သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, October 14, 2011

သမိုင်းတွင်မည့် ပြောင်မြောက်သော စကားလုံးများ

 ဓာတ်ပုံ-ဧရာဝတီ မှ ကူးယူသည်။
မီးဖို(meebo)မှာ ချက်တယ်
YPI၊    ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။

ဖြေ၊     အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ် သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့ ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ ကျွန်တော့်ကိုချတော့ ဗီဒီယို အက် ဆိုတာပါတယ်။ အဲဒီဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့ နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ ၊ ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား၊ ကျွန်တော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့တဲ့ ၊ ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ ကျွန်တော်မသိဘူး၊
ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်၊ မွတ်ဆလင်လုပ်မယ်၊ ဒီတော့ ဒီအမှုက သဘာဝမကျတော့ဘူး၊
နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီအင်တာနက် ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာဘယ်လောက်ကောင်းလဲ ဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။
အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြောတဲ့၊ thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူးတဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော် နေရတာ များတောင် များသေးတယ်။
ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊ ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊ ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။

YPI     အထဲမှာနေခဲ့တဲ့ အချိန်တွေကို ဘယ်လို ဖြတ်သန်းခဲ့ရလဲ။

ဖြေ      အထဲမှာတော့ ဒီလိုပါပဲ၊ အရင်တုန်းက အခြေအနေနဲ့ ခုအခြေအနေနဲ့ တော်တော် ကွာသွားပါပြီ၊ ဒီနေ့ ခေတ်က တော်တော် ပြုပြင် ပြောင်းလဲသွားပြီ။ အရင့်အရင် ခေတ်ကနဲ့တော့ တော်တော် တိုးတက်နေပြီ၊ အနီးဆုံး တိုးတက်မှုကို ပြောရရင် ကြိုက်သလောက် လမ်းလျှောက်ခွင့်ရှိတယ်။ တနေ့မှာ နှစ်ဆယ့်တနာရီရှိရင် အခန်းထဲမှာ ပိတ်နေရတယ်။ အခုတော့ ဆယ့်နှစ်နာရီလောက် လမ်းလျှောက်ခွင့် ရသွားပြီ။
YPI     ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ရော ဘယ်လိုတွေပေးခဲ့လဲ။
ဖြေ      အဲဒါတော့ အရင်ရောက်ခါစက သိပ်အဆင်မပြေဘူး၊ အခုနောက်ပိုင်း ဆရာဝန်တွေထားပြီ၊ အဲဒီမှာပဲ ဆရာဝန်တွေရှိတယ်။ ကျွန်တော်ဆို အဲဒီထောင်က ဆေးလာကုပေးတဲ့ ဆရာဝန်တွေရဲ့ ဆေးနဲ့တော်တော်တည့်တယ် လို့ပြောလို့ရမယ်။ ကျန်းမာရေး ဒီနောက်ပိုင်း တစ်နှစ် တစ်နှစ်ခွဲအတွင်းကောင်းပါတယ်။

YPI     နိုင်ငံရေး အရပြောင်းလဲမှု ရှိတယ်လို့ မြင်လား

ဖြေ      ပြောင်းလဲမှု ရှိသလားတော့ ပြောရင်တော့၊ ကျွန်တော့ စိတ်ထဲ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ မနေ့ကထိ ပြောင်းလဲမှု ရှိသလိုလို ထင်တယ်။ ဒီနေ့တော့ မထင်တော့ဘူး၊ ဒီနေ့ မနက် လူလွှတ်တဲ့ အပေါ်မူတည်ပြီး ကြည့်လိုက်တော့ ပြောင်းလဲချင်ရင် ဒီလိုမလုပ်ပါနဲ့ ဒါက တွန့်တိုလွန်းတယ်။ လွှတ်စရာရှိရင် လွှတ်လိုက်ပါ အားလုံး၊ ဘာဖြစ်လို့လဲ၊ သဘောထားကြီးပါ၊ အာဏာရှိတဲ့သူက သဘောထားကြီးပါ၊ အာဏာမရှိတဲ့ သူက ဘာလို့ သဘောထားမကြီးလို့ ရလဲ၊ သူက သဘောထား မကြီးသမျှကာလပတ်လုံး ကျွန်တော်တို့လည်း ဘယ်လို နားလည်ရမလဲ။ အဲတော့ ပြောင်းလဲချင်လား၊ တကယ်ပြောင်းလဲချင်တယ် ဆိုရင် အကုန်လွှတ်ပေးလိုက်ပါ၊
အကုန်လွှတ်ပေးလိုက်ပါလို့ ကျွန်တော်တို့က ပြောရင် နိုင်ငံရေးနဲ့ ကျတဲ့ကောင်မို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါလို့ ပြောတယ် ထင်မယ်။ မဟုတ်ဘူး၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်အပါအ၀င် အကုန်လွှတ်ပေးလိုက်ပါ။

YPI     အပြင်ပြန်ရောက်တော့ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ      လောလောဆယ်တော့ ယတိပြတ် မဆုံးဖြတ်ရသေးဘူး၊ နိုင်ငံရေးနဲ့ အနုပညာ အလုပ်က နကိုကတည်းက ကျွန်တော် ၀ါသနာပါတဲ့ အလုပ်ဖြစ်တာကြောင့်၊ ဒီအလုပ်နှစ်ခုကျွန်တော် လုပ်သွားမှာပါ။ အဲဒီအတွက် လောလောဆယ် ထပ်ပြီး ဦးစားပေးလို့ပြောရရင် ပထမ နိုင်ငံရေးပဲ၊ ဒုတိယက အနုပညာပဲ၊
--------------------------------------------၀၀၀------------------------------------

အိုင်ကျူ ငါးဆယ်ဆိုရင်
ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီး မကြာခင်မှာပဲ ဗွီအိုအေကို ဇာဂနာပြောတဲ့ နောက်ဆုံးဟာသ။

"အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တယ်။ အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ အိုင်စတိုင်းရေ၊ ကျနော်ကတော့၊ ကျနော့်ရဲ့အိုင်ကျူက ၁၈၀ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲ နှုတ်ဆက်ပြီး ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန် ဖိဆစ် (Quantum Physics) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့။
ကျနော်ကတော့ အိုင်ကျူ ၁၅၀ ဘဲရှိတယ် အိုင်စတိုင်း ဆိုပြီးတော့။ ဟာ ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။
နောက်တယောက် ထပ်ပြောတယ်၊ ကျနော်ကတော့ ၁၂၀ ဘဲ ရှိတယ်ဗျတဲ့။ ဟာ ခင်ဗျားနဲ့ ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။
နောက်ဆုံးလူကကျတော့ ထပြောတယ်၊ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင်ကျူ ၅၀ ဘဲ ရှိပါတယ်ဗျား။ ဟား..... ၀မ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့သလဲတဲ့။"

ဒါကတော့ အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားထောင်က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာက ရန်ကုန်မှာရှိတဲ့ သူ့နေအိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာဘဲ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ နောက်ဆုံး ဟာသ တခုဖြစ်ပါတယ်။
 ----------------------------------------------------၀၀၀--------------------------------------------
မြန်မာပြည်မှ ဆိုမာလီ
ဒီကနေ့ လွှတ်ပေးခဲ့တဲ့အထဲ အများစုက သာမန်အကျဉ်းသားတွေသာ ဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသား အနည်းစုသာ ပါဝင်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ယောက် ပါတယ်ဆိုတာ လောလောဆယ် အတိအကျ မသိရသေးပေမယ့် ၁၈၀ ကျော်လောက် ရှိမယ်လို့တော့ လောလောဆယ် သိထားရပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား၊ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်လာတာကိုတော့ တွေ့နေရပါတယ်။

စွယ်စုံ အနုပညာရှင် လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်၊ မစုစုနွေးတို့လည်း ပါဝင်လာကြပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်လွတ်လာချင်း ဆိုသလိုပဲ ဗွီအိုအေကနေ ဆက်သွယ် မေးမြန်းခွင့်ရခဲ့တဲ့ ကိုဇာဂနာ အပါအ၀င် ဒီကနေ့လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်ရှိသလဲ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်
မအေးအေးမာက တင်ပြပေးထားပါတယ်။
မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံထားရပြီး ဒီကနေ့မှာပဲ ပြန်လည် လွတ်မြောက် လာတဲ့ စွယ်စုံအနုပညာရှင်လူရွှင်တော်ကို
သူရ ခေါ် ကိုဇာဂနာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး  ပြောင်းလဲမှုကို ယုံကြည်လို့ မရသေးသလို နိုင်ငံရေးအကျဉ်းသားတွေဟာ ပြန်ပေးဆွဲခံထားရသူတွေနဲ့ တူတယ်ဆိုပြီး ပြောသွားပါတယ်။

"ကျနော် တခါတခါ စဉ်းစားမိတယ်၊ ကိုယ့်ကိုကိုယ် ဆိုမာလီ ပင်လယ်ဓါးပြတွေ လက်ထဲ ရောက်သွား သလိုပဲ။ ပြန်ပေးများ ဆွဲခံထားရတာလားလို့။ မပျော်ဘူး၊ အဲဒီလို ပြောရမှာပေါ့၊ စိတ်မချမ်းသာဘူး။ ဒါကြီးက ယုံရခက်ကြီးပဲ။ မယုံနိုင်တော့ဘူး။ကျနော် ပြောချင်တာကတော့လေ၊ ပြည်သူတွေရော နိုင်ငံရေး သမားတွေရော၊ ကျနော် ပြောချင်တာ တခုရှိတယ်။ နေတိုးလို မလုပ်ကြပါနဲ့လို့။ ပြေတည်ဦးလို လုပ်ကြပါလို့ အဲဒီလို ပြောချင်တယ်။

သဘောကတော့ဗျာ၊ နေတိုးဆိုတာက No Action၊ Talk Only တဲ့။ စကားတွေချည်းဘဲ ပြောမနေကြပါနဲ့၊ အလုပ်တွေ လုပ်ကြပါပေါ့။ ပြေတည်ဦး ဆိုတာကတော့ တိုင်းပြည်ကို တည်ထောင်ဖို့အတွက် ဦးစားပေးပြီး လုပ်ကြပါလို့။ ပြည်သူတွေကိုလည်း ပြောချင်တယ်၊ နိုင်ငံရေးသမားတွေကိုလည်း ပြောချင်တယ်။
ဒါ အစိုးရအတွက်လည်း ပြောချင်တယ်။"

ဒါကတော့ အောက်တိုဘာလ ၁၂ ရက်နေ့က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသပညာရှင် ကိုဇာဂနာက ထောင်ကထွက်ထွက်ချင်း ရန်ကုန်ကို ပြန်မရောက်ခင် မြစ်ကြီးနားမြို့မှာ ရှိနေစဉ်အတွင်း ဗီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တာပါ။
----------------------------------------------------၀၀၀------------------------------------------
အို ...ဒို့နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားရှိလို့လား :P
ယမန်နေ့တွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ၍ အကျဉ်းသား ၆ ထောင်ကျော်ကို ယနေ့ သီတင်းကျွတ်လပြည့်နေ့မှ စတင် လွှတ်ပေးခဲ့ရာ ထိုအထဲတွင် ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာလည်း ပါရှိသည်။ မြစ်ကြီးနားမှတဆင့် ရန်ကုန်သို့ လေယာဉ်နှင့် ပြန်လာခဲ့ပြီး ယခု နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သော ကိုဇာဂနာကို ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ပါသည်။
မေး။     ။ ထောင်ထဲမှာ ကိုဇာဂနာကို ကောင်းကောင်းထားရဲ့လား။ ညှဉ်းပန်းနှိပ်စက်တာတို့ ဘာတို့ကော ခံခဲ့ရလား။
ဖြေ။     ။ မဆိုးဘူးပြောရမယ်၊ အရင်ကထက် အများကြီးကောင်းလာတယ်။ ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) နဲ့တော့ မတွေ့ခဲ့ရဘူး။ နှိပ်စက်တာတို့ ဘာတို့ မရှိပါဘူး။ ဟိုးအရင် ၁၉၉၄ ခုနှစ်မတိုင်ခင် ကျနော်တို့ ထောင်ထဲရောက်တုန်းက ပုံစံနဲ့ အခုနဲ့တော့ အများကြီး ကွာသွားပါပြီ။ ကျနော်တို့ကို လေနဲ့တောင် မပစ်မှားရဲဘူး။
မေး။     ။ ကိုဇာဂနာ မလွတ်ခင်မှာ အစိုးရဘက်က လာညှိတာ ရှိလား။
ဖြေ။     ။ မရှိပါဘူး။ လွတ်မယ်ဆိုတာတောင် ဒီနေ့ မနက် အစောကြီး ၅ နာရီခွဲလောက်ကမှ လာနှိုးပြီးပြောလို့ သိတာ။ ကိုဇာဂနာ လွတ်ပြီ ဆိုပြီး လာပြောတော့ ကျနော်ကတောင် နောက်လိုက်သေးတယ်၊ ဘာလဲ စိတ်နဲ့ကိုယ်နဲ့ လွတ်တာလားလို့။
မေး။     ။ ထောင်ထဲမှာ ဂျာနယ်တောင် ဖတ်လို့ရတယ်ဆိုတော့ ကိုဇာဂနာ လွတ်ပြီဆိုတဲ့ သတင်းတွေ တကယ် မကြားရဘူးလား။
ဖြေ။     ။ မကြားရဘူးဗျ။ မနေ့ကတော့ ရေဒီယို နားထောင်ရတယ်လေ။ မနေ့က FM မှာ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်ဆိုပြီး ကြေညာတာတော့ သိတယ်။ ဒါပေမယ့် အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကျနော်တို့ မပါဘူးလို့ပဲ ထင်နေတာပေါ့။ ဂျာနယ်တွေဖတ်ရတဲ့ထဲမှာလည်း အဲဒီလို သတင်းတွေ မပါဘူးလေ။
မေး။     ။ အခု လွတ်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်မယ် စဉ်းစားထားလဲ။
ဖြေ။     ။ ကျနော်မှာတော့ ကျနော့်ရဲ့ နဂိုလုပ်ထားတဲ့ အစီအစဉ်ရှိတယ်။ ကျနော့်ခံယူချက်က နိုင်ငံရေးနဲ့ အနုပညာဆိုတာ တွဲနေတာ ဆိုတော့ ကျနော် အဲဒါပဲ ဆက်လုပ်ရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ၁၉၈၈ ခုနှစ်တုန်းက ပါတီစုံ ဒီမိုကရေစီ ရရှိရေး ဆိုပြီး တောင်းခဲ့ကြတာကိုး၊ အဲဒီလို တောင်းခဲ့ပြီးတော့ ကျနော်တို့တောင်းဆိုခဲ့တာတွေ အခု ပြည့်စုံပြီလားလို့ ကျနော့်ကိုယ် ကျနော် မေးကြည့်လိုက်တဲ့ အခါကျတော့ မပြည့်စုံဘူး ဆိုတဲ့ အဖြေပဲရတယ်။ ပါတီစုံဒီမိုကရေစီ မဖြစ်သေးဘူး၊ ဒီမိုကရေစီ ဆိုတာလည်း စစ်စစ်မှန်မှန်မရသေးဘူး။ အဲဒီအချက် နှစ်ချက်ကို ကျနော် စဉ်းစားမိတဲ့အတွက် အနုပညာနဲ့ နိုင်ငံရေး တွဲပြီး ဆက်လုပ်ရဦးမယ်လို့ ပြောတာပါ။
မေး။     ။ မြန်မာပြည် ပြောင်းလဲနေပြီ၊ ဖွံ့ဖြိုးတိုးတက်နေပြီလို့ ကာ့တ် ကမ်းဘဲလ်ကလည်း ပြောတယ်၊ EU ကလည်း ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့တွေ့တာကိုလည်း နိုင်ငံတကာက ထောက်ခံကြတယ်။ ကိုဇာဂနာက ထောင်ထဲကနေပြီး အဲဒီလို ပြောတာတွေ ကြားရတော့ ဘယ်လိုခံစားရလဲ၊ ဘာပြောချင်လဲ။
ဖြေ။     ။ မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ယုံချင်သလိုလိုပဲ။ အဲဒါပြီးတော့ ဒီနေ့မနက်ကစပြီး မယုံတော့ဘူး။ တကယ် မလိုလားဘူး ကျနော်ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။ ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။
ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။ လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုးတောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
မေး။     ။ ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဖြေ။     ။ ကျနော်က နိုင်ငံရေးအကျဉ်းသားလို့ မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား
--------------------------------------------------၀၀၀---------------------------------------
စတုတ္ထ မဏ္ဍဍိုင်က ဘာကြီးလဲ မှတ်တယ် ....
နိုင်ငံတော် သမ္မတက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် သွားတယ်ဆိုရင် အခု ပုံစံထက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေး သင့်တယ်လို့ အကျဉ်းထောင်က ထွက်ထွက်ခြင်း ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။အခု ပုံစံက နိုင်ငံကျော် ရော့ခ် အဆိုတော် လေးဖြူကို ကလေးသီချင်း ဖြစ်တဲ့ ရောင်စုံ ဘောလုံး သီချင်းကို ဆိုခိုင်းသလို လေဖြတ်နေတဲ့ သက်ကြီး အမျိုးသမီးကို မိတ်ကပ်လိမ်းပြီး အရပ်ထဲ လွှတ်သလို ဖြစ်နေတယ်လို့ ဥပမာ ဥပမေယျတွေနဲ့ ထိထိ ရောက်ရောက် ဝေဖန် ပြောကြား ပါတယ်။သူ့အနေနဲ့ သမ္မတကို ပြောခွင့်ရမယ် ဆိုရင်တော့ သူတို့တွေဟာ သမ္မတ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အဖမ်းခံထားရတဲ့ သူတွေ မဟုတ်တဲ့ အကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံးကိုလည်း ကလေးဆန်ဆန် အငြင်းပွား နေတဲ့ သူတွေ မဟုတ် ကြောင်း ပြောလိုပြီး အခုတော့ သူ လွတ်လာပေမယ့် သူငယ်ချင်းတွေ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်လို့ စိတ်မကောင်းကြောင်း ပြောပါတယ်။တခြား Media Player ဖြင့် ဖွင့်ပါလွတ်လပ်ခွင့်တွေ ပိုရတော့မလား၊ ပြောရေးဆိုခွင့်တွေ သာလာနိုင်မလားလို့ ဘီဘီစီက မေးတာကိုတော့ ပြောခွင့်ရနေတယ်လို့တော့ သူကြားတဲ့အကြောင်း၊ သတင်းစာတွေထဲမှာလည်း စတုတ္ထ မဏ္ဍဍိုင် ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးထားကြောင်း၊ ဒါပေမဲ့ စတုတ္ထ မဏ္ဍဍိုင်က ဘယ်သူများလဲလို့ သေချာ စေ့ငုလိုက်တော့ ပြန်ကြားရေးဝန်ကြီး ဖြစ်နေတာ တွေ့ရတယ်လို့ ကမ္ဘာကျော် မြန်မာ့ လူရွှင်တော်ကြီးက အကျဉ်းထောင်က ထွက်ထွက်ခြင်း အစိုးရကို သရော်ခဲ့ပါတယ်။ဒီကနေ့ သူတို့ကို လွှတ်တာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် သက်သက်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးမှုနဲ့ ပြန်ဖမ်းဆီး ထောင်ချလို့ ရတဲ့ ၄၀၁ ကိုလည်း အကြောင်းပြချက်နဲ့ ထည့်ထားတာကို လွှတ်ဝရမ်းထဲ တွေ့ရတယ်လို့ ဇာဂနာက ဘီဘီစီကို ပြောပါတယ်။

(မှတ်ချက်။    ။ ဘဝဆိုဒ်ရဲ့ သတင်းလင့်များမှ အားလုံးကို စုစည်း၍ ကူးယူဖေါ်ပြထားပါသည်။)
“လေးစားလျှက်ပါ ဦးဇာ”
ခရစ္စတလ်

6 comments:

...အလင်းစက်များ said...

မိုက်တယ်ဗျာ....... ပြတ်သားတယ်။ ဖတ်ရင်းကို သဘောကျသွားတယ်။

စံပယ်ချို said...

အခုလိုမျှဝေတာကိုကျေးဇူးတင်ပါတယ်ဂျက်လဲခုမှ
သိပြီးဖတ်ရလို့ပါ။သတင်းတွေမဖတ်တာကြာပြီလေ
ပြောတဲ့စကားလုံးလေးတွေလှတယ်နော်။

မိုးယံ said...

ဟွန့်..ဟွန့်...

ထိမိ ပြတ်သားလှတဲ့ ကိုသူရယ်.. လေးစားပါတယ်။ ..အဲသဟာ ကို မီဒီယာကို မီဒီယာနဲ့ တိုက်မဟဲ့ ဆိုတဲ့ ချိန်းဘရီးတို့က ပေါက်ကရမေးလ်တွေ ၀င်ဝင်လာတာကို ဖတ်ပြီးရယ်လိုက်ရတာ ဖတ်ဖတ်မောကွယ်။

ခရစ္စတလ် said...

လင့်တွေနဲ့အတူ ဝင်မန့်မေးကြတဲ့
မောင်နှမသုံးဦးကို အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ။

မေသိမ့်သိမ့် ကျော် said...

ဖတ်သွားတယ်။ တကယ်သေချာဖတ်ပြီး တွေးစရာတွေက အများကြီး။ နောက်ရွှတ်ရွှတ်ပြောတတ်ပေမယ့် သူ့စကားတွေနောက်မှာ အဓိပ္ပာယ်တွေအများကြီးကို ရှိနေတယ်။


ခင်တဲ့
မေသိမ့်

ခရစ္စတလ် said...

တကယ့်အမှန်တရားတွေအတွက် အားလုံး ကိုယ်စား ပြောပေးလို့ ကျေးဇူးတင်နေရတာပေါ့။