိုယ်နဲ့ မသိတဲ့ သာမန်ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာထားတဲ့ မေတ္တာစိတ်ဓာတ်
- ကိုယ်နဲ့ မတည့်တဲ့ ပုဂ္ဂိုလ် ကိုယ်ရဲ့  ရန်သူသဖွယ်ဆက်ဆံရတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာရောက်တဲ့မေတ္တာဆိုတာပေါ့။
ဒီမေတ္တာလေးမျိုးလုံး တန်းတူညီတူ ထားနိုင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းတဲ့အရာတစ်ခုပေါ့ …။

ကိုယ့်အပေါ်မှာ ကိုယ့်ရဲ့ အကျိုးစီးပွါးကို လိုလားသလောက် ကိုယ့်ရဲ့ မိတ်ဆွေအပေါ်မှာ ထားနိုင်တဲ့ မေတ္တာဟာ ကိုယ်နဲ့ တန်းတူညီမျှဆိုတာ သာမန်ပုဂ္ဂိုလ်တွေ ထားနိုင်ဖို့ ခဲယဉ်းတယ်ပေါ့နော်။ နဲနဲလေး ကိုယ့်အပေါ်မှာတော့ သာကောင်းသာနေလိမ့်မယ်။

အဲတော့ မြတ်စွာဘုရားကျတော့ ဒီလိုမဟုတ်ဘူး။
မိမိနဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်ပေါ်ထားတဲ့ မေတ္တာ၊ မိမိနဲ့ မသိတဲ့ပုဂ္ဂိုလ်ပေါ်ထားတဲ့ မေတ္တာ၊ မိမိအပေါ် ရန်လုပ်နေတဲ့ပုပုဂ္ဂိုလ်တွေအပေါ်ထားတဲ့ မေတ္တာဆိုတာ တသားတည်းပဲ တညီတည်းပဲ။ မေတ္တာဆိုတာ တသားတည်းပဲတညီတည်းပဲ ခွဲခြားလို့မရပါဘူး၊ မေတ္တာစိတ်ဓာတ်က တပြေးညီဖြစ်နေတယ်။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့်ထားသည့်အတွက်ကြောင့် မြတ်စွာဘုရားကျတော့ စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေ လုံးဝဖယ်ရှားနိုင်လို့ perfect ဖြစ်သွားပြီပေါ့။ မေတ္တာနဲ့ ပတ်သက်ရင် အစွန်းအငြိမရှိ။
ဘုန်းကြီးတို့တတွေရဲ့ မေတ္တာဟာ တစ်ဘက်စောင်းနင်းဖြစ်နေတတ်တယ်ပေါ့။
မြတ်စွာဘုရားရဲ့ မေတ္တာကျတော့  ကမ္ဘာမှာရှိကြတဲ့ သတ္တဝါတွေ အားလုံးအပေါ်မှာထားနိုင်တဲ့ မေတ္တာ၊  တပြေးညီထားနိုင်တဲ့ မေတ္တာဖြစ်လို့ မေတ္တာကမ္ဘာ။

အဲဒီမေတ္တာကမ္ဘာလိုမျိုး ဖေါ်ဆောင်နိုင်ဖို့ဆိုတာကျတော့ ကြီးမားတဲ့ အရည်အချင်း ၂-ရပ်ရှိဖို့လိုတယ်တဲ့။
အဲဒီအရည်အချင်း ၂-ရပ်က ဘာလဲလို့ဆိုရင် …
(၁) အသိပညာနဲ့
(၂) အကြင်နာတရားပဲဖြစ်တယ်ပေါ့။

ပါဋ္ဌိစကားလုံးနဲ့ ပြောတဲ့အခါ ပညာနဲ့ ကရုဏာ။ ပညာလည်းရှိရမယ်။ ကရုဏာလည်း ရှိရမယ်။
ပညာနဲ့ကရုဏာ နှစ်ဘက်အစုံရှိတဲ့ ပုဂ္ဂိုလ်ကသာလျှင် ခိုင်မာတဲ့ မေတ္တာကမ္ဘာကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေဟာ ရင်ထဲနှလုံးထဲမှာ မေတ္တာဘယ်လောက်ရှိရှိ ကရုဏာပညာဘက်က ၂-ခု ထိန်းညှိထားနိုင်ခြင်း ဒီအရည်အချင်း ၂-ရပ်ပြည့်စုံအောင်မရှိဘူးဆိုရင် ဖေါ်ဆောင်တဲ့အခါမှာ အောင်မြင်ဖို့ အင်မတန်မှ ခက်ခဲတယ်။ လွဲချော်သွားနိုင်တယ်ပေါ့။

ဆိုပါစို့ မေတ္တာတော့ ရှိတယ် .. အားလုံးရဲ့ အကျိုးစီးပွါးကို လုပ်ချင်တယ်။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်အများကောင်းကျိုးတွေ ဆောင်ရွက်ပေးချင်တယ်၊ ပရဟိတလုပ်ငန်းတွေ လုပ်ချင်တယ်၊ လူမှုရေးတွေ လုပ်ပေးချင်တယ်။ အဲဒီလိုလုပ်ပေးချင်တဲ့အခါ ဒီလုပ်ငန်းကို ဖေါ်ဆောင်နိုင်တဲ့ အသိပညာ၊ သတ္တဝါတွေ အပေါ်မှာ အားလုံးအပေါ်မှာ ထားနိုင်တဲ့ အကြင်နာဆိုတဲ့ ကရုဏာ .. ဒီ၂-ခုရှိမှ အပြည့်အဝ ဖေါ်ဆောင်ပေးနိုင်တယ်။

ပညာတော့ ရှိပါရဲ့  ကရုဏာမရှိဘူးဆိုလို့ရှိရင် မိမိမေတ္တာဟာ တိမ်းစောင်းပြီးတော့ သွားနိုင်တယ်ပေါ့။
နောက်ဆုံးမှာ ပညာထက်လွန်းအားကြီးလာပြီးတော့ ကရုဏာတရားကင်းမဲ့လာတဲ့ ပုဂ္ဂိုလ်ဟာ ရက်စက်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်သွားတတ်သေးတယ်တဲ့။
ပညာရှိပေမယ်လို့ အကြင်နာတရားက ထိန်းကွပ်မပေးလို့ရှိရင် လမ်းချော်သွားနိုင်သေးတယ်ပေါ့။

ပညာတရားရှိမှ မိမိက မေတ္တာဘယ်လောက်ပဲရှိရှိ ပညာတရားရှိပြီဆိုရင် လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားသိတတ်တယ်။ လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားသိခြင်းအားဖြင့် မိမိရဲ့ မေတ္တာတည်ဆောက်တဲ့အခါ ဒီပညာကနေပြီးတော့ လုပ်သင့် မလုပ်သင့် ချင့်ချိန်နှိုင်းဆနိုင်ပြီး လုပ်သင့်တာကို လုပ်ပေးခြင်း၊ မလုပ်သင့်တာကို ရှောင်ရှားနိုင်ခြင်းအားဖြင့် မိမိရဲ့ မေတ္တာတရားဟာ စွမ်းဆောင်မှုတွေ ပြည့်လာတယ်လို့ ဒီလိုပြောရမယ်။

အဲတော့ ပညာတော့ ရှိပြီ ကရုဏာတရားမရှိဘူးဆိုရင် လုပ်သင့်တာ မလုပ်သင့်တာတော့ သိတယ်၊ သို့သော် တဘက်သားအပေါ်မှာ အကြင်နာတရားမရှိဘူးဆိုတဲ့အခါမှာ  လုပ်သင့်တာတော့ သိတယ် လုပ်မပေးဘူး။
မလုပ်သင့်မှန်းတော့ သိတယ် လုပ်လိုက်တယ်။
အကြင်နာမရှိသည့် အတွက်ကြောင့် …။
အဲဒီလို ပညာတော့ ရှိတယ် ကရုဏာမရှိဘူးဆိုရင်လည်း လမ်းလွဲသွားနိုင်တယ်။

မေတ္တာအခြေခံထားလို့ အကြင်နာတရားကတော့ အပြည့်အဝရှိပါတယ်၊ ကြင်နာတယ် သို့သော် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိနိုင်တဲ့ ပညာအားနဲနေတဲ့အတွက်ကြောင့် ကောင်းတယ်ထင်ပြီး လုပ်ပေးလိုက်တယ် အဆိုးဖြစ်သွားတယ်၊ မကောင်းဘူးထင်ပြီး မလုပ်ပဲနေလိုက်တယ် အဆိုးဖြစ်သွားပြန်ရော။
ဆိုလိုတာကတော့ ပညာလည်းရှိရမယ် ကရုဏာလည်း ရှိရမယ်။ ဒီနှစ်ခုပြည့်စုံအောင်ရှိဖို့လိုတယ်လို့ဆိုတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ သတ္တဝါတွေ အပေါ်မှာ စွမ်းဆောင်မှုပေးတဲ့ ကြီးမားဆုံးသော အရည်အချင်း  ၂-ရပ်ဆိုတာ ကရုဏာနဲ့ပညာပဲဖြစ်တယ်တဲ့။

သတ္တဝါတွေရဲ့  ကောင်းကျိုးချမ်းသာ လိုလားပြီး အပင်ပန်းခံပြီး လုပ်ပေးနိုင်တာဟာ ကရုဏာကြောင့်၊
လုပ်တဲ့အခါမှာ မှန်ကန်တဲ့ လမ်းအတိုင်း လုပ်သင့်တာကို လုပ်တယ်။ ရှောင်သင့်တာကို ရှောင်တယ် ဒါကြတော့ ပညာရဲ့ အခန်းကဏ္ဍ။ ပညာနဲ့ ရွေးချယ်ပြီးတော့ ဆောင်သင့်တာနဲ့ ရှောင်သင့်တာ သိဖို့လိုအပ်တယ်ပေါ့။

ကိုယ့်ကျင့်သီလတောင် မြတ်စွာဘုရားက ၂-မျိုးခွဲပြီးတော့ ဟောတယ်။ စာရိတ္တသီလနဲ့ ဝါရိတ္တသီလတဲ့။
စာရိတ္တဆိုတာ ကျင့်သုံးရမယ့်တရား၊ ဝါရိတ္တဆိုတာ ရှောင်ရမယ့်တရား။ ဘယ်အရာပဲဖြစ်ဖြစ် ဆောင်ရန်နဲ့ ရှောင်ရန် ၂-ခုရှိနေတာပါပဲ။ အဲဒီနှစ်ခုကို မလွဲမှားအောင် ထိန်းချုပ်ပေးနိုင်တာ ပညာဆိုတဲ့ အရည်အချင်းပဲပေါ့။ ကရုဏာရှိပြီး ပညာမရှိရင် လွဲမှားတဲ့လမ်းစဉ်ကို ချမှတ်ပြီး လွဲမှားတဲ့ လမ်းကြောင်းကို လျှောက်ရင် ဒုက္ခရောက်တာပဲပေါ့။ ကရုဏာတော့ ရှိပါတယ် ပညာမပြည့်စုံဘူးဆိုရင် ချမှတ်တဲ့ လမ်းစဉ်ဟာ လွဲနိုင်တာပဲပေါ့။

ပညာတော့ ရှိတယ် ကရုဏာမရှိဘူးဆိုပြန်ရင်လည်း အကြင်နာတရား ထားရမယ့်နေရာမှာ မထားပဲနဲ့ စိတ်ရှည်ခြင်း သည်းခံခြင်းဆိုတာတွေ မရှိသည့်အတွက်ကြောင့်၊ ကရုဏာတရားကင်းမဲ့သည့် အတွက်ကြောင့် သူတဘက်သားအပေါ်မှာ အကျိုးဖြစ်ထွန်းမှုမရှိနိုင်ဘူးတဲ့။
ဒါကြောင့်မို့ ကရုဏာနဲ့ ပညာဟာ မေတ္တာကမ္ဘာမှာ အရေးအကြီးဆုံးတရား ၂-ခုဖြစ်တယ်ပေါ့။

လုပ်ငန်းသေးတာ ကြီးတာ အဓိက မဟုတ်ဘူး၊ မိမိတို့ အတိုင်းအတာအရ မိမိတို့ ဆောင်ရွက်တဲ့ လုပ်ကိုင်တဲ့ကိစ္စတွေမှာ လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာ အကျိုးစီးပွါးကို လိုလားတယ်ဆိုတဲ့ မေတ္တာအရင်းခံပြီးတော့ ဒီလိုလုပ်တဲ့အခါမှာ လွဲမှားမှုမရှိအောင် ပညာဆိုတာ ထက်မြက်နေအောင် ဆည်းပူးအားထုတ်နေကြရတယ်။ စဉ်းစားကြရတယ်။ အသိပညာတွေ တိုးတက်နေအောင် လေ့လာနေကြရတယ်။ ပညာရှိမှ မိမိချမှတ်တဲ့ လမ်းစဉ်က မှန်ကန်တဲ့ လမ်းကြောင်းရောက်ရမယ်ပေါ့။
ကရုဏာတရားရှိမှ မိမိက သူတဘက်သားအပေါ်မှာ ကြင်နာစိတ်ရှည်သည်းခံခြင်းဆိုတာ ထားနိုင်မယ်ပေါ့။
ဒီသဘာဝတရားတွေနဲ့ မိမိရဲ့ မေတ္တာကို ဖေါ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့။
လောကမှာ ကရုဏာနဲ့ ပညာ အပြည့်ဝဆုံး ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားသာလျှင်ဖြစ်တယ်ပေါ့။

တခြားပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ မိမိတို့ လုပ်ကိုင်ဆောင်ရွက်ရမယ့်နေရာမှာ ကရုဏာနဲ့ ပညာ ထိန်းညှိပြီးတော့ လုပ်ကြရမှာဖြစ်တယ်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်ကြီးဟောကြားတော်မူအပ်သော
မေတ္တာကမ္ဘာ၏ စွမ်းဆောင်မှုအကြီးမားဆုံးသော တရား(၂) ပါး တရားဒေသနာတော်ကို နာကြားပြီး ရေးသားမျှဝေလိုက်ပါတယ်။

တရားတော်ကို နာကြားပြီး မိမိတွင် ပညာအားသာလွန်ကာ ရက်စက်တတ်သူဖြစ်နေသလား၊

အဆင်ခြင်မဲ့သော ကရုဏာထားမိလေသလားဆိုတာကို

သတိတရားဖြင့် ဆင်ခြင်သုံးသပ်နိုင်ပြီး လမ်းကောင်းလမ်းမှန်များကို
ရွေးချယ်လျှောက်လှမ်းနိုင်ကြပါစေ …။



No comments: