သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, November 17, 2011

တိုလီ ထွာလီ ......

 အပိုင်း(၁)
တိုးရာသီနီးလာပြီမို့ ဧည့်သည်တွေက ထိုင်းကိုလာလည်ချင်နေကြပြီ၊ ထိုင်းမှာ ရေတွေကလည်း ကြီးနေ၏။ တားပါသော်လည်း စီစဉ်ပြီးပြီ မဖျက်လိုဟု ဆိုကာ ဘယ်တော့ ရေကျမည်လဲ မေးကြ၏။ မမယင်လတ်ကလည်း မပြောနိုင်၊ ခရစ္စတလ်သည်လည်း အကြားအမြင်မရသဖြင့် ပြန်လည်မဖြေကြားနိုင်ပေ။ ထို့ကြောင့် အကျွန်ုပ်စိတ်ဝင်စားသော ဝိပဿနာလမ်းကြောင်းအပြင် သမထကျင့်စဉ်များ မကျင့်ထားမိတာ နာသကွယ်ဟု တွေးမိနေ၏။

သတင်းမေးသောသူများလည်း မောသွားကြပြီထင်၊ ရေကြီးလာပြီလားဟု သိပ်မမေးကြတော့ပေ၊ အမှန်တော့ ခရစ္စတလ်သည်လည်း ခေတ်မီလို၏။ ရေတွေ ဘယ်လိုကြီးတာ ဘယ်လိုဓာတ်ပုံတွေ ရိုက်ပြီး ပြလိုက်မည်ဟု စိတ်ကူးတွေ ယဉ်ထားသမျှ သဲရေကျတော့၏။ သို့ပေသည့် ရေသည်ကား အကျွန်ုပ်တို့ ခရိုင်တွင်းရှိ အလုပ်သမားများနေထိုင်ရာ စပါးကြီးမြွေကြီးများ အလွန်ပေါသော အရပ်သို့ အမှတ်မထင်ဝင်လာလေ၏။ အတူနေ အစ်မက ဓာတ်ပုံသွားရိုက်မယ်ဆို သွားရိုက်ချင်ရိုက်လေဟူ၏ သို့သော် သို့သော် မျက်စိထဲတွင် ပေါင်လုံးခန့်ရှိသော မြွေကြီးများကို ပြေးမြင်မိလေသောကြောင့် စပ်စုလိုသော စိတ်များကို မြိုသိပ်ခါ အိမ်နားသို့ ရေမရောက်လာသော်လည်း အိမ်ပေါ်မှ အိမ်အောက်သို့မဆင်းတော့ပေ။

ထိုထိုသော ကိစ္စများကြောင့် ဂူအောင်းနေရသောအခါ စိတ်နှင့်ရုပ်အား အလုပ်ပေးလိုသောကြောင့် ရတနာသုံးပါးထံသို့ အာရုံများ ညွှတ်ထားလေ၏။ အယုဒ္ဓယသို့ ရေဝင်ရောက်စဉ်ကတည်းက မနက်ငါးနာရီဆို ဘုရားရှိခိုးလေ၏၊ မတော် သေခဲ့သော ဒီကုသိုလ်လေးပဲ ပါမည်ဟု ယူဆကာ ကုသိုလ်စုဆောင်းခြင်းအလုပ်ကို လုပ်၏။ ဘန်ကောက်မြို့တွင် နေထိုင်သော ဘလော့ဂါ ကြောင်ဖြူများရှင်ကား စာတွေ ကြိုးစားနေသည်ဟု အတင်းရ၏။

တဖန် အားနေသော အချိန်များကို မုန့်လုပ်နည်းများကို မေးမြန်း(ဖုန်းဆက်ပြီး အမေထံသို့မေး၏)၍လည်းကောင်း၊ ချောဆိုသော မိန်းကလေးကို အားကျ၍ တနည်း နက်ထဲမှ ရှာဖွေဖတ်ရှုပြီးသကာလ အောက်တွင်တွေ့ရသော မုန့်ကို အလွန်ခက်ခဲစွာ ပြုလုပ်လေ၏။

ပူတင်းမုန့်ဆွမ်း ဘုရားဆွမ်းတော်ကပ်၏။
ပူလာတဲ့အခါ တင်းသွားလို့ ပူတင်းခေါ်တာနေမှာပါ။

 ဗူးလေးထဲမှာ ဇွန်းဖြင့် ကလော်ထားသော မလှလော။
အစားကောင်းလေးများစားရလျှင် အမေ့ကို သတိရ၏။ 
လူကြီးတွေအတွက် ကြက်ဥနှင့် နွားနို့ချည်းသက်သက် ကျွေးရလျှင် 
အားလည်းရှိ၊ ကျန်းမာရေးနှင့်လည်း ညီညွှတ်၏။ 
မနက်စောစော ထမင်းမစားချင်သောသူများအတွက်လည်း
ကော်ဖီဖြင့် တွဲဖက်သုံးဆောင်လျှင် အလွန်သင့်လှပေ၏။
မိနစ်နှစ်ဆယ်လောက်တော့ အချိန်ပေးရမည်။

 ညီမငယ်တယောက် ဟိုတလောက အင်္ကျီလိုက်ဝယ်ပေးဖို့ ခေါ်သောကြောင့် လိုက်ဝယ်ပေး၏။
အဝတ်အထည်များသည် အလွန်လှပေ၏။ သို့သော် ကိုယ့်အရွယ်နှင့်ဆို မလိုက်ဖက်တော့ပေ။ 
အနိစ္စပါတကား။ 
ထိုသူကလည်း ဖဘတွင် ထောက်ခံလေ၏။

 သစ်ခြောက်ပင်နှင့် ကောင်းကင် ယှဉ်တွဲ ဓာတ်ပုံရိုက်မည်ဟု ကင်မရာ ချိန်လိုက်စဉ် ဘွားကနဲ ပေါ်လာသော ဟက်စ်ကီးကြောင့် ရင်ခုန်သွား၏။
သူ့ကို ဓာတ်ပုံလှမ်းရိုက်လို့ နာ့ကို လှမ်းပစ်လိုက်ရင် ဒွတ်ခ။

ယခုနေထိုင်သော အခန်းမှ ကြည့်လိုက်လျှင် ကောင်းကင်ကြီး ပသာဒဖြစ်စွာဖြင့် နေတိုင်းမြင်တွေ့နိုင်၏။ လွမ်းတတ်သူများဆိုလျှင် တစိမ့်စိမ့်ကြည့်ကာ လွမ်းကြမည်ထင်၏။ မိမိစိတ်ကို ပြန်မေးသော စိတ်က ရလဒ်အဖြေထုတ်ပေး၏၊ အဖြေကား ခံစားမှု လေဟာနယ်ဟူ၏။

 ထိုမှ တဖန် ရှေ့ဆက်ရလျှင် တိမ်သားတွေ အလိပ်လိပ် တက်လာတိုင်း ထိုသူအတွက် ဓာတ်ပုံပို့ပေးရန် သတိရ၏။ အခု ရိုက်နေချိန်မှာ လေတိုက်နေသောကြောင့် တိမ်တို့ လေယူရာ တိမ်း ယိမ်းကြပြန်၏။ “လွမ်းစရာ့ သစ်ပင်ပါပဲလေ” ဟု ပြောလေမလား.......

ထိုသူလေးတို့တတွေ စားသောက်သော နေရာတချို့ကို ရောက်ဖူးခဲ့၏၊ သို့သော် သူတို့လည်ပတ်ကြသော နေရာများကိုကား မရောက်ဖူးခဲ့ချေ။
ထို့ပြင် သူတို့ ပြောနေကြသော နှင်းဆီအကြောင်းလည်း ဘာမှန်းမသိ၊ 
ကလေးတွေရဲ့ အထာ မလိုက်နိုင်မှန်းသိသော် ငါအိုပြီဟု သတိရ၏။
ထို့ကြောင့် ဤပုံလို အသာချောင်းရုံ ချောင်း၏။ 

ရန်ကုန်မှာ နေစဉ်ကပင် သင်တန်းများမှ သူငယ်ချင်းများနှင့် အမိတက္ကသိုလ်ကျောင်းတော်ကြီးမှ သူငယ်ချင်းများကို ရောထွေးတတ်၏။ ရင်းနှီးလွန်းသော သူငယ်ချင်းများမှ လွဲ၍ ကျန်သူများကို နာမည်ပါ မေ့ကုန်၏။ မိမိ၏ အားနည်းချက်ဖြစ်လေ၏။ တစ်စုံတယောက်က မိတ်ဆက်ပေးလျှင်လည်း နာမည်ကို ခဏတွင်းပင် မေ့သွားလေ၏။ သမ္မတဘုရှ်ကို သတိရ၏။ ယခုအခါ ဖဘတွင် နတ်သမီး၏ သီချင်းသရုပ်ဖော်မှုများကို တွေ့သောအခါ သိသလိုလို ခံစားလာရ၏။ ဘယ်မှာ စကားပြောမိဖူးပါလိ့မ်ဟု ဘယ်လိုမှ မစဉ်းစားတတ်တော့ချေ။ သူမ၏ အဒေါ်များနှင့်လည်း စကားပြောဖူးသလိုလို ဟိုလိုလို ဒီလိုလိုသာဖြစ်၏။ ဘာမှ မမှတ်မိ။ မှတ်ဥာဏ်များ ချို့ယွင်းနေပြီထင်၏။ 

ဆာရာဘူရီမြို့က အီတလီကျေးရွာပုံစံတူ အပန်းဖြေစရာနေရာလေး တစ်ခုဖြစ်ပါ၏။
ထိုမြို့လေးကို ညွှန်းဆိုသော ပိုစ့်ရေးသားသူကို  ကျေးဇူးတင်ရမည်။
သူ့ကြောင့် အတိုင်အဖောက်ညီသော ထိုသူနှင့် ခရီးသွားဖြစ်ခဲ့၏၊ 
သူကိုယ်တိုင် ပိုစ့်ရေးမည်ဆိုသောကြောင့် စောင့်စားနေရ၏။

အတိတ်ဆိုတာ ပစ္စုပ္ပန်မှာ အသုံးမဝင်တော့ပေ၊ နို့ပေမယ့် တိုက်ဆိုင်စရာအကြောင်းများရှိလျှင်တော့ တရစ်ဝဲဝဲ။ 
သူမ ခရီးထွက်သော ပုံများကို တင်ထားသောအခါ လွန်လေပြီးသော ရွှေရောင်လွှမ်းခဲ့သည့် အတိတ်များဆီ။ 
ရန်ကုန်က စက်ထဲမှ ဓာတ်ပုံများကို စီဒီခုတ်လာ၏၊ ယခု ပြန်ထုတ်ကြည့်မိလေ၏။
ဝေးခဲ့ပြီးသော ကာလများပါပေ။ 

 မကြာသေးခင်က အခန်းကို အလည်လာသွားတဲ့ ကြောင်မလေး။ အခုတော့ ဘယ်ရောက်နေလဲမသိ။

ကြောင်ဂိုဏ်းများအတွက် အမှတ်တရရေးနေသော သူမကို ကျေးဇူးတင်မိ၏။ ကိုယ့်အိမ်မှ အချစ်တော်လေးများအကြောင်း ရေးချင်မိ၏ သို့သော် အနည်းငယ်ပျင်းနေ၏ စိတ်နှစ်ပြီး စာရေးလို့မရ၊ စိတ်သည် တခါတရံ ဤသို့ ဖြစ်တတ်ချေသေး၏။

ထိုအရောင် ကြောင်လေးကို လိုချင်ပါသည်ဟု ဆို၏ ကျွန်တော်လာရင် ဒီကြောင်မျိုး လိုက်ဝယ်ပေးရမည်ဟု တောင်းဆိုသော ထိုသူကလေးလည်း ပိုစ့်တွေ ထပ်မရေးသည်မှာ ကြာလေ၏။ ကြောင်မလေး လိုက်ဖမ်းနေပြီလားမသိ။ 
ခမာပြည်ရောက်တိုင်း လိုအပ်သည်များကို အစ်ကိုကြီးသဖွယ် စိတ်ပူစွာ မှာသည်မှာ မဆုံးတော့ချေ :D

ခမာပြည်နဲ့ ပတ်သက်လျှင် အားတက်သရော ကူညီပေးကြတဲ့ သူတို့စုံတွဲ လေးကိုလည်း ကျေးဇူးတင်ရ၏။ 

ဝါခေါင်လဖွားခြင်းတူတဲ့ အစ်မထံ ဒီတခါ ခမာပြည်သွားရင်ဖြင့် လမ်းကြုံအောင် ဝင်မည်ဟု တွေးထားပါ၏။ အိမ်ရှင် မျက်ခုံးများ လှုပ်နေရှာရော့မည်ထင့်။ 

သတ္တဝါလေးတွေ အလွန်ချစ်တတ်ပါသော အကျွန်ုပ်သည် ဒီနေရာလေးမှာလည်း ပီဂျီလေးအကြောင်း သွားသွားချောင်းရ၏။ အပျိကြီးမဟုတ်သော်လည်း သတ္တဝါလေးတွေကို ချစ်တတ်ပါ၏။ 
တခါတခါ မျက်စိလည်ပြီး ရောက်ရောက်လာတတ်တဲ့ သူ့ ဆီလည်း စာဖတ်သွား၏။ အသစ်တင်သမျှ ဆိုက်ဘားလေးမှာ ပိုစ့်တက်လာရင် သူ့  ထံ စာသွားဖတ်၏။
 သူ့ ဆီလည်း တိတ်တိတ် စာဖတ်သွား၏၊ သို့သော် သူတို့ သိ၏။ ခြေသံ မလုံသောကြောင့် ဖြစ်မည်။ မြန်မာပြည်က ပုံရိပ်တွေ သတိရမိတော့ အန်တီ့နေရာလေးကို ရောက်ရောက်မိပြန်၏။

ရန်ကုန်မှာ နေတုန်းက မနက်မိုးလင်းလျှင် သတင်းစာဖတ်၏၊ အခုတော့ မနက်မိုးလင်းလျှင် ဆိုဒ်ဘားမှ လင့်များကို အသစ်ဘာတွေ တင်သလဲဟု ကြည့်၏ ဖတ်၏ ဘလော့ အလည်ထွက်၏။ ဆိုဒ်ဘားမှာ လင့်ချိတ်ထားတဲ့ မိတ်ဆွေများထံ အသစ်တင်တိုင်း ရောက်ပါ၏။ ဘလော့တွေမှာရော ဖဘမှာပါ ကိုယ်နဲ့ မဆိုင်သောအကြောင်းအရာများကို ဝင်မရှည်မိစေရန် မိမိလက်ကို ကွန်ထရိုးလုပ်နေရသေး၏။ သူများမကြိုက်မှာ စိုးပါသည်။ :(((

ဘလော့ပိတ်သိမ်းသွားပြီဖြစ်သော ကိုလူထွေးသည် ထိုအကြောင်းများ ဇွဲကောင်းကောင်းနှင့် ရေးနေစဉ်တုန်းက အားပေးခဲ့ဖူး၏။

ထိုထိုဤဤအကြောင်းများ ရေးရခြင်း၏ ရည်ရွယ်ချက်မှာကားးးးးးးးးးးးးးးး
မိန်းကလေးအများစုသည် ခန္ဓာနှင့်ရင်းနှီးကာ တစ်စုံတရာ လက်ခံရယူရသော မိန်းကလေးအပေါ်၌ အထင်မြင်သေးများခြင်းရှိကြပါ၏။ ထို့ပြင် မိမိချစ်သူ လင်ယောက်ျားများနှင့် ပတ်သက်ဆက်နွယ်ခဲ့ကြပါလျှင် ပိုဆိုးတော့၏။ သို့သော် ပြဿနာဇစ်မြစ်ကိုကား  မရှာကြပေ။ ဒါက တကိစ္စဖြစ်ပေ၏။
မြန်မာနိုင်ငံတွင် မြို့နေလူထုထက် ကျေးရွာနေလူထု ပိုများသည်ကို အများသိပြီးဖြစ်၏။ လူနေထူထပ်သော ကျေးရွာမြို့ငယ်လေးများရှိ အိမ်ထောင်သည်အမျိုးသမီးအများစုသည် ရောဂါရမှန်းလည်း မသိကြ၊ ကျန်းမာရေး ဗဟုသုတများလည်း အလှမ်းဝေးကြကုန်၏။ မြန်မာလူမျိုးတို့၏ စရိုက်အရ ထိုကိစ္စများကို အရှက်တရားအောက်တွင် ထားလိုက်ဘိသောအခါဝယ် မဖြစ်သင့် မဖြစ်ထိုက်သည်များဖြစ်ကုန်ကြ၏။ မြန်မာနိုင်ငံတွင်း ကယ်ဆယ်ရေးအဖွဲ့အသီးသီး၏ ဦးတည်အုပ်စုတွင်လည်း မပါဝင်၊ နိုင်ငံတော်၏ အလေးထားဆောင်ရွက်မှုများမှာလည်း ထိရောက်လှသောကြောင့် ထိုနှစ်ဝတွင် လစ်လပ်လျှက်ရှိပေ၏။ ဗဟုသုတလည်း နည်းပါး၊ ယောက်ျားများ၏
 များများမသိတာကောင်းသည် ဟူသော လွဲမှားတဲ့ အတ္တများ အယူအဆများအောက်တွင် အိမ်ထောင်သည်မြန်မာအမျိုးသမီးများစွာတို့ အသက်များ စတေးရပြန်၏။ ထိုထိုသော အကြောင်းများကို မျက်ဝါးထင်ထင် တွေ့မြင်မိသောအခါ ကိုယ့်ထမင်းကိုယ်စား၍ လျှာအလွန်ရှည်သော အကျွန်ုပ်သည် ပိုစ့်ရေးကာ ထင်ရှားစေဖို့ ကြိုးစား၏။ ဇာတ်ကို ခဏနားကာ မိန်းကလေးတွေ လာဖတ်လျှင် လွတ်ကောင်းမည်ဟု တွေး၏၊ ကောင်မလေးတွေ စိတ်ဝင်စားအောင် ဘယ်လိုလုပ်ရမည်မသိ။ သို့နှင့်ပင် တခန်းရပ်သွားသော ပိုစ့်များဟုသာ နာမည်တပ်ရတော့မည် ထင်၏။

ထိုထိုသော အကြောင်းအရာများက တိုလီ ထွာလီ ပိုစ့်ဖြစ်လာ၏။ အမျိုးထဲ ယခု နောက်ဆုံးမျိုးဆက်လေး တစ်ဦး အကျွန်ုပ်နှင့်တူသည်ဟု ဆို၏။ ယခုခေတ်ကာလတွင် မိန်းကလေးဖြစ်လာရသဖြင့် အကျွန်ုပ်မှာ စိတ်မောနေ၏။ ခေတ်ကာလအရ ဒါက တစ်မျိုး။ ဘာသာရေးအရကြည့်လျှင် သမုဒယတစ်မျှင်တိုးသောအခါ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ဘုရားလောင်းကို သတိရမိပါ၏။ နန်းတော် ဥယျာဉ်ထဲတွင် နိမိတ်ကြီးလေးပါးမြင်ပြီး ပြန်အလာ သားတော်ရာဟုလာလေး ဖွားမြင်တော်မူခိုက်နှင့် ကြုံ၏။ ထိုအခိုက် ဘုရားလောင်းစိတ်ထဲတွင် ဖြစ်စဉ်ကို အမှန်အတိုင်းပြောရလျှင် သဘောမကျဖြစ်ခဲ့မိဖူး၏။ မိမိမြတ်နိုးတော်မူလှသော မိဖုရားမှ ဖွားမြင်လေသော သားတော်အပေါ် စိတ်မောမှုကို နားမလည်ခဲ့ပါချေ။ ယခုအခါတွင် တူမလေးရရှိချိန် ရန်ကုန်မှ ဓာတ်ပုံများ ပို့လာသောအခါ သမုဒယတွေ တိုးပြန်ပေါ့ဟု သက်ပြင်းများ ချမိသည်နှင့် တပြိုင်နက် ဘုရားလောင်းကို ကိုယ်ချင်းစာမိပါတော့၏။ လငပုပ်ဖမ်းတာ စိတ်အစဉ်ကို ဖြစ်မှာပေါ့ဟု ဥာဏ်လေး တစ်ထွာတစ်မိုက်တွေးမိပါ၏။
တွေးရကောင်းလား အပြစ်တင်လျှင်လည်း ခံရပါတော့မည်၊ သို့သော် တွေးမိပြီးပြီ။
အပိုင်း(၂)တွင် ဘာသာရေးအကြောင်း ဇောင်းပေးရေးမည်ဟု ကြံရွယ်မိ၏။
လင့်ပိုင်ရှင်များကို ကြိုတင်ခွင့်မတောင်းပဲ လင့်ထားမိပြန်ပါတယ် ခွင့်လွှတ်ကြမယ်လို့ ထင်ပါတယ် :)))

လေးစားစွာဖြင့်
ခရစ္စတလ်

16 comments:

မေသိမ့်သိမ့် ကျော် said...

တူမလေးက ချစ်စရာလေး။း)

ခရစ္စတလ် said...

သိမ့်ရေ-ဒါလေး ကြီးလာရင် ထိန်းရမှာ အခက်ကွဲ့ :)

ညိမ်းနိုင် said...

ဘယ်မှာတုန်း....တိမ်ပုံ.....:) သတိတရ ထည့်ရေးတာ
ကျေးဇူးတင်ပါတယ်..၊ကလေးလေးကချစ်စရာလေးဗျ
နော်....။

PhyoPhyo said...

်မုန့်ပုံလေးမြင်တာနဲ့ ဒီကိုတန်းရောက်လာတာ၊ ပူတင်းကြိုက်တယ်၊ စားကောင်းမယ့်ပုံလေးရယ်၊
လူကြီးတွေနဲ့ ပူတင်းဆိုတည့်တာပေါ့၊ အဖေဆို ပူတင်းကြိုက်တယ်၊ link လေးတွေ လိုက်ထောက်ကြီးရင်း ဘယ်သူတွေပါလိမ့်နဲ့ နောက်တော့ ကိုယ့် link ပါတွေ့တော့တာကိုး။ ချောင်းနေတဲ့ကြောင်လေး သဘောကျလိုက်တာ။ fb မှာ ခရစ္စတယ်ကို သိသေးဘူး။ လိုက်ရှာဦးမယ်။ :)
အဒေါ်မမှီတဲ့ တူမချောချောလေး (အရပ်)

jasmine(တောင်ကြီး) said...

ပူရင်တင်းနဲ့ ပူတင်းရယ် ကြောင်လေးတွေရယ်
ချစ်စရာ အလွန်ကောင်းတဲ့မီးမီးလေးရယ်
အားလုံးကိုကြိုက်တယ်...
ပုံတွေအားလုံးလှတယ်
ကလေးကအရမ်းချစ်ဖို့ကောင်းတယ်
ချစ်ချစ်ခင်ခင် jasmine

ဘုန်းဘုန်းတောက် said...

အဲဒါကြောင့် ပူတင်းလို့ ခေါ်ရတာလား။ ရန်ကုန်မြို့ စာသင်တိုက်တစ်ခုမှာ နေစဉ်တုန်းကပါ့။ ကိုယ်တော်တစ်ပါး အပြင်သွားတော့ နောက်တစ်ပါးက ပူတင်းမုန့်မှာတယ်။ ပူတင်းဆိုတဲ့နာမည်ကို မေ့မှာစိုးလို့ အဲဒီနေ့က နေတော်တော်ပူလို့ နေအတင်းပူတာကို မှတ်ထားလိုက်မိတယ်။ ဆိုင်ရောက်တော့ နေတင်းမုန့်ရှိလားတဲ့။ ပုံပြင်လေးက ဒါပါပဲကွယ်...

မအိမ်သူ said...

အဲဒီပူတင်းလေးနဲ့ ဖာလူဒါလုပ်စားရရင်ကောင်းမယ်။ ဒီအိမ်ရှင်က ဧည့်မျှော်တတ်ပါတယ်။ ရောက်ရင် အကြောင်းကြားလိုက်..း))
ကလေးလေးကလဲ ချစ်စရာ ကြောင်ကလေးတွေကလဲ ချစ်စရာ... သစ်ခြောက်ပင်ရှုခင်းကတော့ အကြိုက်ဆုံးပဲ...သဘာဝပတ်ဝန်းကျင်ကို ခံစားတတ်တာချင်းတူနေပြီ..း)))

ရွာဦးကျောင်း ဆရာတော် said...

အဲဒီ ကလေးက ငါကိုယ်တော် မင်္ဂလာဆောင်ပေးထားတဲ့ စုံတွဲရဲ့ ရင်သွေးကလေးများလား

Crystal said...

ကိုညိမ်းနိုင်၊ ဖြိုးဖြိုး၊ ဂျက်၊ ဘုန်းဘုန်းတောက်၊ အစ်မ မအိမ်သူ၊ ကွန်မန့်လာရေးပေးတာ ကျေးဇူးနော်။

ရွာဦးကျောင်းကိုယ်တော်ဘုရား-မဟုတ်ပါဘူး ဦးဇင်းရေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီပိုစ့်ရေးတဲ့စတိုင် ရေလည်ခိုက်သွားပြီ..
အချိန်လေးရရင် အဲသလိုလေးများများရေးဦးနော်
ဖတ်ရတာ သဘောကျတယ်.. စာရေးဟန်ကို သဘောကျတာ..
ပူတင်းကို အဓိပ္ပါယ်ဖွင့်ဆိုချက်ကလည်း မိုက်မှမိုက်..
ဒါနဲ့ စကားမစပ် ပူတင်းဖုတ်တာ တော်တော်ခက်မှာနော်. ဒီလောက်ခက်ခက်ခဲခဲဖုတ်လိုက်ရတာ ပင်ပန်းသွားပုံရတယ် ဟိဟိ...
အပြာရောင်ကောင်းကင်နဲ့ သစ်ခြောက်ပင်အိုတို့ တအားလှတယ်..
ဟတ်စကီးပါ ပါလိုက်တာ သဘာဝကိုကျနေရော..
ဖေ့ဘွတ်မှာ တိတ်တိတ်လေးမနေနဲ့. အသံလေးထွက်ပြီး သီချင်းလေးဘာလေးဆိုဦး :P

Crystal said...

စိတ်လေး နဲနဲ ငြိမ်တုန်း ရေးလိုက်တာ :)))

ကွန်မန့်လေးတွေ ဖတ်ရတော့ ပျော်ထာနော်။
ချောရေ ကျေးဇူး။

...အလင်းစက်များ said...

ပထမဦးစွာ........ အဟမ်း အဟမ်း။ ဟိးဟီး အစ်မရဲ့ ဆိုဒ် ဒီဇိုင်းပြောင်းသွားတယ်ဗျ။

ကျနော် စာဒွေကျိုစားနေတယ်လို့  ဘယ်လို ခန့် မှန်း ရသတုန်း။ ဟီး။ ဒီလိုပါပဲဗျာ။

မဖြိုးဆီမှာ ပီဂျီလေး ကို သွားသွား ချောင်းတာတော့ အတူတူပဲရယ်။ အစ်မ မအိုသေးပါဘူး။ ချောင်းမကြည့်ပါနဲ့ လို့ ဗျား။

ခင်မင်စွာဖြင့်

ကြောင်ဖြူများရှင်

ပိတောက် said...

crystal ဘန်ကောက်ဘယ်မှာနေလဲ၊ ဒီနှစ်ထဲ ၃ခေါက်ရောက်ခဲ့တယ်၊ လမ်းကြုံသလိုလုပ်ပြီးဝင်လည်ရင်ကောင်းမလားလို့ပါ။ (အိမ်ရှင်ကြည်ဖြူဖို့လဲလိုတယ်)

Crystal said...

ပိတောက်- လမ်းကြုံသလိုမလုပ်နဲ့ တည့်တည့်လာခဲ့လေ၊ အရင်ဖုန်းဆက်လိုက် ကြိုရှောင်နေလို့ ရတာပေါ့ ဟိ။ အလကားပြောတာ စားချင်တာ ကျွေးပါ့မယ်...:)

rose said...

တူမလေးက ချစ်စရာကောင်းလိုက်တာ... သနပ်ခါးလေးတွေနဲ့...း)

ခရစ္စတလ် said...

roseရေ-ခါးခါးလေးနဲ့ဆို မိန်းကလေးတွေက ချစ်ဖို့ကို ကောင်းနေတယ်ထင်တာပဲ :)