သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........
Showing posts with label ပျော်ရွှင်ဖွယ်ရာ. Show all posts
Showing posts with label ပျော်ရွှင်ဖွယ်ရာ. Show all posts

Thursday, August 18, 2011

ဖမားတွင် လက်နက်ဆန်း ပေါ်......

ကမ္ဘာ့ပေါ်တွင် လက်နက်ဆန်းများနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင် ရှာဖွေဆဲ လေ့လာဆဲ၊ လူအများ အတိဒုက္ခမရောက်စေရန် ကာကွယ်စောင့်ရှောက်သော အဖွဲ့များစွာတို့ကလည်း စောင့်ကြည့်နေကြဆဲ အချိန်တွင် ထိုင်းနိုင်ငံမှ ကမ္ဘာ့လုံခြုံရေးကောင်စီသို့ အရေးပေါ်သတင်းတစ်ခုအား အကြောင်းကြားလိုက်လေသည်။ ထိုသတင်းမှာ “အိမ်နီးချင်းနိုင်ငံဖြစ်သော ဖမားတွင် ကမ္ဘာ့ပေါ်တွင်မည်သူမျှ မတီထွင်နိုင်သော လက်နက်စမ်းတစ်မျိုး တီထွင်ထုတ်လိုက်ခြင်းဖြစ်သည်၊ ထို့အပြင် ထို့ထက်ပြင်းထန်သော အခြားလက်နက်များကိုလည်း တီထွင်ဖွယ်ရာမြင်ကြောင်း ဖမားမှ လာသော သတင်းများကို ကိုးကား၍ အသိပေးခြင်းဖြစ်ကြောင်း”။ ထိုသတင်း ဂယက်ရိုက်မှုကြောင့် အဖွဲ့အစည်းများစွာလူများစွာတို့သည် တုန်လှုပ်ခြောက်ခြားကုန်ကြလေသည်။

ဂူဂလ်မှာ အသင့်တော်ဆုံးပုံကို ကောက်နုတ်ရွေးချယ်ထားပါသည်။

သတင်းအပြည့်အစုံမှာ ကမ္ဘာပေါ်တွင် အမျိုးသမီးများသာ သုံးစွဲလေ့ရှိသော မျက်ရည်လက်နက်ကို ယခုအခါတွင် ဖမားနိုင်ငံမှ တာဝန်ရှိမဟာပုရိသယောက်ျားကြီးတစ်ဦးက တရားဝင်သုံးစွဲခြင်းဖြစ်သည်.။ ယင်းဖြစ်စဉ်၌ သူရှေ့တွင်ရှိသော တိုက်ခိုက်မည်ဟု ယူဆရသော လူစုအား ဖြိုခွင်းလိုက်ခြင်းဖြစ်သည်။ အတိုက်အခံများသည်လည်း မည်သို့မျှ မမျှော်လင့်ထားသော လက်နက်ကို အသုံးချလိုက်သောကြောင့် ပါးစပ်အဟောင်းသားဖြင့် အရှုံးပေးလိုက်ကြရလေသည်။ (နောင်သောအခါဝယ် ယင်းလက်နက်မျိုး သို့မဟုတ် ထို့ထက်ပြင်းသော လက်နက်များကို မည်သို့မည်ပုံကာကွယ်ကြမည်၊ တုံ့ပြန်ကြမည်ဆိုတာ ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။ ပုံ-ခရစ္စတလ် )

ထို့ပြင်တဝ ကမ္ဘာ့လုံးဆိုင်ရာ အမျိုးသမီးအဖွဲ့သည်လည်း အမျိုးသမီးများ၏ မူပိုင်မျက်ရည်လက်နက်အား တရားမဝင်သုံးစွဲခြင်းနှင့် ပတ်သက်၍  မူပိုင်ခွင့်အတွက် တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်လျှက်ရှိပေသည်။

ထိုမျှမကသေး ဖမားတို့၏ မဟာ့မဟာမင်းတြားကြီးသည်လည်း ထိုလက်နက်ကို အံ့ဖွယ်လိလိဖြစ်ကာ ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ချောက်မှာကို အစိုးရိမ်ကြီး စိုးရိမ်လျှက်ရှိပေသည်။

ယင်းဂယက်သည် ဖမားနိုင်ငံ၏ ရုပ်ပြခေါင်းဆောင်အကြီးအကဲကိုပါ ရိုက်ခတ်ပြန်သည်။ သူ့လက်အောက် ဝန်ထမ်းမှ ထိုလက်နက်ကို သုံးလိုက်သဖြင့် ထို့ထက်ပြင်းသော အခြားလက်နက်များကို သုံးမှ သင့်တော်ပေမည်ဟု ကြံစည်တီထွင်လျှက်ရှိသည်။
လတ်တလော စဉ်းစားထားသော လက်နက်များမှာ ဟက်အတက်လက်နက် နှင့် အတိတ်မေ့လက်နက်ဖြစ်သည်။ ထိုလက်နက်များကို သုံးစွဲရခြင်းမှာ ဖမားနိုင်ငံ၏ ဆရာ့ဆရာဖြစ်သော ပေါက်ဖော်များတိုင်းပြည်တွင် သိုင်းလက်နက်နာမည်အမျိုးမျိုးရှိရာ ဖမားနိုင်ငံမှလည်း ယင်းသို့ ပုံတူကူးချမှီငြမ်းခြင်းဖြစ်ကြောင်း သတင်းများက ဆိုပါသည်။

ထိုထိုသော သတင်းများကို ကမ္ဘာ့ခေါင်းဆောင်များသိရှိပြီးနောက် ယခုအခါ လျှို့ဝှက်အစည်းဝေးများ ကျင်းပလျှက် ဖမားနိုင်ငံသည် ကမ္ဘာတွင် မည်သူမျှ မတီထွင်နိုင်သော လက်နက်ဆန်းကို တီထွင်လိုက်ခြင်းအတွက် ငြိမ်းချမ်းရေး နိုလ်ဘယ်ဆု သို့မဟုတ် နိုင်ငံတကာစစ်ခုံရုံးတွင် အရေးယူခြင်း၊ မည်သည့်နည်းအကောင်းဆုံးဖြစ်မည်ကို မဲခွဲဆုံးဖြတ်တော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

စာဖတ်သူများကို တဒင်္ဂပျော်ရွင်ပါစေ။

လေးစားစွာဖြင့်
ခရစ္စတလ်