သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, November 12, 2011

“မြွေ” နှင့် အကျိုးပေးသလော ...

မြွေနဲ့ ကြိုးအခွေနဲ့ ကွဲပြားအောင် ဝိုင်းပြထားပါတယ်

(2009)ခုနှစ်တုန်းက နေခဲ့တဲ့ အိမ်ခန်းကို မိုးဦးကျမှာ စပြောင်းလာတာပေါ့။ အခန်းက အောက်ထပ်လည်းဖြစ်တဲ့အတွက် သွားလာရတာ အဆင်ပြေပြီး၊ နောက်ဘက်မှာ ပန်းခြံကြီးရှိနေတာကြောင့် အေးချမ်းလှပါတယ်။ မီးဖိုချောင်နောက်ဘက်မှာ သပြေညောင်ပင်ရှိပါတယ်၊ ညောင်ပင်ရဲ့ အကိုင်းတချို့က အခန်းကို ထိစပ်နေပါတယ်။ ဒါကြောင့် ကောင်ကောင်က ခဏခဏလာလည်တာလေ။ ဒီလောက်ဆိုရင် ခရစ္စတလ် ပြောချင်တာ ရိပ်မိလောက်ရောပေါ့နော်။

ပထမအကြိမ် မိတ်ဆက်ခြင်း
အခန်း အနောက်ဘက် မီးဖိုခန်းနဲ့ ရေချိုးအိမ်သာက ကပ်လျှက်ပေါ့၊ မီးဖိုထဲ ဟင်းချက်၊ ရေချိုးခန်းထဲ ပန်းကန်ဆေးရတယ် ဒီလိုနဲ့ တစ်နေ့မှာ ပန်းကန်ဆေးပြီး ရေချိုးခန်းက အထွက် ခြေထောက်အောက်က ခြေသုတ်ပုဝါနားမှာ လှုပ်ခတ်သွားတာတွေ့လိုက်ပါတယ်။ အိမ်မြှောင်တွေတော့ တက်နင်းမိတော့မှာပဲ လွတ်လွတ်ကင်းကင်းမနေဘူးလို့ တွေးမိတုန်း စက္ကန့်ပိုင်းအတွင်းမှာပဲ အိမ်မြှောင်မှ ဟုတ်ရဲ့လားမသိ သံသယစိတ်နဲ့ ခြေသုတ်ကို ဆွဲလိုက်တာ လျှောကနဲထွက်လာပါလေရော.......။
လန့်သွားလား မိတ်ဆွေ...ကျမကတော့ တော်တော်လေး လန့်သွားပါတယ်၊ အရောင်က အစိမ်းနဲ့ အနက်ကြားလေး ၊ အုန်းသီးကြွက်မြီးလိုပဲ ရုတ်တရက်ကြည့်လိုက်ရင်၊ အမောက်ကတော့ ထောင်နေတာပဲ အရွယ်လေး ငယ်ပေမယ့် အထင်မသေးသင့်တဲ့အထဲ သူလည်း ပါတယ်ထင်တယ်။ ကောင်ကောင်လေးက အခန်းထဲမှာ သူ့အိမ်သူ့ယာကျနေတာပဲ လျှောက်သွားနေပါတယ်။ အသိညီမလေးတစ်ယောက်ကို ဖုန်းအမြန်ဆက်၊ ဘာလုပ်ရမလဲဆိုတော့ အားကိုးရပါတယ် မလာရဲဘူး နီးရာ တစ်ယောက်ယောက်ကို ဖုန်းပေးလိုက် သူပြောပေးမယ်တဲ့ သူက ဖုန်းထဲမှာတော်တော်လေး ကြောက်နေပါပြီ၊ အပြင်မှာ တကယ်တွေ့နေတဲ့သူက မကြောက်ရဘူး။ နောက်ဆုံးတော့ အိမ်ဘေးက ထိုင်းလူမျိုးယောက်ျားလေးတွေကို အကူအညီတောင်းပြီး ဖယ်ခိုင်းလိုက်ရပါတယ်။ မသတ်ဖို့လဲ အခါခါ ပြောယူရတယ်။ လာဖမ်းပေးတဲ့သူက မြွေကို အမြီးကနေ ဆတ်ကနဲ ကောက်ဆွဲလိုက်တာ တန်းလန်းလေး ပါသွားပါလေရော။

ဒီလိုနဲ့ စိတ်အေးရရောလားဆိုတော့ မဟုတ်သေးဘူး၊ မြွေဝင်လာတဲ့ မီးဖိုထဲကို မသွားရဲလို့ ထမင်းဟင်း မချက်စားဖြစ်လိုက်တာ နှစ်လတောင် ကြာသွားတယ်။ အိပ်ခန်းထဲ မဝင်လာအောင် အပေါက်တွေကိုလည်း အားလုံးပိတ်ထားရတယ်။ အခန်းထဲမှာ လှုပ်တာလေးမြင်သမျှ မြွေလား စောင့်ကြည့်နေရတဲ့ အနေအထားကို ရောက်နေပြီပေါ့ရှင်။

ဟုတ်ပါ့၊ မြွေနဲ့ အကျိုးပေးတာ ငယ်ငယ်ကတည်းကပေါ့၊ ကြောင်ပန်းရွက်ပင်တွေ ကျမတို့ ဇာတိမြေ နယ်မှာ ပေါမှပေါ၊ ကလေးဘဝတုန်း အပင်တွေနဲ့ လှီးဖြတ်ပြီး ထမင်းဟင်းချက်တိုင်းကစားကြတယ်လေ၊ အဲလိုနဲ့ တနေ့ အပင်ဆီကို လက်လှမ်းလိုက်တုန်း အဖေက နောက်ကနေ ဆွဲပွေ့လိုက်ပါလေရော၊ ပြီးတော့ ခပ်လှမ်းလှမ်းကနေ အစိမ်းရောင်မြွေတစ်ကောင် လက်မအရွယ်လုံးပတ်နဲ့ အပင်ထက်မှာ၊ ကံကောင်းလို့ အဖေက အဆွဲမြန်ပေလို့သာ။
ခရစ္စတလ်တို့ နယ်က  ခြံကြီးရဲ့ရှေ့မှာ ရေအိုင်လား ရေကန်လား အကြီးကြီးတခုရှိပါတယ်၊ အဲဒီနားမှာလည်း မကြာခဏ မြွေတွေနဲ့ ခလုပ်တိုက်နေကြပေါ့၊ တခါမှ အန္တရာယ်မပြုပါဘူး။ အခုလိုအချိန်မှာ စဉ်းစားမိတာက မြွေဆိုတာ ကြောက်ရမယ် အန္တရာယ်ရှိတယ်ဆိုတာ သိတဲ့ အသိနဲ့ ကြောက်နေတာကိုးနော်။

ဒုတိယအကြိမ် သရုပ်ဖော်တင်ဆက်မှု
မနက်ပိုင်း ဘုရားရှိခိုးဆွမ်းတော်ကပ်နေတုန်း မှတ်မှတ်ရရ သဗ္ဗဇယမင်္ဂလာဂါထာ ပူဇော်နေတုန်း အခန်းမျက်နှာကျက်ကနေ ပြုတ်ကျသံကြားလိုက်ရပါတယ်၊ အိမ်မြှောင်တွေလည်း ဒီလိုပဲ ခြေမခိုင်ပဲ ပြုတ်ကျနေကြတာမို့ မျက်လုံးဖွင့်မကြည့်မိပါဘူး။ ဘုရားဆက်ရှိခိုးနေတာပေါ့။ ခဏနေတော့ စိတ်ထဲမှာ တခုခုထင့်နေလို့ မျက်လုံးဖွင့်မိတော့ အထက်ပါပုံအတိုင်း ကောင်ကောင်က တီဗွီအင်တာနာ ကြိုးခွေပေါ်မှာ တန်းလန်းလေးဖြစ်နေတာ တွေ့လိုက်ရပါတယ်။ ဘုရားရှိခိုးနေတဲ့ ကိုယ့်မျက်နှာနဲ့ သူရှိနေရာ နေရာက နှစ်ပေလောက်ပဲ ဝေးပါတယ်၊ ကိုယ်တော်က ကျမကို စိုက်ကြည့်နေတယ်...........။

ကြိုးခွေပေါ်ရှိနေတဲ့ မြွေပိစိကို ဖယ်ဖို့ ကြိုးစားနေတုန်း ဘယ်နားရောက်သွားတယ်မသိ ပျောက်သွားပါတယ်။ တနေ့လုံးရှာတယ် မတွေ့ပါဘူး။ နောက်နေ့မနက် အိပ်ယာထတော့ ဘုရားစဉ်အပေါ်က မီးကြိုးမှာ တရွေ့ရွေ့သွားနေတဲ့ ကောင်ကောင်လေးကို ပြန်တွေ့တော့တာပါပဲ။

ထိုင်းတွေ ဘယ်လောက် ဝေးဝေးသွားပစ်တယ်တော့မသိဘူး အိမ်ရှေ့ခဏခဏ 
ပြန်ရောက် ရောက် လာပြန်တယ်၊ ဒုတ်ရှည်ရှည်လေးနဲ့ တွန်းပြီး မောင်းထုတ်ရတယ် သူ့အမြီးလေးကို ထိသွားလို့ ဒုတ်ကို အငြိုးကြီးကြီးနဲ့ ပေါက်လိုက်တာများ ဒလစပ် ပါပဲ။ နောက်တော့ ဒုတ်မှန်းသိပြီး ပေါက်မရတော့မှ ဒုတ်ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေရဲ့။ တခါ တခါတော့လည်း အိမ်ရှေ့ကြမ်းပြင်ကြွေပြားမှာ ချောနေတော့ သူတွားသွားရတာ အဆင်မပြေဘူး လိုရာကို တော်တော်နဲ့ မရောက်နိုင်ဘူးပေါ့ ရယ်ရသား...။ ဒါကြောင့် ဝမ်းနဲ့ တွားသွားရတဲ့ မြွေဘဝ၊ နဂါးဘဝတွေဟာ သနားစရာပါ။

နိဂုံးချုပ်ခြင်း
၂-နှစ်အကြာ အမေအလည်လာတဲ့အခိုက် ပြီးခဲ့သော ဇွန်လမှာပေါ့.........
ထုံးစံအတိုင်း အမေလာတော့ ချက်ပြုတ်စားသောက်ရတာ ပျော်စရာ။ ထမင်းဟင်းချက်တဲ့အခါ အကျွေးချင်ဆုံး လူသားနှစ်ယောက်ရှိတယ် အမေနဲ့ အိမ်ဦးနတ်။ အဖေက ကျမဆယ့်သုံးနှစ်သမီးတည်း ကွယ်လွန်ခဲ့ပြီမို့ အမေပဲ စုပုံချစ်နေရတယ်။ 
ဆီပုလင်းလေး လှမ်းယူဖို့ မီးဖိုချောင်အဝက ခြင်လုံသံဇကာတံခါးကို ဖွင့်လိုက်ရော
လက်က ဖုန်းပြောနေတာ တစ်ဘက်၊ တံခါးကို ဖွင့်နေတာ တစ်ဘက်၊ တံခါးကို ပြန်ပိတ်ပြီး ခေါင်းပေါ်ကို ပြုတ်ကျတယ် ဘာပြုတ်ကြပါလိမ့်....ခေါင်းပေါ်က ပြုတ်ကျတဲ့ အရာတစ်ခုက လျောကနဲ အောက်ပြုတ်ကျ ငုံ့ကြည့်တော့ လား လားးးးးးးးးးးးးးး။
အမယ်လေး အမေရဲ့ ကောင်ကောင်ပါတော့ ဒီတခါ ကောင်ကောင်က ပိုရှည်တယ်တော့ 
အဲလို အော်လိုက်တယ် မထင်ပါနဲ့လို့၊ အမေက ရောဂါသည် အမေလန့်သွားမှာစိုးတဲ့ ကျမအဖို့ရာ အသံမထွက်ပဲ အမေက အနားမှာဖြစ်တာမို့ အမေ့ကို လက်တစ်ဘက် လှမ်းတား ဖုန်းကို အမြန်ချ၊ ဘာစကားမှ အသံမထွက် ခပ်မြန်မြန်လှုပ်ရှားလိုက်ရပါတယ်။ အဓိကက အမေမလန့်ဖို့၊ မြွေက မီးဖိုချောင်ထဲမှာ ပြန်ဝင်သွားတယ်။ ရေချိုးခန်းဘက်က ကုတ်တက်ပြီး ကြည့်တော့ တံခါးနံရံပေါ်မှာ သူက အပေါ်ဘက်ကို တရွေ့ရွေ့။ သူသွားနေတာ ကိုယ့်အရပ်ထက်တော့ မြင့်တဲ့နေရာကို ရောက်နေပါရောလား။ ခက်ပါရော ဘယ်လိုဖယ်ကြမလဲ။ မီးဖိုချောင်ထဲကနေ အပြင်တွန်းထုတ်လို့မလွယ်ဘူး၊ တံခါးပိတ်ပြီး ဖမ်းတဲ့အခါ မိရင် တော်ရဲ့ မမိရင် တံခါးပိတ်ပြီး ဖမ်းမှာဆိုတော့ ဖမ်းတဲ့သူအတွက် အန္တရာယ်က အများသား။ ဘေးခန်းက မြွေဖမ်းပေးနေကျ အိမ်နီးချင်းတွေ အိမ်ပြောင်းသွားပြီ။ တကယ်ကို ခက်နေပါပြီ။
အိမ်ရှေ့နားက ဆိုင်မှာ မြန်မာကောင်လေးတစ်ယောက်ကို သွားခေါ်လာခဲ့တယ်။ ဒုတ်တစ်ချောင်းပေးပြီး အိတ်ထဲကို မြွေထည့်ပေးပါ။ ဝေးဝေးသွားလွှင့်လိုက်ပါ့မယ်လို့ သူနဲ့ ညှိတယ် သူက ရိုက်သတ်မယ်တဲ့၊ မသတ်ပါနဲ့ အရှင်ပဲ ဖမ်းပေးပါ။ မသတ်ပါနဲ့လို့ တောင်းပန်တယ်။ မြွေအရွယ်ကို ကြည့်ပြီး အိုကေ ဖမ်းမယ်ပေါ့။ မီးဖိုထဲ ဆင်းပြီး တံခါးပိတ်လိုက်တယ် တစ်ချက်ပဲ ကြားလိုက်တယ် ကိစ္စ ပြီးသွားပါရောလား။ 
အခါခါ ပြောနေတဲ့ကြားက တားနေတဲ့ကြားက မြွေလေး သေသွားရှာပါတယ်။ လူကို မြွေပေါက်မှာ စိုးရိမ်တာတစ်မျိုး၊ မြွေကို လူက သတ်မှာစိုးတာတမျိုး။ ကျမ ခေါင်းထဲမှာ သွေးလည်ပတ်မှုတွေ ကမောက်ကမတွေကို ဖြစ်ကုန်ရော...........။ နောက်ဆုံးတော့ မြွေလေးကို အမျှပေးဝေပြီး နောင်ဘဝ ဒီလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးရတော့တာပေါ့။ 


ဒီကြားထဲမှာ မြွေဝင်တာနဲ့ ပတ်သက်ပြီး ထိုင်းတွေက အတိတ်ကောက် ထီတွေ ထိုးကြ၊ မြန်မာညီမလေးတွေက ကျမကိုယ်စား မေးမြန်းသင့်တယ်ထင်တဲ့ နေရာတချို့မှာ သွားမေးကြ၊ သိုက်ရှိတယ်၊ ခြတောင်ပို့ရှိတယ်၊ ကျမရွတ်တဲ့ ဘုရားစာတွေကို သဘောကျတယ်၊ သဘောမကျဘူး စတဲ့ စတဲ့ မျိုးစုံသော ပွစိလေးတွေလည်း ဖြစ်သွားသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခန်းက ကျမ မပြောင်းဖြစ်ခဲ့ပါဘူး၊ အခန်းမှာ မနေဖို့ အားလုံးက အကြံပေးတယ် အဲဒီချိန်က မပြောင်းဖြစ်ခဲ့ပါဘူး။ သိုက်ဖြစ်ဖြစ် အစောင့်ဖြစ်ဖြစ် မကျွတ်မလွတ်တာဖြစ်ဖြစ် ဖြစ်ချင်တာဖြစ် ကျမ ကောင်းမှုကုသိုလ်ပြုလုပ်နေတာဖြစ်တာကြောင့် မပြောင်းပါဘူး၊ ကြိုက်သလိုလုပ်ပါ၊ မေတ္တာပို့ပါတယ်။ အမျှဝေတာကို တချို့က မလိုလားလို့ သာဓုမခေါ်တာလည်း ရှိသေးတယ် မဟုတ်လား။ ထူးဆန်းတာတွေ ရှိလားဆိုတော့ ရှိသလိုလိုပါပဲ။ အဲဒီအခန်း ရောက်စက ဘုရားစာရွတ်ဖတ်ပူဇော်နေရင် မလှမ်းမကမ်းမှာ တစ်ဦးဦးရှိနေသလိုပါပဲ။ မမြင်ရတော့ မကြောက်ပါဘူး။ နောက်တစ်ချက် တိုက်ဆိုင်တာက အိမ်အနီးအနားမှာ အိမ်ထောင်သည်တွေ တော်တော်များများ ကိုယ်ဝန်တွေ ရကုန်ကြတယ်။ အခန်းရောက်စတုန်းက အခန်းမှာနေခွင့်ပြုဖို့ အဆင်ပြေသလို ခွင့်တောင်းပါတယ်၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ။ သိုက်ရှိတယ်ဆိုတော့လည်း ကောင်းရာမွန်ရာ ဘုံဘဝများကို သွားကြပါ ကုသိုလ်တွေကို သာဓုခေါ်ပါလို့ မြန်မာလို ကိုယ့်ဖာသာ ဆီလျှော်သလိုပြောပါတယ်။ ပြီးတော့ ကောင်းမှုကုသိုလ်လုပ်နေတဲ့ ငါက ဘာလို့ ကြောက်နေရအုံးမှာလဲဆိုတဲ့ သတ္တိနဲ့ ဆက်နေပါတယ်။ တစ်ခါလောက်ပဲ ခွေးသေကောင်ပုပ်တဲ့အနံ့ ရဖူးပါတယ်။ များသောအားဖြင့် မွှေးတဲ့ အနံ့လေးတွေပဲ ရတတ်ပါတယ်။ ပြောရအုံးမယ် သူတို့နဲ့ ကျမ သဘောတူညီမှု တစ်ခု ယူထားသေးတယ်၊ အခန်းမှာ နေချင်တယ်ဆိုရင် အိမ်မြှောင်အနေနဲ့ပဲနေတယ်။ မြွေဆိုတော့ အန္တရာယ်များတယ်လို့ ပြောထားတယ်။ ဒီတော့ နေကြရောလားလို့ မေးမယ်မဟုတ်လား၊ တခန်းလုံး အိမ်မြှောင်အကောင်အရေအတွက် အကောင်နှစ်ဆယ်လောက်ရှိပါတယ်ရှင်..................။

မြွေဒုတိယအကြိမ်လာပြီး ပျောက်သွားတဲ့နေ့ ညက အိပ်မပျော်လို့ အင်တာနက်ထဲ ခေါင်းဝင်ပြီး စိတ်ကို ဖြေတယ်။ တရားမှတ်တယ်၊ ဘယ်က ပေါ်လာမယ်မှန်းမသိတဲ့ မြွေကို စိုးရိမ်ကြီးစွာနဲ့ စောင့်နေရတာကိုး။ ပြီေးတာ့ နက်ထဲက မြွေနဲ့ ပတ်သက်တာတွေ ရှာတော့ ကြောင်ဖြူများရှင်ကြီးရေးထားတဲ့ မြွေဖမ်းတဲ့ပိုစ့်ကို တွေ့ရ ဖတ်ရ၊ နောက်ပိုင်းမှာ အဲဒီဆိုဒ်ကို မှတ်ထားပြီး သွားသွားဖတ်ဖြစ်ခဲ့တယ်။ ကြောင်တွေ အကြောင်းရေးလို့လည်းပါတယ်။ ကြောင်ချစ်သူမို့ ဘယ်ဘလော့ဂါ ကြောင်ပိုစ့်တွေ ရေးရေး သွားသွားဖတ်ဖြစ်ပါတယ်။ ပြောချင်တာကတော့ ကြောင်ဖြူများရှင် ဒီပိုစ့်လေးနဲ့ ပထမဆုံး သိခဲ့ရတာပါလို့...
http://www.justice999burma.com/2010/10/blog-post.html

လေးစားစွာဖြင့်
ခရစ္စတလ်

8 comments:

စံပယ်ချို said...

တစ်ချို့ကပြောတော့ မြွေဆိုတာငွေတဲ့
လဒ်ရွှင်တယ်ပြောတာပဲ
ဂျက်ကတော့နဲနဲကြောက်တယ်မြွေကိုနော်

ကြောင်ဖြူများရှင် said...

ခုတော့ အိမ်မြှောင်တွေနဲ့  နဗန်းပြန်လုံးနေရပြီပေါ့လေ။ ဟုတ်လား အစ်မ။ :D

မြသွေးနီ said...

ကိုယ်တိုင်တွေ့သူဆို ဘယ်လိုနေမယ်မသိ ဖတ်ရတာတောင် တထိတ်ထိတ်နဲ့...။
တွားသွားသတ္တ၀ါတွေကို အသည်းယားတယ်၊ ကြောက်တယ်။ အခုတောင် ဖတ်ရင် ကြက်သီးတဖြန်းဖြန်းထနေမိတယ်။

ညိမ်းနိုင် said...

လန်းလန်း လန်းလန်း နဲ့ သိပ်အသည်းယားစရာပဲဗျ...အဲ့
ကောင်ကောင်တွေက...ကြောက်တော့မကြောက်ပါဘူး..၊
ကျွန်တော်ငယ်ငယ်ကနေခဲ့ရတဲ့အိမ်မှာဆို ကောင်ကောင်
တစ်ဝက်၊လူတစ်ဝက်နေ နေရတာ...:)၊တော်ကြာဟိုက
ပြုတ်ကျလာ၊ဒီကထွက်လာ...၊အိမ်က ကြောင်တွေ၊ခွေး
တွေ၊တောက်တဲ့တွေနဲ့ တိုက်ပွဲတွေဆင်နွဲ...၊အို...စုံနေတာ
ပဲဗျ....:))))၊အင်း...သိုက်တွေ၊အစောင့်တွေဘာတွေကို
တော့ ယုံတယ်လည်းမဟုတ်၊မယုံဘူးလည်းမဟုတ်...၊
ဒါပေမယ့် တိရိစ္ဆာန်ကို တိရိစ္ဆာန်လို့ပဲမြင်လို့ရသဗျာ...၊
အဲ....သိုက်ကဆိုရင်လည်း ဘာလေးညာလေးတောင်း
ကြည့်ပါလားအစ်မရ.....:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ထူးဆန်းလိုက်တာ နော်..
အိမ်မြောင်တွေ အများကြီးနဲ့ နေနေရတယ်ပေါ့
မြွေကြီး ခေါင်းပေါ်ပြုတ်ကျလာတယ်လို့ ဖတ်ရတော့ ကိုယ့်ခေါင်းကိုယ်ပြန်စမ်းမိတယ်
အသည်းယားလိုက်တာ
အရမ်းကြောက်တာဘဲ မြွေတွေကို မြင်ရတာ

ခရစ္စတလ် said...

စံပယ်ရေ-ခေါင်းစဉ်ကို မြွေ=ငွေလို့ ပေးအုံးမလို့ပဲ၊ ငွေ ပဲ စဉ်းစားနေတယ် အပြစ်တင်ခံရမှာစိုးလို့ မတပ်တော့တာ ဟိ ဟိ :)

ကြောင်ဖြူများရှင်-နဗန်းမလုံးပါဘူး၊ နာ့ကို သူတို့က လိုက်စနေကြတာလေ ဆိုးပါ့ :(

မြသွေးနီရေ-အသည်းယားတာ ကြောက်ဒူးတုန်တယ်ဆိုတာ ကိုယ်တွေ့ပါပဲ၊ မြွေကို ဒုတ်နဲ့ တို့ပြီး တွန်းထုတ်တုန်းကပေါ့

ကညိမ်းနိုင်ရေ-သိုက်မှာ ဘာရှိမှန်းမှ မသိတာ၊ မတောင်းချင်ပါဘူး။ ကိုယ်ပါ ဆက်စွဲလမ်းနေရင် အခက်။ အယုံအကြည်မရှိတာလည်း ပါတယ်။

ချောရေ-နဖူးမှာ မြွေပေါက်သွားသေးလားလို့ မှန်ကို အမြန်ပြေးကြည့်ရသေးတယ်။ :)

မအိမ်သူ said...

ခမာပြည်မှာလဲ မြွေတော့ပေါတယ်။ ဒါပေမယ့် သိပ်မတွေ့ရဘူး။ တခါတလေမှ မြွေစိမ်းတစ်ကောင် တလေ တွေ့ရတော့တယ်။ ခမာလူမျိုးတွေက မြွေသားစားကြတော့ မြင်တာနဲ့ ရိုက်သတ်ပြီး ဗိုက်ခွဲ အရေခွံဆုတ် ကင်စား ကြော်စား စွပ်ပြုတ်လုပ်သောက်လုပ်လိုက်ကြတာ ကိုယ်တွေမြင်တဲ့ဆီတောင် မရောက်လိုက်ဘူး။ :D

ခရစ္စတလ် said...

အစ်မ မအိမ်သူရေ-ဒါကြောင့် ခမာပြည်မှာ ဘာကောင်မှကို မတွေ့ခဲ့ရဘူး :)