သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, March 29, 2011

“ဆေး”မိသွားတယ်....


“ဆေးမိနေတာ၊ ဆေးမိနေလို့ တန်းတန်းစွဲဖြစ်နေရသလား”စသော စကားလုံးများသည် အများအားဖြင့် အမျိုးသမီးအများစု ပြောလေ့ရှိကြပြီး ပြောကြသည့် အကြောင်းအရာများကလည်း ဖောက်ပြန်မှုတစ်ခုကို အခြေပြုလို့ အများအားဖြင့် ပြောဆိုကြလေသည်။ ချစ်သူ သို့မဟုတ် အိမ်ထောင်ရှိသော အမျိုးသားတစ်ဦးဦး သည် နောက်ထပ်အသစ်လေးများသို့ ခြေလှမ်း များခြင်း ဖြစ်ပွါးလာပြီဆိုရင်တော့ ဤသို့ ပြောဆိုမှုများ ပြုကြလေပြီ။ ထိုစဉ်က ယင်းအပြောအဆိုများကို မိမိနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းလည်းမရှိ၊ တဆင့်စကားနဲ့ ကြားရတာမျိုးဆိုတော့လည်း အလေးအနက်ထား ခွဲခြမ်းစိတ်ဖြာ မတွေးမိ၊ မစဉ်းစားမိ ကြား ပျောက် သာ ဖြစ်ခဲ့ပါသည်။ သို့သော် ထိုစကားလုံးများနှင့် ပတ်သက်ပြီး ကျမ၏ဘဝတွင် သုံးကြိမ်တိုင်တိုင် အနီးကပ် ကိုယ်တွေ့ မြင်ရသိခွင့်ခဲ့ရသော အဖြစ်အပျက်တို့ သိခွင့်ချိန်သို့ တနေ့တော့ ရောက်ရှိလာခဲ့ပါသည်။
ဆေးမိတယ်ဆိုတာ ဘာကို ပြောတာလဲ၊ ဆေးမိတယ်ဆိုတာ အမျိုးသားများသာဖြစ်သလား၊ အမျိုးသမီးတွေမှာရော မဖြစ်ဘူးလား၊ ဘာဆေးမိတာလဲ၊ ဆေးမိသွားတော့ ဘာတွေဖြစ်လဲ၊ နောက်ဆက်တွဲအကျိုးဆက်တွေက အကောင်းတွေလား အဆိုးတွေလား။
ဘာတွေက ဘာတွေဖြစ်မလဲ.......။

ဆယ်တန်းစာမေးပွဲအောင်စာရင်းတို့ ထွက်ပြီးချိန်၊ နိုင်ငံတော်အစိုးရ၏ စေတနာများကြောင့်  တက္ကသိုလ်မတက်ခင် ခေတ္တအနားယူအပန်းဖြေနေသော အချိန်ကာလတခုမှာ.......

နှင်းဆီပန်းပွင့်တွေထဲမှာ အနီရဲရဲ စိုနေအောင်လှတဲ့ နှင်းဆီပန်းကို ကြိုက်တာ၊
အရာရာကို ပွင့်လင်း သွက်လက်ချက်ချာနေသော မိန်းမငယ်လေးတစ်ဦး၊
အဘိုးအဘွားများကြောင့် လောကမှာ သူမ အလိုရှိရာမှန်သမျှကို တောင့်တစရာမလိုအောင် ရရှိနေသူ၊
နေမင်းလို တောက်ပလိုသူ၊ လရောင်ကို မုန်းသူ၊
အသံသြရှရှနှင့် စကားလုံးတိုင်းက အမိန့်သံအပြည့်နဲ့ ပြောတတ်သူ၊
သူမပတ်ဝန်းကျင်ရှိ ကာလသားများအကြားတွင် ရေပန်းစားနေတာကို အကျေနပ်ကြီး ကျေနပ်နေသူ၊
စိတ်ဓာတ်မာကြောသလောက် သူမ လက်ဖဝါးလေးတွေက နူးညံ့လှပနေသူ၊
အရာရာကို မြုံစိစိနဲ့ ပျော့စိပျော့ဖတ်နိုင်လှသော ကျမကို အားမရကာ ကြည့်မရသူ၊
သူမအမည်က နှင်းဆီတဲ့။

ကျမနဲ့ နှင်းဆီတို့ (၅)တန်းမှ (၁၀)တန်းအထိ အတူ တစ်ကျောင်းတည်း တက်ခဲ့သော်လည်း သူငယ်ချင်း အရင်းများ မဟုတ်ခဲ့ပါ၊ သို့သော် သူငယ်ချင်းအရင်းများထက် ပိုပြီး စိတ်ခြင်းတော့ နီးစပ်ခဲ့ပါသည်။
(၅)တန်းတက်ရန် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းသို့ ပြောင်းလာသော ကျမနှင့် မြို့ကြီးသူ သူမတို့သည် စာသင်ခန်းထဲတွင် အတူ စာသင်ကြားခဲ့ပါသည်။ သူမ၏ အမုန်းစတင်သောနေ့မှာ သင်္ချာဆရာမက ကျောက်သင်ပုန်းတွင် ထွက်၍ နှင်းဆီအား သင်္ချာတစ်ပုဒ် တွက်ခိုင်းပြီး သင်္ချာပုစ္ဆာအမှားအမှန်ကို  ကျမကို စစ်ဆေးခိုင်းကာ အမှားကို ရှာခိုင်းရာမှ စတင်လေသည်။ အမှန်တော့ အတန်းထဲတွင် သူမသည် စာအလွန်တော်သူ တစ်ယောက်ဖြစ်ပါသည်၊ ယခုပုစ္ဆာမှာ သူမှ ရှန်းလို့ မှားခဲ့ခြင်းသာဖြစ်ပါ၏။ ကျမကို အစအဆုံးတွက်ခိုင်းလျှင်တောင်မှ ကျမ တွက်တတ်မှာမဟုတ်၊ သူမကတော့ အဖြေထွက်ကာနီး မှားသွားခဲ့ပါသည်။ သို့သော် သူမသည် ကျမကို သူ့အမှားအား ထောက်ပြသူအဖြစ် မုန်းသွားလေသည်။ ကျမကလည်း သူအဲဒီလောက် မုန်းသွားမှန်း လုံးဝမသိခဲ့ပါ။ သိခဲ့ရတဲ့အချိန်တောင်မှ လွန်ခဲ့ငါးနှစ်ခန့်ကမှ သူမကိုယ်တိုင် ပြောမှ သိသူဖြစ်ပါတယ် (အဲဒီလောက်ကို ကျမကလည်း တော်ပါတယ်)။ ထို့နောက် တစ်ပတ်အတွင်း သူမ၏ အမုန်းကို အကောင်အထည်ဖေါ်ဖို့ ကံကြမ္မာက ဖန်လာခဲ့ပါသည်။ 

ကျမတို့ စာသင်ခန်းထဲတွင် နှင်းဆီတို့ သူငယ်ချင်းတသိုက်သည် မူလတန်းကျောင်းကတည်းက ကျောင်းအတူတက်ခဲ့ကြတာဖြစ်လို့ အုပ်စုအတောင့်ဆုံးဖြစ်ပြီး၊ ကစားချိန်များတွင် သူတို့ အုပ်စုသာ သီးခြားကစားလေ့ရှိကြပါတယ်။ ကျမတွင်တော့ သူငယ်ချင်းက နှစ်ဦးသာရှိပြီး ဥာဏ်ရည်ချိ့တဲ့နေသည့် သူငယ်ချင်းကျောင်းသူတစ်ယောက်အပြင်၊ ကျမ၏ အခင်ဆုံး သူငယ်ချင်းမှာ ကလေးဇာတ်ဝင်ခန်းများစွာ ရိုက်ကူးနေသော ကလေးသရုပ်ဆောင် သူငယ်ချင်းမလေးဖြစ်ပါသည်။ သူမဇာတ်ကားရိုက်ကူး သွားနေချိန်တွင် ဥာဏ်ရည်မမီသော အခြားသော ကျောင်းသူများက ဝိုင်းပယ်ထားသည့် သူငယ်ချင်း ကျောင်းသူမလေး “ရီရီ”ကို အဖော်လုပ်ကာ ကျမတို့ နှစ်ဦးသာ ကစားလေ့ရှိပါတယ်။ 
ကံကြမ္မာဖန်လာသော တစ်နေ့မှာ ကျမရဲ့ သူငယ်ချင်း မင်းသမီးလေး မရှိခိုက် ကျမနဲ့ရီရီတို့ နေ့လည် မုန့်စားဆင်းချိန် ကစားကြတာပေါ့၊ နှင်းဆီတို့ အုပ်စုအနားတွင် စိန်ပြေးတမ်းကစားရင်း ကျမ က ရီရီ ကို မိသွားလေပြီ။ ရီရီ က ငြင်း ကျမက သူအင်္ကျီကို နောက်မှ ဆွဲကာ မိပြီလို့ အော်၊ သူနဲ့ ကျမကြားတွင် စာရေးခုံတစ်ခု ခံနေပြီး ကျမတို့ နှစ်ယောက် တွန်းဆွဲနေချိန် ခုံက အလိုက်သင့် လှုပ်နေ၊ ကျမက ရအောင် အင်္ကျီကို ဆွဲပြီး ကျောကုန်းကို လှမ်းပုတ်ချိန် ရီရီက နောက်ပြန်အလှည့် ခုံက အလှုပ်နှင့်။

“ရီရီ ကို ပါးရိုက်လိုက်တာ ငါတို့မြင်တယ်၊ နင့်ကို ဆရာမနဲ့ တိုင်ပြောမယ်” နှင်းဆီထံမှ အသံထွက်လာခြင်း ဖြစ်ပါသည်။ သို့နှင့် အတန်းပိုင်ဆရာမနဲ့ တိုင်ပါတယ်၊ ရီရီ က ငိုလို့၊ ကျမက အကြောင်သား၊ နှင်းဆီတို့ အုပ်စု တစ်ခုလုံးက ရီရီ ကို ပါးရိုက်လိုက်တာ သမီးတို့အားလုံးမြင်သတဲ့ ဆရာမရှေ့မှာ။ အများနဲ့ တစ်ယောက်။ ဘာတွေများဖြစ်ကုန်ပါလိမ့်ဆိုတာ ကျမ တကယ့်ကို မသိခဲ့ပါ။ ဆရာမကလည်း အံ့တွေ သြလို့၊ အေးအေးဆေးဆေးနေတတ်တဲ့ကလေးက သူများ ပါးရိုက်ရတယ်လို့ ထင်ကို မထင်ဘူးတဲ့ အဲလိုပြောပြောပြီး ဆရာမက ဆော်ပလော်တီး၊  ဆရာမကတဆင့် အမေကို တိုင်၊ အိမ်ပြန်ရောက်တော့ အမေက ထပ်ဆင့် ဆော်ပလော်တီး။ ကျမက ငို၊ ငိုတာ မကြားရက် မျက်ရည်ကျတာ မမြင်ရက်တဲ့ အဖေက မနေနိုင်တော့ သမီးလုပ်သူက ချော့မေးတယ် အဖြစ်အပျက်စဆုံးကို မျက်ရည်ကြားက ပြောပြ။ အဖေက အမေ့ကို သမီး ပေါင်းနေတဲ့ သူငယ်ချင်းတွေရဲ့ အခြေအနေအာလုံးကို လေ့လာဖို့ တာဝန်ပေးလိုက်တယ်။ အဖေက ပြောတယ် သမီး တိတ်တိတ် သမီးမမှားဘူး၊ နောက်ကို သတိထား ကိုယ့်အမှားမဖြစ်အောင် နေတတ်ဖို့ လိုသတဲ့။ ကျမရဲ့ အိမ်မှာ ကျမ အမှား မဟုတ်တာကို သက်သေထူသူက အဖေဖြစ်ပြီး၊ ကျောင်းမှာ သက်သေထူသူက ကျမရဲ့ သူငယ်ချင်း မင်းသမီးဖြစ်ပါ၏၊ သူမရောက်လာတော့ ကျမက ဇာတ်စုံခင်းပြပါတယ်။ သူမက ကျမလက်ကိုဆွဲလို့ အတန်းပိုင်ဆရာမဆီကို ခေါ်ပြီး အဖြစ်မှန်ကို သွားပြောပေးပါတယ် ဒီလိုနဲ့ အတန်းထဲမှာ အများအမြင် အမှားစင် သွားပါတယ်။ သို့သော်လည်း နှင်းဆီရဲ့ အမုန်းတွေကတော့ မစင်ခဲ့ပါဘူး။ တစ်နှစ်ပြီး တစ်နှစ် ကျောင်းတွေတက် နှင်းဆီတစ်ယောက် ကျမကို ဘာတွေ မကျေနပ်နေမှန်းမသိ၊ ကျမကတော့ သူမရဲ့အရာအားလုံးကို ဗြောင်ဖွင့်ပြောကာ အားကျ နေသူ။ 

ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်လာတော့ (၈)တန်းတုန်းက ငါးဘာသာဂုဏ်ထူးထွက်တဲ့ နှင်းဆီ စာမေးပွဲ ကျတယ်တဲ့၊ ခြစ်ချတာ၊ သူလိုချင်တဲ့လိုင်းမရလို့။ အင်း ကောင်းလိုက်တာ၊ ကျမလည်း ခြစ်ချမိခဲ့ရင် ကောင်းမှာလို့ အဲဒီတုန်းက တွေးမိသေးတယ်။ ကျမက တက္ကသိုလ်တက်ဖို့ စောင့်ရင်း သူမက ဆယ်တန်းစာမေးပွဲကို နောက်တစ်ခါတောင် ဖြေပြီးချိန် ဒီအချိန်မှာ တခါမှ မကြားဖူးသော စကားနှင့် မထင်မှတ်ထားသော အဖြစ်အပျက်တို့ကို ကြားခဲ့ရပြီ။

မေမေ ကိုလတ်(အစ်ကို ဆရာဝန်) ဘယ်သွားတာလဲဟင်

ဟေ သမီး မသိသေးဘူးလား သမီး သူငယ်ချင်း “နှင်းဆီ” မုဒိမ်းကျင့်ခံလိုက်ရတယ်လေ၊ 
ဆေး-မိသွားလို့ ဆိုလားပဲ၊ အဲဒါ သမီးအစ်ကိုဆီမှာ ဆေးလာစစ်ကြတယ်၊ 
အခု ရဲစခန်းမှာ သက်သေထွက်ဆိုဖို့ အခုသွားတာ...

ဆေး-မိသွားတယ် ဆေးမိလို့ မုဒိမ်းကျင့်ခံရတာ....အဲဒါ ဘာကိုပြောတာလဲဟင်...။

ဆေးမိတာလေးတွေနဲ့ ပတ်သက်ပြီး comment မှာ ရေးပေးပါလို့ တောင်းပန်ရင်း
ဒီတခါတော့ တိတ်တိတ်လေး လှည့်ပြန်မသွားကြေး။


လေးစားစွာဖြင့်
crystal

ဆက်လက်ဖေါ်ပြပါမည်.... 

6 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ ဆေး မိသွားတယ် အားပေးလျှက်..
နောက်ပိုင်းအဲဒီမမ ဘာဖြစ်သွားလဲဟင် ..
သိချင်လိုက်တာ...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

မိုးယံ (လူသားအားလုံးအတွက်) said...

ဆေးမိ ဆိုတာ ဆာမိတို့ အစ်မ အစ်ကြီးဆုံး။

မုဒိမ်းကျင့် ဆိုတာ၊ ၀က်သားစားတာကို ပြောတာ။

ခနွဲ said...

အမေးရှိတော့လည်း ကြားဖူးသမျှပြောပြရတာပ။
ဆေးမိတယ်လို့ ကျွန်တော်ကြားဖူးတာကတော့ တို့ဆေး လို့ နယ်ဖက်တွေမှာ သိကြတယ်။ အဲဒီ တို့ဆေးနဲ့ အထိခံလိုက်ရရင် အထိခံလိုက်ရတဲ့သူက ခိုင်းတာ လုပ်တော့တာပဲ။ ခေါ်သွားရာနောက်ကို လိုက်သွားတယ်။ ပြုသမျှနုရတယ်။ အဲဒီအချိန်မှာ သူက အခြားလူတစ်ယောက်လို ဖြစ်နေတယ်။ ဘာမှမသိဘူး။ ဆေးပြယ်တဲ့ အချိန်မှာလည်း လူက ကြောင်စီစီဖြစ်တုန်း။ ကျွန်တော်တို့ အိမ်နားက လူတစ်ယောက် ဆွဲကြိုးတွေ၊ လက်ဝက်လက်စားတွေ ချွတ်ယူခံသွားရတာ ကို အခြေခံပြီး ပြောပြတာပါ။ ဘယ်သူတွေ ချွတ်ယူသွားတယ်ဆိုတာလည်း မမှတ်မိတော့ပါတဲ့။

ချော(အစိမ်းရောင်လွင်ပြင်) said...

တုံးတိကြီး ရပ်ပစ်တယ် ဘာမှန်းလဲမသိဘူး
ဆေးမိတယ်ဆိုတာ အမျိုးမျိုး ရှိသားဘဲ။ အရည်ဖြစ်တဲ့ အချိုရည် ကော်ဖီ စတာတွေထဲထည့်လို့ စိတ်တွေကြွလာတာ၊ ဒါမှ မဟုတ် အိပ်ပျော်အောင် လုပ်ပြီး မဟုတ်တာကြံလိုက်တာ။ ဒါမှမဟုတ် တို့ဆေါ် ဆိုတာမျိုးနဲ့ လုပ်လိုက်တာ အဲလိုတွေ ဖြစ်နိုင်တာဘဲ
ခုခေတ်တော့ အချိုရည်တို့ ဘာတို့ထဲ ထည့်တဲ့ ဆေးက ပိုများမယ် ထင်ပါတယ်
မနှင်းဆီ သနားပါတယ်.

...အလင်းစက်များ said...

ဘူသူဒုန်း... နာမည် ကိုအလွဲသုံးစားလုပ်ထှာ... နာမည်သုံးစွဲခ ပေးပါ... ဟွန်း :(

မျှော်နေဒယ်.... ဆက်တင်ပါအစ်မရေ...

...အလင်းစက်များ said...

အစ်မချော မန့် တာလေး သဘောကျတယ်။ ဟုတ်သား ဆေးမိတယ်ဆိုတာလေး လင်းဦးမှပေါ့ အစ်မရ။