ဆောင်ရွက်စရာကိစ္စလေးတွေ များလွန်းနေတဲ့ ကာလမှာပဲ တကိုယ်တည်း တွေးနေမိတဲ့ အတွေးတွေ စိတ်ထဲ ထပ်ခါထပ်ခါ ပေါ်လာပါတယ်။ တချို့ အတွေးတွေက အများနဲ့ ဆိုင်တယ်၊ တချို့အတွေးတွေက ကိုယ်တစ်ယောက်တည်းနဲ့သာ ဆိုင်တယ်ဆိုပြီး ခွဲခြားလိုက်ပါတယ်။ အများနဲ့ဆိုင်တယ် အများကို ပြောသင့်ပြီလား၊ အချိန်အခါ စောင့်ကြည့်ပြီး ပြောသင့်တဲ့အချိန်လား ထပ်စဉ်းစားဖြစ်ပါတယ်။ ပြောတဲ့အခါ နားဝင်ဖို့ နားထောင်ကောင်းဖို့ အမြင်မမှားစေဖို့ ဂရုပြုရတဲ့ အကြောင်းတရားတွေလည်း ရှိတတ်ပါသေးတယ်။
တဆက်တည်း ကျမ ဘယ်လိုလိုပြောပြော ကျမအပေါ် နားလည်ပေးတဲ့ သူတွေကို တချိန်တည်း သတိရမိပါတယ်။ ဒါကတော့ ယုံကြည်မှုဆိုပါတော့...။ ကျမ ဘယ်လိုပြောပြော အကြောင်းတစ်ခုခုရှိရမယ်၊ ပြောရတဲ့ ရည်ရွယ်ချက်ကတော့ သူ့မှာ ရှိမှာပါ။ သူက ကောင်းစေချင်လို့ အမုန်းခံ ပြောနေတာဖြစ်မယ် ..အခုလိုနားလည်ပေးနေခြင်းတွေနဲ့ ယုံကြည်မှုတွေက တည်ဆောက်ဖို့လည်း မလွယ်ဘူးနော်။
အမေ .. အသက် ၇၀ကျော်ထဲ ရောက်လာပြီဖြစ်တဲ့ အမေတစ်ယောက် တခါတလေ သမီးဖြစ်သူဆီ ရင်ဖွင့်လေ့ရှိတယ်။ ဆေးများစွာနဲ့ အသက်ဆက်နေရပြီး အသက်ကြီးရင့်လာနေပြီဖြစ်တဲ့ အမေရဲ့ တချို့ အယူအဆလေးတွေက ကလေးတစ်ယောက်လို့ အပြစ်ကင်းတဲ့ လွဲမှားမှုလေးတွေရှိနေတတ်ပါတယ်။ ဥပမာ သူစေတနာနဲ့လုပ်တယ် ပြောတယ် သူ့ကို အထင်လွဲတယ်ဆိုတာမျိုး၊ သူမျှော်လင့်တာလေး ဖြစ်မလာတတ်တဲ့အခါတွေမျိးတွေမှာပေါ့၊ ကျမက ချော့တခါ ခြောက်တလှည့်နဲ့ အကျိုးအကြောင်း ပြောပြဖြစ်တဲ့ အခါတွေလည်းရှိပါတယ်၊ အမုန်းခံ ပြောရတာမျိုးတွေလည်း ရှိတယ်၊ ချော့ပြီး လေပြေလေးနဲ့ ပြောပြမိတာတွေရှိပါတယ်။ တခါတလေ ဆူမိတာတွေ ရှိလို့ ပြန်တောင်းပန်ရတာတွေလည်း ရှိတယ်။ အဲဒါတွေကတော့ အမေနဲ့ သမီးအကြား ဖြစ်တည်နေသော ယုံကြည်မှုပါပဲ။ ကျမ ဘယ်လိုပြောပြော အမေဆိုတာကတော့ သားသမီးကို မုန်းတတ်သူမျိုးမှ မဟုတ်ပဲနော်။
မောင်နှမတွေ .. အမျိုးထဲက မောင်နှမတွေထဲမှာ ကျမက အငယ်ဆုံးအဖြစ် လူ့လောကကြီးထဲ ရောက်လာခဲ့ပါတယ်။ အစ်ကိုတွေ အစ်မတွေ ချီပိုး ထမင်းခွံ့ စနောက်ကြနဲ့ အလိုလိုက်ပေးကြတာများပါတယ်။ သူတို့တွေရဲ့ ချစ်ခင်မှု ကိုယ့်အပေါ် စာနာမှု ယုံကြည်မှုတွေကို ကျမကလည်း ကောင်းကောင်းနားလည်ထားပါတယ်။ ဒါကြောင့်ပဲ သူတို့ကိစ္စတွေမှာ အမုန်းခံ ဝင်ပြောရတာတွေလည်း ရှိခဲ့တယ်၊ ဆိုးလိုက် ချွဲလိုက်နဲ့ နေခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးအပေါ် တစ်ဦးနားလည်ထားကြတယ် အခိုက်အတန့်တော့ အထင်လွဲတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိဘတွေဆီက ဆင်းသက်လာတဲ့ သွေးတွေ၊ ဘိုးဘွားတွေရဲ့ စီးဆင်းနေသော သွေးတွေဟာ ကျမတို့တွေရဲ့ ကိုယ်ခန္ဓာဆီမှာ စီးဆင်းနေတာဖြစ်လို့ ဘယ်လိုမုန်းမုန်း တနေ့ပြုံးနိုင်ကြပါတယ်။
ဘဝမှာ ကျမ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ကျမက ပြောသော စကားများကို နားလည်တတ်သလို၊ မပြောဖြစ်သော စကားများကိုပါ နားလည်ပေးတတ်တဲ့ ကျမထက် ၆-လကြီးပြီး ဗုဒ္ဓဘာသာမဟုတ်တဲ့ မွတ်စလင်သူငယ်ချင်းမလေးဖြစ်ပါတယ်။ တခါတုန်းက ကျမကသာ ယောက်ျားဘဝရရင် သူမကို ယူမှာလို့ ပြောခဲ့မိဖူးတယ်။ ကျမမှာလည်း ဘာသာမတူတဲ့ သူတွေကို မနှစ်သက်တာ တချို့ရှိပါတယ်၊ ဒါပေမယ့် ကျမအချစ်ဆုံးသူငယ်ချင်းကို သတိရမိတိုင်း ကိုယ်နဲ့ အကြိုက်မတူ အမြင်မတူ အယူအဆ မတူတဲ့ ဘာသာခြားတိုင်း ဆိုးတယ်ဆိုတဲ့ အမြင်ကို ဖယ်ခွါနိုင်ခဲ့ပါတယ်။ သူ့ကြောင့်ပဲ အမုန်းတရားတချို့ကို သတိထားခဲ့နိုင်ပါတယ်။
ကျမရဲ့ သူငယ်ချင်းမလေးက အခုဖဘထဲမှာရှိနေပါတယ်။ အခုလည်း သူငြိမ်ငြိမ်လေး နားလည်ပေးနေတယ်ထင်ပါရဲ့ ...။
ဖဘကြီး .. ဒီကွန်ယက်ကြီးထဲမှာ နှစ်အတန်ကြာ အတူရှိနေတဲ့သူတွေက ကျမရဲ့ အကြောင်း အားလုံးမဟုတ်တောင် အတော်အသင့်တော့ သဘောပေါက်နားလည်နေကြလောက်ပါပြီ။ ကျမရေးနေတဲ့ စာတွေ ပြောင်းသွားတာ အမြင်တွေက စီးဆင်းသွားတဲ့ ကွန့်မန့်တွေ ပြောင်းသွားတာ၊ ကွန်ယက်ထဲက လူတွေကို ဆက်သွယ် ဆက်နွယ်မှုပုံစံပြောင်းခဲ့တာတွေကို နားလည်ပေးနေကြလို့သာ ဒီနေ့ ဒီအချိန်အထိ အတူရှိနေကြတာမဟုတ်လားနော်။
ကြီးကြီးကျယ်ကျယ်တွေ ပြောတာတော့ မဟုတ်ရပါဘူး၊ ဖဘကို အတန်ကြာပိတ်ပြီး ပြန်ဖွင့်သုံးတဲ့အခါ ရည်ရွယ်ချက်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး သုံးခဲ့ပါတယ်။ ကျမကိုယ် ကျမလည်း သတိနဲ့ သုံးမယ်၊ ကိုယ့်ကြောင့် တစ်ပါးသူ ထိခိုက်နစ်နာအောင် မသုံးမိဖို့ ဂရုစိုက်ရမယ်၊ ကိုယ်ရေးလိုက်တာ သူများမှာ အထင်လွဲနိုင်မလားဆိုတာ စဉ်းစားတတ်လာတယ်။ အထင်လွဲသွားရင်လည်း ကျမပြန်တောင်းပန်ပါတယ်။ တခါတလေ ကွန်မန့်တွေ အဖျက်ခံရတယ်၊ သူတော့ ကိုယ့်ကို အထင်လွဲသွားပြီ အဲ့အခါမျိုးတွေဆို ငြိမ်ငြိမ်လေး နေလိုက်ရတယ်၊ စိတ်ဆိုးနေချိန် သွားတောင်းပန်လည်း ရန်တွေ့လွတ်နိုင်တာဆိုတော့ ငြိမ်ငြိမ်လေး နားလည်ပေးနေမိတဲ့အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။
ထူးခြားတာက ဒီအကောင့်ထဲမှာလည်း တစ်ဦးနဲ့ တစ်ဦးမတည့်ကြဘူး ဒါပေမယ့် ကျမအကောင့်ထဲတော့ အတူရှိနေကြတာကိုလည်း သတိထားမိလာတယ်။ ကျမနဲ့ အမြင်မတူသူတွေ အယူအဆမတူတွေလည်း ရှိနေကြတယ်နော် ..ဒါပေမယ့် ကျမတို့အားလုံး ဇူကာဘတ်ရဲ့ သင်္ချာဘာသာရပ်ထဲက အစုကို အခြေခံတည်ဆောက်ထားတဲ့ လူမှုကွန်ယက်ဖဘထဲ နားလည်မှုတစ်ခု ယုံကြည်မှုတစ်ခုနဲ့ တစုတဝေးတည်း နေထိုင်ကြပါတယ်။
အဲဒီတော့ ကျမရေးတင်မယ့် ပိုစ့်တစ်ခုခုက ဖတ်မိတဲ့သူတစ်ဦးဦးကို စိတ်ထိခိုက်မိစေမယ်ဆိုရင် မရေးဖြစ်တာများပါတယ်။ အခုတော့ ကျမရေးချင်နေမိတဲ့ အကြောင်းတစ်ခုရှိနေတယ်၊ ဖတ်မိရင် ကျမကို မုန်းကြဖို့က ရာခိုင်နှုန်းများနေတယ်၊ ဒီတစ်ခါတော့ အမုန်းခံပြီး တစ်ဦးတစ်ယောက်လောက်ပဲ နားလည်ပြီး အကျိုးရှိမယ်ဆိုရင်လည်း ရေးချလိုက်တော့မယ် စိတ်ကူးမိနေတဲ့အကြောင်း ...။
ချစ်ခင်လေးစားစွာဖြင့်
ခရစ္စတလ်
စာကြွင်း
=====
ရေးမယ့်အကြောင်းကလေ ...
နိုင်ငံရေးလည်း မဟုတ်ဘူး၊ နိုင်ငံရေးအကြောင်းကို တစ်စုံတစ်ယောက်က ကူညီတောင်းလို့ အကောင့်ခွဲပြီး သီးခြားရေးပေးနေတယ်။ သိတဲ့လူလည်း ရှိကောင်းရှိမယ်။ သတိမထားမိတဲ့ သူတွေက ပိုများမယ် ...။
စီးပွါးရေးနဲ့ ပတ်သက်တာ အကောင့်အသစ်ဘက်မှာပဲ ရေးတော့မှာ ...။
ဘာသာရေးလား .. ကိုယ့်ဘာသာတောင် ကန်းနေသေးတာဆိုတော့ အမှန်တကယ်လမ်းကြောင်းမှန်နေသူတွေကိုသာ ပံ့ပိုးကူညီပါရမီဖြည့်ဖို့သာ အားသန်ပါတယ်။ ဒါဝါသနာလို့ ခေါ်မလား ...။
ပါစင်နယ်လား .. အို ဝေးပါသေးတယ်၊ ကမ္ဘာပေါ်မှာ ယုံကြည်ရဆုံး အမေ့ကိုတောင် ပြောတတ်သူမဟုတ်ဘူး ...။wink emoticon
No comments:
Post a Comment