သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, October 12, 2011

တရိပ်ရိပ်တက်လျှက်ရှိသော ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုများ

ထိုင်းနိုင်ငံတွင် စိုးရိမ်ဖွယ်ရာ ရေကြီးခြင်းများနဲ့ ပတ်သက်ပြီး ဖတ်နိုင်တဲ့ သတင်းလင့်များ

Essential Thai Flood Information for Foreign Tourists in Thailand

http://www.bangkokpost.com/news/local/260677/chao-phraya-fury-erupts 
http://www.voanews.com/burmese/news/Asia-floods-10-10-11-131450518.html
http://www.voanews.com/burmese/news/Bangkok-flood-10-09-11-131432003.html
http://www.channelnewsasia.com/stories/afp_asiapacific/view/1158425/1/.html
http://www.irrawaddyblog.com/2011/10/blog-post_9120.html
http://www.thaitravelblogs.com/2011/10/what-time-will-it-flood-in-bangkok-check-the-high-tide-charts-thaiflood/
http://www.thaitravelblogs.com/2011/10/map-of-flood-risk-areas-in-bangkok
http://burmese.dvb.no/archives/16295

ထိုင်းနိုင်ငံတွင်း သတင်းchannel များမှလည်း မြစ်ရေကြီးခြင်းသတင်းများနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန်များကို အချိန်တိုင်းလိုလို ကြေညာပေးလျှက်ရှိနေပြီဖြစ်ပါသဖြင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့် မပေါ့ဆကြပဲ သတင်းများနဲ့ ပြတ်လတ်မှုမဖြစ်စေရန် ကြိုတင်တိုက်တွန်းနှိုးဆော်ပါရစေ။

 ဝပ်အာရုဏ်ဘုရားစေတီနားက မြစ်ကမ်းနားဖြစ်ပါတယ်။ ထိုင်းမြောက်ပိုင်းရေကြီးနေချိန်မှာ မြစ်ရေတက်နေပုံလေးပါ။ 
အခုဆိုရင် ဝပ်အာရုဏ်စေတီဝင်းထိ ရေတွေ ဝင်နေပါပြီ။ 

မုန်တိုင်းများ ဆက်တိုက်ဖြစ်ပေါ်မှုကြောင့် မြစ်ရေ အဆမတန်တိုးခြင်းတွေ အပြင် ဆည်များမှ ရေများ စိုးရိမ်ရေမှတ်ကျော်လွန်မှုတွေ ပေါင်းလိုက်တဲ့အခါ လွန်ခဲ့သော နှစ်များစွာက ထိုင်းမှာ ရေကြီးခြင်းများထက် အဆများစွာ ပိုမိုဆိုးရွားနေပြီဖြစ်ကြောင်း သတင်းမီဒီယာ အင်တာဗျူးတွေမှာ ဖြေကြားနေကြတာကို ကြားသိနေရပါတယ်။ အစိုးရကလည်း မမျှော်လင့်ထားတဲ့ သဘာဝဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းတာ မနိုင်မနင်းဖြစ်နေပါတယ်။ ပြည်သူအများကလည်း ရေကြီးခြင်း သတိပေးနှိုးဆော်ချက်တွေကို အလေးမထားမှုတွေနဲ့ ပေါင်းလိုက်တဲ့အခါ မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ကျောက်ဖရားမြစ်ကြီးက ဘန်ကောက်မြို့မှ ပင်လယ်ဝကို စီးဆင်းတဲ့နေရာတွေကို ကြည့်ရင် မြစ်ကွေ့ကောက်မှုများတာကြောင့်လည်းကောင်း၊ မြစ်ရေစီးဆင်းခြင်း မဖြောင့်ဖြူးတာကြောင့်လည်းကောင်း၊ (မြစ်ရေလျှံနေမှတော့)ဘန်ကောက်မြို့တွင်း ရေဆိုးများ စွန့်ပစ်ရာ ရေမြောင်းများ၏ ရေမျက်နှာပြင်များ မြင့်တက်လာခြင်းကြောင့် မြို့တွင်းအနှံ့အပြားမှာ
ရေလျှံခြင်းများ ဖြစ်ပေါ်လာမှုရာခိုင်နှုန်းများခြင်းကြောင့်လည်းကောင်း၊ သတိပေးကြေညာချက်များကို ပြည်သူတို့ သတိမမူခြင်းကြောင့်လည်းကောင်း ဒီနှစ် ထိုင်းနိုင်ငံမြစ်ရေကြီးမှုသည် အလွန် စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။

မြစ်ရေကြီးလာတဲ့အခါမှာ မြို့တွင်းသွားလာမှုဆက်သွယ်ရေး နှစ်ပတ်ခန့် ပြတ်တောက်နိုင်မှာဖြစ်ပြီး၊
ရေကြီးခြင်းကြောင့် လျှပ်စစ်မီးများကို ဖြတ်တောက်ထားနိုင်တဲ့အတွက် လက်နှိပ်ဓာတ်မီးနဲ့ ဖယောင်းတိုင်များစုဆောင်းထားခိုင်းပြီး၊ ဂက်စ်အိုးများကို ကြိုတင်ဖြည့်ထားကြဖို့ သက်ဆိုင်ရာဋ္ဌာနများကို ကြိုတင်သတိပေးမှာကြားလျှက်ရှိနေပါတယ်။ ရေကြီး ရေလျှံမှုများဖြစ်နေချိန်မှာ တစ်ရှုးများ၊   ရေသန့်များ၊ ဆေးဝါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ကလေးငယ်များ သွေးလွန်တုပ်ကွေး မဖြစ်စေရေးကိုလည်း အထူးအလေးပေး မှာကြားလျှက်ရှိကြပါတယ်။ ကုန်တိုက်များအတွင်း ရေကြီးနေချိန်မှာ လိုအပ်သော ပစ္စည်းများကို ဝယ်ယူကြိုတင် စုဆောင်းထားရန်အတွက် နမူနာများပြသထားသည့်အပြင် စိုးရိမ်ရသော နေ့ရက်များမတိုင်မီ ကုန်တိုက်များသည်လည်း ပိတ်တော့မှာဖြစ်တဲ့အတွက် ကြိုတင်ဝယ်ယူစုဆောင်းထားဖို့လည်း မှာကြားထားပါတယ်။

အောက်တိုဘာလတွင်း မုန်တိုင်းဖြစ်ပေါ်မှုများလည်း ရှိနေသေးသည်ဖြစ်ရာ ဆည်များမှ ရေများကို ဖောက်ချ
တော့မည်ဖြစ်ပါသဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေများမှာ တိုးလျှက်သာရှိပါသည်။ ယခုချိန်ထိရေလွှမ်းမိုးမှု အန္တရာယ်များကို စိုးရိမ်ရသောအခြေအနေမှ မလွတ်မြောက်နိုင်သေးကြောင်း ကြေညာချက်များ ထုတ်ပြန်ထားပြီးဖြစ်ရာ ထိုင်းနိုင်ငံရောက် မြန်မာများအတွက် သတိထားဖို့ရာ အလေးအနက်ထား တိုက်တွန်းနှိုးဆော်ပါရစေနော်။ 

ဆယ်တန်းအောင်ပြီးစ အချိန်တုန်းက ဘာသာရေး မဂ္ဂဇင်းတစ်စောင်ထဲမှာ ဖတ်မိတာလေးတစ်ခုကို လိုရမယ်ရ ပြောပြချင်ပါသေးတယ်။ မိုးတားနည်းလေး တစ်ခုပါ။ မိုးနတ်မင်း လေနတ်မင်းတို့က အလွန်သဘောကောင်းတဲ့ နတ်တွေလို့ဆိုပါတယ်။ မိမိမှာ ရှိတဲ့ ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်တွေကို မိုးနတ်မင်းလေနတ်မင်းတွေကို အမျှပေးဝေပြီး မိုးတားမယ်ဆိုရင် သူတို့က မိုးနဲ့ ပတ်သက်တဲ့ အန္တရာယ်များကို ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ခရစ္စတလ်လည်း ဒီနည်းကို တော်တော်လေး သုံးဖူးပါတယ်၊ မိုးမရွာစေချင်တဲ့နေ့ အပြင်သွားဖို့လည်း ရှိနေတယ်ဆိုရင် ဒီလိုလေး လုပ်နေကြပါ၊ (သည်းသည်းမည်းမည်းရွာနေချိန်မှာတော့ မတားနဲ့ပေါ့၊ ကြိုတင်ပြီး တားရင် အိုကေပါတယ်)တကယ်လည်း မိုးမရွာပါဘူး။ အခုလည်း ကြိုးစားပြီး ပြုလုပ်လျှက်ရှိပါတယ်။ ကောင်းမှုကုသိုလ်လေးတွေလည်း ပြုလုပ်ရင်းနဲ့ပေါ့။

ခုချိန်မှာ မိုးရွာတာ မိုးခြိမ်းတာတွေ နှစ်သက်တဲ့၊ မိုးရွာနေတာကို ကြည့်နေရရင် ပျော်နေတဲ့ စိတ်လေးတွေတောင် ကြက်ပျောက် ငှက်ပျောက်ဖြစ်နေပါတယ်။ နေ့တိုင်း တီဗွီသတင်းတွေကို ကြည့်နေရင်း သတ္တဝါတွေ ဘေးကင်းကြစေဖို့ပဲ အခါခါဆုတောင်းမိပါရဲ့။ ဂျပန်မှာ ဆူနာမီဖြစ်တာ ဂျပန်တွေ ငါးအရှင်တွေကို အရှင်လတ်လတ်စားကြ၊ မီးဖိုပေါ်တင်ကြပြီး ချက်ချင်းစားကြလို့ အကုသိုလ်ဖြစ်တယ်လို့ ဂျပန်က ထိုင်းကို အလည်လာတဲ့သူတွေဆီက ကြားသိရပါတယ်။ ဒီလိုဆိုတော့ ကိုယ့်ဘဝမှာ သတ္တဝါလေးတွေ သေမှ ကိုယ်စားသောက်နိုင်မယ့် စိတ်တွေ တခါမှ မပြုဖူး၊ မလုပ်ဖူးလို့တော်သေးတယ်လို့ တွေးမိပါတယ်။

အယုဒ္ဓယက ဂျပန်ကားကုမ္ပဏီတွေလည်း ဆုံးရှုံးမှုတွေရှိနေပါပြီ

မြန်မာတွေ သိတဲ့ ပသူနမ်က ပလက်တီနမ်ကုန်တိုက် နောက်ဘက်မှာ သွားနေတဲ့ ရေဆိုးစွန့်ပစ်ရာနေရာမှ လှေလမ်းကြောင်းတစ်ခုပါ။
မြစ်ရေလျှံတာတွေက ဒီလိုနေရာတွေကို စီးဝင်လာတော့မှာမို့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားကြတာဖြစ်ပါတယ်။ အခုပုံက မြစ်ရေမလျှံခင်က ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

မြစ်ရေလျှံနေတာကို သွားကြည့်နေကြတာပါ။
ဖခနုံ ရထားဘူတာအပေါ်ဘက်မှ ရိုက်ထားတာပါ၊ မိုးများတဲ့ တစ်နေ့မှာ ရိုက်ထားတာဖြစ်ပါတယ်။ မိုးများတဲ့နေ့မှာတောင် ရေကြီးနေရင် မြစ်ရေလျှံတဲ့ချိန်ဆို ဒီ့ထက်ရေများဖို့ ......
 လော့ဘူရီဆည်ဖြစ်ပါတယ်၊ အပန်းဖြေစခန်းတည်ဆောက်ထားပါတယ်။ 
ခုချိန်မှာ ရေစလျှံနေပါပြီ။ 

ကချနဘူရီဆည်က ထိုင်းနိုင်ငံမှာ အကြီးဆုံးဆည်ဖြစ်ပါတယ်၊ တောင်တွေ ကာရံထားပြီး၊ စစ်တပ်အစောင့်များစွာနဲ့ ဂရုတစိုက်ထားတဲ့ ဆည်တစ်ခုပါ။
ရေဖောက်ချမယ်လို့ ကြေညာထားတဲ့ ဆည်တွေဖြစ်ပါတယ်။

ဒါ့အပြင် လူတိုင်းမှာ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေ မဆုံးရှုံးမပျက်စီးစေချင်တဲ့စိတ် ကိုယ့်မှာဖြစ်နေရင် ထိုင်းနိုင်ငံသားတွေလည်း သူတို့ပိုင်ဆိုင်တာတွေ ဘယ်ပျက်စီးစေချင်မလဲ၊ ပြီးတော့ တိုင်းပြည်ပေါ့၊ တိုင်းပြည်တိုးတက်ဖို့ ငွေတွေ သတ်မှတ်ထားချိန်မှာ ဆုံးရှုံးမှုတွေအတွက် ဖြည့်ဆည်းနေရမယ်ဆိုရင် တိုင်းပြည်က ရှေ့ရောက်တော့မှာမဟုတ်ဘူးလေ၊ ဒါကြောင့် ကိုယ်ချင်းစာပြီး ဆုတောင်းပေးနေပါတယ်။ ကိုယ့်တိုင်းပြည်နဲ့ သူတို့တိုင်းပြည်တွေမှာ ရေကြီးတာတွေဖြစ်နေတုန်းမို့ ကမ္ဘာကြီးတစ်ခုလုံး သတ္တဝါတွေအားလုံး သဘာဝဘေးအန္တရာယ်တွေမှ ကင်းဝေးနိုင်စေဖို့ သစ္စာဆို မေတ္တာပို့ ဆုတောင်းခြင်းများ ပြုလုပ်နေမိပါကြောင်း။

လေးစားစွာဖြင့်
ခရစ္စတလ်

13 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မြို့လယ်မှာတောင် ရေတွေ လျှံနေပြီ
ကြောက်စရာကြီး
သဘာဝဘေးအန္တရာယ်ကနေ အမြန်ဆုံး လွတ်မြောက်ကြပါစေ
မိုး၊ မုန်တိုင်း သည်းထန်ခြင်းကနေ အမြန်ဆုံးလွတ်ကင်းပါစေလို့ ဆုတောင်းမိပါတယ်။
စိတ်မကောင်းဖြစ်မယ်
မခရစ္စတယ်တို့မိသားစုလည်း ဘေးအန္တရာယ်ကင်းပါစေနော်

ခရစ္စတလ် said...

ကျေးဇူးပါ ချောရေ၊ ရေတွေ မလျှံခင်လေး၊ မီးတွေ မဖြတ်သေးခင် ပိုစ့်လေး အချိန်မီတင်လိုက်တာပါ၊ သတင်းတွေ နားစွင့်ပြီး မနက်ဖန် တိုက်အမြင့်ကို
ပြောင်းတော့မှာဖြစ်ပါကြောင်း :)

Maung Myo said...

သတင်းတွေကြည့်ပြီးတည်းက စိတ်မကောင်းဖြစ်နေတာ သူတို့ကို လည်း ကိုယ်တွေ အလှည့်တုန်းကလို ပြန်ကူညီချင်းစမ်းပါဘိ သူတို့တွေ အဆင်ပြေပြေ ကျော်ဖြတ်နိုင်ပါစေဗျာ ။

ခရစ္စတလ် said...

ဟုတ်တယ် မောင်မျိုးရေ၊ ဒို့တိုင်းပြည်တုန်းက ဘုရင်က ပြည်သူတွေကို စာနာစိတ်နဲ့ ကူညီခဲ့တယ်၊ သူတို့တိုင်းပြည်ဖြစ်တော့ ကိုယ့်တိုင်းပြည်က ကူပါ့မလားနော်...

မြသွေးနီ said...

သဘာဝဘေးအန္တရာယ်ဆိုတာမျိုးက ဘယ်လိုဘဲ ကာကွယ် တားဆီးစေဦးတော့ ရှောင်လွှဲမရပဲ ရင်ဆိုင်ကြရတယ်နော်..။ အမြန်ဆုံး ပုံမှန်အခြေအနေကို ပြန်ရောက်ပါစေ။

mstint said...

မြင်ရတာစိတ်မချမ်းသာစရာပဲ ခရစ္စတလ်ရေ။ ကမ္ဘာကြီးရဲ့ နေရာအတော်များများမှာ သဘာဝဘေးအန္တရာယ်တွေ တစ်နေ့တစ်ခြားပိုမိုလို့ ဆိုးဝါးလာတာ မြင်တွေ့ ကြားသိနေရတယ်။
လူသားအားလုံး သောကကင်းဝေးစွာဖြင့် စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခ ရရှိကြပါစေလို့ နေ့ ည မပြတ်ဆုတောင်းလျက်ပါကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

တော်တော်ကိုအခြေအနေဆိုးတယ်နော်..
လူကြီးတွေနဲ့အရွယ်မရောက်သေးတဲ့ခလေးတွေ
ဘယ်လိုများနေလဲမသိဘူးနော်...
မနက်ဖန်ခါသီတင်းကျွတ်ပါပြီ....
ချမ်းမြေ့စွာနဲ့စာတွေရေးနိုင်ပါစေ

Sonata Cantata said...

ခရစ္စတယ်နဲ့အတူ ဆုတောင်းသွားတယ်။
အထူး ဆုတောင်းမေတ္တာပို့ပါမယ်။

ခရစ္စတလ် said...

မမြသွေးနီ၊ အန်တီတင့်၊ miss jasmineနဲ့ အစ်မသီတာ>
အားလုံး စိတ်ပူအောင် လုပ်မိသလိုများ ဖြစ်သွားလားမသိဘူးနော်။ ဆုတောင်းပေးကြတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

မဒမ်ကိုး said...

ဟူးးး ဖတ်ရတာစိတ်မကောင်းစရာပဲ
ကမ္ဘာသူကမ္ဘာသားတွေ အားလုံးဘေးရန်ကင်းကြပါစေ

ညိမ်းနိုင် said...

အစ်မရေ....ရောက်သဗျ...၊ထိုင်းမှာ ရေအတော်ကြီးနေတာ
ပဲဗျနော်..၊စိတ်မကောင်းပါဘူးဗျာ....

ပိတောက် said...

ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆည်က ဘူမိဘော ဆည်ပါ၊ တာ့သ် ခရိုင်ထဲ မှာပါပါတယ်။ ဆရာလုပ်တာမဟုတ်ပါဘူး၊ ကျမ ဒီနှစ်ထဲ ရောက်သွားခဲ့ဘူးလို့ပါ၊ ပွင့်လင်းရာသီရောက်တော့မယ်၊ ရေ တွေ အမြန် ကျသွားစေချင်လှပါတယ်။

Crystal said...

လည်လည်လာကြတဲ့ မဒမ်၊ ကညိမ်းနိုင်နဲ့ ပိတောက်တို့ကို ကျေးဇူးနော်။

ပိတောက်ရေ ဆည်ကြီးတာ သေးတာ ခုချိန်မှာ အငြင်းမပွါးလိုပါဘူးကွယ်၊ လမ်းကြုံရင် ကချနဘူရီဆည်ကိုလည်း သွားရောက်လေ့လာစေလိုပါတယ် :)