သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, February 1, 2011

အားပေးစကား

(ဂျပန်မလေးတစ်ယောက် အန်ကောဝပ်ထဲမှာ ပိုစ့်ပေးဓာတ်ပုံရိုက်နေတာဖြစ်ပါတယ်)

ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းဖို့ ကြိုးစားပါ။

ဘဝဆိုတာ တခါတလေတော့ စိတ်ညစ်စရာတွေ စိတ်ပင်ပန်းမှုတွေနဲ့ တွေ့ကြုံရမြဲဖြစ်လေသည်။ လောကတွင်ရှိသော သက်ရှိတို့၏ စိတ်များသည် အမျိုးမျိုးဖြစ်ကြရာ သာဓကအားဖြင့် အချစ်နှင့် ပတ်သက်သော ခံစားမှု ရတုများ၊ ကဗျားများ၊ ဝတ္ထုများ၊ ဆောင်းပါးများ၊ တေးသီချင်းများ စသည်ဖြင့် ဖွဲ့မကုန်နိုင်ကြသည်ကို သတိထားကြည့်လျှင် သိနိုင်ပါလိမ့်မည်။ မကြာသေးခင်က ကြည့်မိသော ဗီဒီယိုဇာတ်ကားတစ်ခုတွင် စိုးမိုးကြည် အမေခန်းမှ သရုပ်ဆောင်ကာ သမီးကို ဆုံးမသော စကားလုံးများကို အထူးသဘောကျမိသေးသည်၊ အဘယ်ကြောင့်ဆိုသော် လောကတွင် အတိုက်အခိုက်တွေ ကြုံရမည်၊ ကြုံလာသော တိုက်ခိုက်မှုများကို ကောင်းမွန်သော လုပ်ရပ်များနှင့် ကျော်လွှားနိုင်ရမည်၊ ထိုသို့ကျော်လွှားနိုင်ခြင်းသည် မိမိ၏ စွမ်းရည်များ တိုးတက်လာမည် ပြသခွင့်ရမည် သမီးဖြစ်သူ ချစ်သုဝေအား ဆုံးမစကားပြောကြားသော အခန်းကို သဘောကျမိခြင်းဖြစ်ပါသည်။

ကျမသည် စဉ်းစားတတ်သော အရွယ်မှ စ၍ ဘဝများစွာတွေကို လိုက်ပါစဉ်းစားကြည့်မိခဲ့ဖူးပါသည်။ ငှက်ကလေးတွေရဲ့ဘဝ၊ ကြောင်လေးတွေ ငါးလေးတွေ ကလေးငယ်လေးတွေရဲ့ ဘဝ၊ ဈေးသည်တွေ ဝန်ထမ်းတွေ သူဋ္ဌေးတွေ၊ လမ်းဘေးက မိန်းကလေးငယ်လေးတွေရဲ့ဘဝ၊ နတ်ကတော်များရဲ့ဘဝ စသည်စသည်ဖြင့် လိုက်ပါတွေးကြည့် စဉ်းစားမိဖူးပါတယ်။

သူတို့ သူတို့တွေ ဘဝကို ဘယ်လိုဖြတ်သန်းကြပါလိမ့်....
  • အတိတ်ကို ပြုပြင်ခွင့်မရပေမယ့် အနာဂတ်ကိုတော့ ရွေးချယ်ခွင့်ရှိတာမို့ ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်ဖို့ပဲလိုတာပါ။
  • တကယ်ဆို သံသရာခရီးမှာ ခဏတွေ့ကြတဲ့သူတွေပါ အချင်းချင်း ရိုင်းပင်းကူညီတတ်ဖို့ပဲလိုပါတယ်။
  • ဘဝမှာ ပြုံးတစ်ခါ ငိုတလှည့် သံသရာဇာတ်မရပ်နိုင်ခင် အခါခါ သေကြအုံးမှာမို့ အပိုတွေ မလုပ်မိပါစေနဲ့။
တခါတလေလည်း ဒီလိုလေး စာသားတွေ ချရေးမိပြန်တယ်။ ဒီလိုလည်း နဲနဲတော့ ဂေါက်တတ်ပါတယ်။

စိတ်ညစ်စရာ စိတ်ပင်ပန်းရတာတွေ များလာတဲ့ လူတစ်ယောက်ဟာ တစ်ယောက်တည်း ဟိုးအဝေးကိုလည်း ထွက်သွားချင်တယ်(လူတွေကို စိတ်ကုန်မိလို့ လူတွေဝေးရာဆိုပါစို့)၊ သီချင်းတွေ အသံကုန် ဖွင့်ပြီးလည်းကောင်း၊ ကိုယ်တိုင်သီဆိုခြင်းဖြင့်လည်းကောင်း စိတ်ကို ဖောက်ထွက်မိကြပြန်တယ်။ မိန်ကလေးတွေက စိတ်ရှုပ်ရင် ဆံပင်အလှပြင်သတဲ့၊ ထူးဆန်းသား။ ယောက်ျားလေးတွေကရော တနည်းနည်းနဲ့ပေါ့နော်။ တချို့ စာဖတ်ကြတယ်၊ တချို့က တရားနာကြတယ်၊ တရားထိုင်တဲ့ဘက်ကို ရောက်နိုင်ရင်တော့ ဒီလူပါရမီကောင်းလိုက်တာလို့ ချီးကျူးရမှာပဲ။ သို့သော်လည်း ဘယ်လိုမှ မလွယ်နိုင် စိတ်ဆင်းရဲမှုတစ်ခုကို တရားထိုင်နိုင်ဖို့ ကုသိုလ်ထောက်ပံ့ ပါရမီကောင်းပါလာမှ ဖြစ်ပေမည်။

အားလုံးကို ခြုံကြည့်မယ်ဆိုရင် စိတ်၏ ဖြေရာတစ်ခုခုကို ရှာဖွေဖို့ ကြိုးစားမလား၊ ပြဿနာထဲမှာပဲ ဝဲလည်စွာနေမလား။

အဖြေရှာလိုသူများကတော့ ယုံကြည်သူတစ်ဦးဦးကို ရင်ဖွင့်မည်၊ သို့မဟုတ် လေ့လာမှုက အဖြေထုတ်မည်၊ သို့မဟုတ် အဖြေမှန်/မမှန် အရေးမကြီးပါ ဆိုသူများလည်း ရှိတတ်ပါသေးသည်။ ပြဿနာထဲမှာပဲ နေချင်သူများကတော့ ဒေါသဖြင့်လည်းကောင်း လောဘဖြင့်လည်းကောင်း မောဟဖြင့်လည်းကောင်း တုံ့ပြန်ဖို့ စောင့်နေသူများဖြစ်နိုင်ပါသည်။ ထိုသူများကို အားပေးစကားလည်း နားမဝင်၊ တရားချလည်း ဂရုမစိုက်၊ လမ်းကောင်းညွှန်သော်လည်း သွားဖို့ရာ လမ်းမမြင်သူများဖြစ်ကြမည်ထင်ပါသည်။ ထို့ကြောင့် မိမိစိတ်ပင်ပန်းနေချိန်တွင် ရတနာသုံးပါးကို ပို၍ပင် မမေ့အပ်သင့်ပါ။ လောကတွင် မည်သို့သောသူများ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ရတနာသုံးပါးသည် မမှားသော၊ တရားသော မှန်ကန်ရာ သစ္စာအစစ်ဖြစ်ပေသည်။

ကျမသည် ဘဝတွေများစွာကို ကိုယ်ချင်းစာ လိုက်ပါခံစားတွေးမိခြင်းတွင် မြတ်စွာဘုရား အလောင်းတော်ဘဝများစွာသည်လည်း အပါအဝင်ဖြစ်ခဲ့ပါသည်။ အလောင်းတော်ဘဝများတွင် သူများက ရန်လိုခြင်းများ၊ ဝန်တိုခြင်း၊ ကဲ့ရဲ့ခြင်းများစွာရှိခဲ့ဖူးပါသည်၊ ထိုအခါ ဘုရားအလောင်းသည် မည်သို့ကျော်လွှားပါသနည်း။ သစ္စာဆို၍လည်းကောင်း၊ မည်သို့သောအခါတွင်မဆို အမှန်တရားဘက်မှ ရပ်တည်ခဲ့ပါသည်၊ မျောက်ဘဝတွင်ပင် ဦးခေါင်းကွဲနေသော်လည်း တဘက်သားမှ မည်သို့ပင် မှားသော်ငြားလည်း မိမိပြုလုပ်ရမည်အလုပ်၊ နှုတ်ကတိစကားအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို သတိရမိလေသည်။ လောကတွင် တခါတလေ ကိုယ်တိုင်မည်မျှ မှန်နေစေကာမူ ရှင်းပြရန် ခက်ခဲသော အမှန်တရားများနှင့် ထိပ်တိုက်တိုးကြသောအခါဝယ် ဤသို့ အာရုံပြုမိလျှင် “ပြုသူက အသစ်၊ ဖြစ်သူက အဟောင်း” ဟူ၍သာ သဘောပိုက်မိဖူးပါသည်။

မှန်နေတာကို အမှားလို့ အပြစ်ရှာလျှင်လည်းကောင်း၊ စွပ်စွဲလျှင်လည်းကောင်း၊ ကဲ့ရဲ့လျှင်လည်းကောင်း၊ ရန်လိုလျှင်လည်းကောင်း၊ ဝေဖန်လျှင်လည်းကောင်း စသည်တို့သည် လူတို့၏ သဘာဝတစ်ခုလိုဖြစ်နေသည်။ တစ်စုံတစ်ခုတုံ့ပြန်တော့မည်ဆိုလျှင် ပထမဆုံး သည်းခံကြည့်ပါ၊ အများရှေ့မှာလည်း သည်းခံနိုင်ပါစေ၊ အများက ကိုယ်သည်းခံနိုင်တာကို အမှတ်ပေးသွားမှာကို သတိရပါ။ သစ္စာတရားဖြင့် သစ္စာဆို၍ ဆိတ်ငြိမ်စွာ တုံ့ပြန်ကြည့်ပါ၊ နောက်တစ်ခုကတော့ ဒေါသ မထွက်နေတဲ့အချိန်ဆိုရင် မေတ္တာပို့ကြည့်ပါ (လွယ်လွယ်လေးပါ အမှန်တရားကြောင့် မိမိစိတ်သည် တည်ငြိမ်နေပါစေ၊ ပြီးလျှင် တစ်ပါးသူကိုလည်း စိတ်အေးချမ်းစေချင်တဲ့စိတ်လေး ဖြစ်လိုက်ရုံပါပဲ)။ ဒါကိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ ဒေါသနဲအောင် မိမိစိတ်ကို ပြင်ဆင်ထားပြီး ရင်ဆိုင်ဖြေရှင်းကြည့်ပါလို့ အကြံပေးပါရစေနော်။ ထို့အပြင် ကိုယ်အမြဲသွားနေကြ စေတီတော်များသို့လည်းကောင်း၊ မိမိအိမ်ရှိ ဘုရားစဉ်သို့လည်းကောင်း သွားရောက်ကာ မြတ်စွာဘုရားရှေ့တော်မှောက်တွင်ရောက်နေသကဲ့သို့ အားကိုးတကြီးဖြင့် မြတ်စွာဘုရားအား မော့ကြည့်လိုက်ပါ၊ ထိုအခါ မြတ်စွာဘုရားသည် သင့်အား ခွင့်လွှတ်နားလည်သော အပြုံးဖြင့် ဆီးကြိုနေသည်ကို တွေ့နိုင်မည်။ ဘုရားပုထိုးစေတီတော်များတွင် မြတ်စွာဘုရား၏ မေတ္တာဖြင့် အေးချမ်းနေပါသည်၊ လာရောက်ကြသူများသည်လည်း အများအားဖြင့် ကုသိုလ်စိတ် ညွှတ်နေသောကြောင့် ကိုယ်စိတ်နှစ်ပါး ပူလောင်မှုနည်းလေသည်။ ထို့ကြောင့် ပူလောင်မှုနဲသော ပတ်ဝန်းကျင်လည်းဖြစ်၊ မြတ်စွာဘုရား၏ မေတ္တာသည် အနှိုင်းမဲ့ဖြစ်လေရာ သင့်တွင် ပူလောင်သောစိတ်တို့သည်လည်း အေးချမ်းလာမည်ဖြစ်ပါသည်၊ ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။

ယနေ့ ဆုပ်ကပ်ခေတ်တွင် သာဆိုးသေးတော့သည်ဖြစ်ရာ မိမိကိုယ်တိုင် စိတ်ကလေးကို ထားတတ်ဖို့လိုအပ်ကြောင်း အားပေးစကားအနေဖြင့် ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်။ အခုတလော ချက်တင်မှ အသိမိတ်ဆွေများနှင့် အခြားသောမိတ်ဆွေများ၏ ဘလော့ဆိုဒ်များတွင် စိတ်ဓာတ်ကျနေသည်များကို တွေ့ရသောကြောင့် ကျမသည်လည်း တတ်နိုင်သော အတွေးတစ်ခုဖြင့် ပိုစ့်ရေးသားကာ အားပေးလိုက်ပါတယ်နော်။

(ကမ်ပူးချားနိုင်ငံမှ ခမာအမျိုးသမီးငယ်လေးတွေဖြစ်ပါတယ်)

ဘဝမှာ ဖြူဖြူစင်စင်ပြုံးနိုင်ဖို့ ရိုးသားဖို့လည်း လိုပါတယ်။

လေးစားစွာဖြင့်
crystal

2 comments:

...အလင်းစက်များ said...

အစ်မ ဘာဖြစ်နေလဲ ဆိုတာ ကျနော်မသိဘူး... ဒါမယ့် စိတ်ညစ်စရာတစ်ခု ရှောင်လွဲလို့ မရနိုင်အောင် ကြုံနေတယ်လို့  ခန့် မှန်းမိတယ်...

ဘာပဲဖြစ်ဖြစ် အစ်မရဲ့ အတွေးအခေါ်၊ အတွေ့ အကြုံက နောက်လူတစ်ယောက်ကို လမ်းပြပေးနိုင်နေပြီလို့  ယုံကြည်မိတယ်...

ဆိတ်ငြိမ်စွာတုံ့  ပြန်ကြည့်ပါဆိုတာရယ်... သံသရာမှာ ခဏတာတွေ့ ကြသူတွေပါ၊ ရိုင်းပင်းသင့်ပါတယ်ဆိုတာရယ်ကို အရမ်းသဘောကျတယ်... ဒါဂေါက်တာမဟုတ်ဘူးအစ်မ... ကျနော်ယုံကြည့်တယ်.. ဒါဟာ လမ်းမှန်တစ်ခုပဲ...

(အစ်မလိုရာဆန္ဒပြည့်ဝပါစေ..)

Crystal said...

အစ်မ အဆင်ပြေပါတယ်၊ အသိတစ်ယောက်ကို အားပေးစကားပြောရင်းနဲ့ သူများတွေလည်း စိတ်သက်သာပါစေဆိုပြီး ပိုစ့်ရေးလိုက်တာပါ။ အလုပ်များနေတာလွဲရင် ကိုယ်စိတ်နှစ်ပါး ချမ်းသာပါကြောင်း။ စိတ်ပင်ပန်းတဲ့အခါတွေမှာတော့ အခုလိုလေးပဲ နေလေ့ရှိကြောင်းပါ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။