သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, May 15, 2010

ရေ သာလိုသည် ငွေ မလိုပါ။

Correct timing to take water will maximize its effectiveness to human body.

Two glasses of water - After waking up - Helps activate internal organs

One glass of water - 30 minutes before meal - Help digestion

One glass of water - Before taking a bath - Helps lower blood pressure

One glass of water - Before sleep - To avoid stroke or heart attack


(from forward gmail)

အထက်ပါအီးမေးလေး ဖတ်ပြီးတဲ့အချိန် မြန်မာနိုင်ငံမှာ ရေရှားပါးမှုသတင်းများကို တိုက်တိုက်ဆိုင်ဆိုင် ကြားသိရတဲ့အတွက် ကိုယ့်နိုင်ငံသားတွေရဲ့ ဒုက္ခကိုကိုယ်ချင်းစာ စိတ်မကောင်းဖြစ်နေရပါတယ်ရှင်။ တချိန်တုန်းက နွေရာသီဆိုရင် ဂျိုးဖြူက ရေမလာလို့ ရေအခက်အခဲတွေကိုလည်း ငယ်ငယ်က ကြုံဖူးခဲ့ပါတယ်။ ရေတစ်ထမ်းကို ကျပ် (၂၀၀)နဲ့ ရေတစ်စည်ကို ကျပ်(၈၀၀)ပေးရပါတယ်။ သုံးရေနဲ့ သောက်ရေအတွက် အလုအယက်မှာယူနိုင်မှ ကိုယ့်အိမ်အတွက် ရေကို ရပါတယ်။ အခုတော့ အိမ်မှာ အဝီစိတွင်းဆိုတော့ နောက်ပိုင်း ရေမလာတဲ့ ပြဿနာ တော်တော်လေး ကင်းဝေးသွားရတယ်။ မီးလာရင် ရေရပါတယ်။ အခုတော့..... :( ။
ရာသီက ဖောက်ပြန်၊ ရေတွင်း ရေကန် မြစ်ချောင်းတွေ အပြင် အင်းလေးကန်မှာပါ ရေခမ်းခြောက်မှုပြဿနာတွေ ဖြစ်နေပြီဆိုတော့ တော်တော်လေးကို အဖြစ်ဆိုးနေပြီလို့ ပြောရပါတော့မယ်။ ကျမတော့ ရေအခက်အခဲ ရင်ဆိုင်နေရတဲ့သူတွေကို မျက်လုံးထဲ မြင်မိနေကာ ရေတစ်ခွက်သောက်မိတိုင်း စိတ်မကောင်း ဖြစ်နေပါတယ်ရှင်။
ကျမလည်း တတ်နိုင်သလောက် ကူညီချင်လို့ ချော-အစိမ်းရောင်လွင်ပြင် မှ အောက်တွင် ဖော်ပြထားပါသော ပိုစ့်လေးကို ခွင့်တောင်းကူးယူကာ ထပ်ဆင့် မျှဝေပေးလိုက်ပါတယ်ရှင်။ (ခရစ္စတလ်)

Save the Aged လို့ခေါ်တဲ့ ကျွန်မကိုယ်တိုင်လဲ အသင်းဝင်ထားခဲ့တဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး အသင်းသူ အသင်းသားများဟာ ခုချိန်မှာ ပရဟိတ လုပ်ငန်းများကို စွမ်းစွမ်းတမံ အားတက်တရော လုပ်ဆောင်နေကြတာ ကြားရမြင်ရတာ အားတက်စရာကောင်းလွန်းလှပါတယ်.. အသင်းကြီးရဲ့ လူမှုရေး ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် လိုလှပါသော်လည်း ရန်ကုန်နဲ့ အလှမ်းဝေးတဲ့ တစ်နေရာမှာ ရောက်ရှိနေတာမို့ တတ်နိုင်ကြတဲ့သူတွေ လုပ်ကြကိုင်ကြ လှူကြ တန်းကြတာတွေကို အဝေးကနေ ကြားရ ဖတ်ရ မြင်ရသမျှလောက်နဲ့ ကျေနပ်ပီတိ ဖြစ်နေခဲ့ရတာပါ…

ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်သော်လည်း အဝေးကနေ တတ်အားသရွေ့တော့ ငွေအားဖြင့်သော်လည်းကောင်း၊ ကျန်စေတနာရှင်များကို လှုံ့ဆော်ပေးခြင်းအားဖြင့်သော်လည်းကောင်း ပါဝင်ကူညီ ဆောင်ရွက်ပေးလိုစိတ် ဖြစ်မိပါတယ်.. အခုလဲ Save The Aged ( STA) အသင်းဝင်များဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ရေရှားပါးမှု၊ သောက်သုံးရေ ပြတ်လပ်မှုတို့ကို တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ အစီအစဉ်တွေ ပြုလုပ်နေတာ သိရပါတယ်.. ဒီအစီအစဉ်ကိုလည်း လှိုက်လှဲ ၀မ်းသာစွာ ထောက်ခံကြိုဆိုမိသလို အခြားသူများလည်း တတ်စွမ်းအားသမျှ ပါဝင်ကူညီ ဆောင်ရွက်စေလိုပါတယ်.. ကျွန်မတို့တွေဟာ ကိုယ့်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နေကြရင်း လူမှုရေး လုပ်ငန်းတွေမှာလည်း တတ်အားသလောက် ပါဝင် ဆောင်ရွက်သင့်ကြပါတယ်နော်..

ကမ္ဘာကြီးတစ်ခုလုံး ယခင်ခေတ်ကာလများနဲ့မတူ ပိုမို ပူနွေးလာပြီး နေရာတကာမှာ ရာသီဥတု ဖောက်ပြန်မှုများကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်.. ယခုအခါမှာ နွေနေရဲ့ ပူပြင်းခြောက်သွေ့မှုကြောင့် ရာသီဥတုဟာ သိသိသာသာပူပြင်းလာတဲ့ အတွက် မြန်မာပြည်ရဲ့ နေရာအနှံ့အပြားမှာ ရေရှားပါးခြင်း၊ သောက်သုံးရေ ပြတ်လပ်ခြင်းတို့ကို ကြုံတွေ့နေကြရပါတယ်.. ဘယ်တုန်း၊ ဘယ်ခါကမှ ရေမခမ်းခဲ့တဲ့ အရပ်ဒေသတွေမှာလည်း မကြုံစဖူး ဆိုးဆိုးဝါးဝါး ရေခမ်းပြီး သောက်ရေ သုံးရေတွေ ပြတ်လပ်နေကြတာကို နေ့စဉ် ကြားနေရပါပြီ.. ကိုယ်တွေရောက်နေတဲ့အရပ်၊ ကိုယ်လက်ရှိနေထိုင်ရာ အရပ်မှာ ရေမရှားဘူး၊ ရေမပြတ်ဘူးဆိုပေမဲ့လို့ ကျွန်မတို့ နိုင်ငံမှာ ရှိနေတဲ့ ပြည်သူပြည်သားတွေ အခက်အခဲ ဖြစ်နေတယ်ဆိုရင် ကျွန်မတို့နဲ့လည်း ပတ်သက်နေတာဘဲ မဟုတ်ပါလားရှင်.. ကိုယ်ဒုက္ခရောက်တာ မဟုတ်လို့ ကိုယ်နဲ့ မဆိုင်သလို မနေသင့်ကြဘဲ တတ်အားသမျှတော့ လိုအပ်နေတဲ့နေရာလေးတွေမှာ တစ်ပိုင်တစ်နိုင် လက်ကလေးတွေ ကမ်းပေးကြပါစို့လားနော်..

ဓာတ်ပုံ- ပိုးရွှေအိမ်

ရေ… ရေ…. ရေ

ရေပြတ်လပ်မှု မှတ်တမ်းဓာတ်ပုံများ

ရန်ကုန်နဲ့ ဝေးတဲ့ ပြည်တွင်းပြည်ပက စေတနာရှင်များ၊ ပရဟိတလုပ်ငန်းမှာ ၀ါသနာပါသူများ အနေနဲ့ ကိုယ်တိုင်တိုင်ကျ မပါဝင် မလုပ်ဆောင်နိုင်တဲ့အတွက် အသင်းကြီးရဲ့ လူမှုရေးလုပ်ငန်းများကို ရှေ့ဆက် အောင်မြင်အောင် ငွေကြေးများ ပါဝင်လှူဒါန်းလို့ရသလို၊ ရန်ကုန်မြို့ပေါ်က လူငယ်များ အနေနဲ့ အသင်းကြီးနဲ့ အတူ ၀ိုင်းဝန်းလက်တွဲပြီး အကူအညီ လိုအပ်နေတဲ့ နေရာများမှာ တတ်နိုင်သလောက် ပါဝင်ကူညီ ဆောင်ရွက် နိုင်ကြပါတယ်.. အသင်းကြီးရဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းများ အကြောင်းကိုလည်း http://savetheaged.ning.com/ ဒီနေရာမှာ ၀င်ရောက်ကြည့်ရှု လေ့လာလို့ ရပါတယ်. အသင်းရဲ့ လူမှုရေး ဆောင်ရွက်ချက်များကိုလည်း အမာခံ အသင်းဝင်တစ်ဦးဖြစ်တဲ့ ကျွန်မရဲ့ ချစ်လှစွာသော အစ်မဖြစ်သူ မမြသွေးနီ ရေးသားတဲ့ ဘလော့ http://myathwayyni.com/ မှာလည်း ဖတ်ရှုနိုင်ကြပါတယ်.. ကမ္ဘာတစ်လွှားက အသင်းဝင်တွေကို STA က လက်ခံ ကြိုဆိုနေပါတယ်.. အောက်မှာတော့ STA အဖွဲ့ကြီးရဲ့ ရေလှူဒါန်းမဲ့ အစီအစဉ်တွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်..

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း

ရေသန့်လှူမည့်ကျေးရွာ ……… ညောင်လေးပင်ရွာ၊ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမ ရွာ တို့ ရှိကြပြီး အိမ်ခြေ (300) ဝန်းကျင်ခန့်ရှိကြသည်။ အဆိုပါ ရွာများတွင် ပို မို ဒုက္ခ ရောက်နေ သည်ပာု ရွာလူကြီးမှ ရှင်းပြပါသည်။

ပါဝင်လှူဒါန်းမည့် အလှူရှင်များ ဆက်သွယ်ပေးပါရန်………….

………………..လှုမည့်အစီအစဉ်…………………………


၁။ရေသန့် ဗူးကြီး တစ်ဗူး – နှစ်ရာ ကျပ် (ရာဇာ ရေသန့် ပါ)

၂။သုံးရေ အနေနဲ့ လှူချင်ရင် ဘောက်ဆာ ကား ရှာပြီး ရေ လှူပေးလို့ ရနိုင်ပါသည်။မြို့တော်စည်ပင်တွင်ရနိုင်ပါသည်။

၃။ပစ်ကပ် ကား လိုအပ်ပြီး ကူညီပေးနိုင်သူများ ဆက်သွယ်နိုင်သည်။

၎။လူအင်အားလည်း လိုအပ်ပါသောကြောင့် လုပ်အားပေးနိုင်သူများလည်း ဆက်သွယ်နိုင်ပါသည်။

စုရပ်………………………တိုကျိုဒိုးနပ်ရှေ့ မနက်(9.00) တိတိ

ယုဇနဥယျဉ်မြို့တော် (9.45) တိတိ

လှူမည့်နေ့စွဲ…………… 16.5.2010 ( Sunday)

လှူမည့်နေရာ………… ညောင်လေးပင်ရွာ၊ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမ

အာလုံးပါဝင်လှူဒါန်းနိုင်ရန်မေတ္တာရပ်ခံအပ်ပါသည်။

စည်သူ@နိုင်စစ်သွေး

Visit သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး at: http://savetheaged.ning.com/?xg_source=msg_mes_network

———————————————————————————————————————

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း

ယခု အခါ ရေ ရှားပါးမှု ပြသနာမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်နေပါသည်။ ထို့ အတူပဲ ရန်ကုန်တိုင်း အ တွင်း ရှိ မြို့ နယ် များ ကျေးရွာများနှင့် ပဲခူးတိုင်းအတွင်း ရှိ ကျေးရွာ အနှံ့အပြားတွင်လည်း အဆိုပါ ပြသနာများ ဖြစ်ပေါ်နေပါသည်။ အဓိက အခက်ခဲမှာ သောက်သုံးရေ ဖြစ်သည်။ သောက်သုံးရေ ပြတ်လပ်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရောဂါဘယတွေ ထူထပ် များပြားလာနိုင်ပါသည်။ ကြောက်စရာ အကောင်းဆုံးမှာ ဝမ်းရောဂါ ဖြစ်သည်။ ဒီ ပို့စ် လေးကို ရေးဖြစ် သွားတာကလည်း အဖြစ်ပျက်လေး တစ်ခုကြောင့်ပါ။

လွန်ခဲ့တဲ့ တစ်လခန့်က ရေအလှူလာခံသော မိသားစုတစ်စုကြောင့် ဖြစ်သည်။ ပေရေညစ်ပွ နေသော ကလေး နှစ်ယောက်ကို လက်ကဆွဲပြီး မျက်ရည်လည်ရွှဲနဲ့ ရေဒုက္ခ ရောက်နေကြောင်းကို ပြောစဉ်က ကျွန်တော် အဲ့လောက် ထင် မထားမိခဲ့ပေ။ နိုင်သလောက်လေး အလှူငွေ လှူခဲ့ပြီး မေ့မေ့ ပျောက်ပျောက်နှင့် နေလာခဲ့ရာ တစ်နေ့ ပုံမှန် ရေသန့် ယူနေကြ ရာဇာသောက်ရေသန့် လာပို့သော လူငယ်တစ်ဦးနှင့် စကားစပ်မိရာမှ ကုလားဝဲရွာနှင့် ရွာနီးချုပ်စပ်တို့၏ ဒုက္ခ အစုံစုံကို ကြား သိလိုက်ရသည်။အဆိုပါ ရာဇာ သောက်ရေသန့်မှလည်း ပြင်ပ ရောင်းဈေးထက် လျော့ယူပြီး ရေလှူချင်သူများကို ကူညီနေလျက်ရှိရာ နေ့စဉ် ရေသန့်ဗူး ငါးဆယ်ဝန်းကျင်ကို အားတက်သရော သွားလှူဖြစ်နေခဲ့ သည်။ နေရာ အနှံ့အပြားတွင် ဖြစ်နေသော ရေအခက်ခဲသည် ယခုအခါ သတိပြုစရာ ဖြစ်လာပါပြီ။

ဒီပို့စ်လေးကို ရေးဖြစ်သွားရသည့် နောက်အကြောင်းအချက်တစ်ခုမှာ ယနေ့ နေ့ခင်းချိန်လောက်တွင် save the aged C-Box တွင် အားကိုးတကြီး လာရောက် အကူညီ တောင်းသွားသော ပဲခူးသား ဆိုသူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဖြစ်နိုင်လျှင် ပဲခူးသို့ ရေလာရောက် လှူစေလိုကြောင်း အကူညီတောင်းသွားခဲ့ သည်။ အဆိုပါ ပဲခူးသားမှာ ကျွန်တော်တို့ တစ်ဖွဲ့တည်းသာမက အခြားအခြားသော ပရပိာတ အဖွဲ့များကိုပါ အားကိုးတကြီးနဲ့ အကူညီ လိုက်တောင်းနေပါသည်။ ဒါကြောင့် ရေအကျိုး ဆယ်ပါး ဆိုတာနောက်ထား ရေအသက် တစ်မနက် ဆိုတာကိုပဲ အဓိက ထားပြီး ကူညီရန်အတွက် နီးစပ်ရာ ရေဒုက္ခသည် ရွာသို့ ကျွန်တော် ကွင်းဆင်းကြည့်ရှု့ရန် သူငယ်ချင်းများအား တိုင်ပင်လိုက်ရာ ချက်ခြင်းပင် မိတ်ဆွေတစ်ဦးမှ သူ့ Taxiဖြင့် လိုက်ပို့ပေးမည် ဆိုသောကြောင့် အဆင်ပြေသွားသည်။ (အဆိုပါ မိတ်ဆွေသည် ရေဒုက္ခကို မျက်မြင်ကိုယ်တွေ့ မြင်မိရာမှ သဒ္ဓါပေါက်သွားပြီး ရေသန့် ဗူး (၂၅) ဗူးစာအဖြစ် ငွေကျပ် ငါးထောင် လှူဒါန်းသွားပါသည်)

ကျွန်တော် ကွင်းဆင်းကြည့်မိသောရွာမှာ သကေတ တိုင်းရင်းသားကျေးရွာမှ ဆက်သွားလျှင် ယုဇနဥယျာဉ် မြို့တော်အကျော် ပဲခူးမြစ်လမ်းအဆုံးက ပဲခူးတံတားကြီး၏ တစ်ဘက်ခြမ်း၌ တည်ရှိသော ကုလားဝဲရွာပင် ဖြစ်သည်။ ရွာတွင် အိမ်ခြေ လေးရာ့ရှစ်ဆယ်ကျော်ရှိပြီး ရွာလူကြီးမှာ ဦးစိန်မောင်ဆင့် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အဆိုပါ ဒုက္ခမျိုးကို မကြုံဖူးပဲ ယခုနှစ်တွင်မှ အခက်ခဲဖြစ်သွားကြောင်း သိရသည်။ ကုလားဝဲရွာအထိ ကားလမ်းပေါက်ပြီး တစ်ခြား ရွာနီးချုပ်စပ်များသို့ လှည်းလမ်းကနေ ထော်လာဂျီနှင့်သွားမှ ရောက်ကြောင်း အဆိုပါရွာများသို့ ကုလားဝဲအထိ လာလှူထားသော သုံးရေ သောက်ရေများအား ပြန်လည်ခွဲဝေ ပေးနေကြောင်း သို့သော်လည်း လုံလောက်မှု့ မရှိသေးကြောင်း အလှူရှင်များလည်း စဉ်ဆက်မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။ ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာတို့ ရှိကြပြီး အိမ်ခြေ (၃၀၀) ဝန်းကျင်ခန့် ရှိကြသည်။ အဆိုပါ ရွာများတွင် ပိုမိုဒုက္ခ ရောက်နေသည်ပာု ရွာလူကြီးမှ ရှင်းပြပါသည်။ ကုလားဝဲကို အခြေတည်ပြီးပဲ ပို့ပေးနိုင်သောကြောင့် အခြားရွာများမှာ လုံလောက်အောင် မရနိုင်သေးပါ။ အခြားရွာများသို့ပါ ဆင်းပြီး လှူဒါန်းနိုင်မည်ဆိုလျင် ပိုမို အဆင်ပြေနိုင်ပါသည်။ ဖြစ်နိုင်လျှင် အသင်းအနေနဲ့ လှူဖြစ်ခဲ့ရင် လက်ဖက်ရည် တစ်ခွက်ဖိုးသာသာ ရေတစ်ဗူး နှစ်ရာသာရှိကြောင်း အဖွဲ့သားများအား နိုးဆော် တိုက်တွန်းလိုက်ရပါသည်။

၁။ရေသန့် ဗူးကြီး တစ်ဗူး – နှစ်ရာ ကျပ် (ရာဇာ ရေသန့် ပါ)

၂။သုံးရေအနေနဲ့ လှူချင်ရင် ဘောက်ဆာကား ရှာပြီး ရေလှူပေးလို့ ရနိုင်ပါသည်။ မြို့တော်စည်ပင်တွင် ရနိုင်ပါသည်။

၃။ပစ်ကပ် ကား လိုအပ်ပြီး ကူညီပေးနိုင်သူများ ဆက်သွယ်နိုင်သည်။

၎။လူအင်အားလည်း လိုအပ်ပါသောကြောင့် လုပ်အားပေးနိုင်သူများလည်း ဆက်သွယ်နိုင်ပါသည်။

ဆက်သွယ်ရန်–

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း အဖွဲ့ဝင်များ

(၁)ဇင်အိအိဝင်း zineiei.savetheaged@gmail.com

(၂)ဗေဒါဇော် baydarzaw@gmail.com

(၃) ခရေ sunwe.sta@gmail.com

(၄)စည်သူထွန်း sithuhtun21@googlemail.com

(၅)မမြသွေးနီ myathwayyni@gmail.com

မရွှေရည်(09.5119939)လှူဒါန်းနိုင်သောAချိန်( ရုံးဖွင့်ချိန် – 9:00am ~5:00pm)

(၆)အနက်ရောင်(01538273) anatyaung.sta@gmail.com

(၇)မိုးညချမ်း moenyachan@gmail.com

(၈)စိမ်းလန်း samelann@gmail.com

(၉)နွေးနွေး nklinn21@gmail.com

(၁၀)ဒေါက်တာနတ်ဆိုး 84.natsoe@gmail.com

(၁၁)ကိုဇော်လင်းထွန်း saucysage@gmail.com

(၁၂)ဖြူစင်သူ phyusinthu25@gmail.com

ဒီစာတွေက STA အဖွဲ့ရဲ့ နှိုးဆော်စာလေးတွေပါ။

————————————————————————————————————————————-

တန်းစီပြီး စောင့်ရာဝယ်..

ကြည့်ကြပါ.. ရေတစ်ခွက် တစ်ပုံးရဖို့ ကျွန်မတို့တွေသာ နေပူကျဲကျဲအောက်မှာ ဒီလို စောင့်ရမယ်ဆိုရင် ဘယ်လိုများ နေမလဲရှင်….

အသက်ကြီးသူလဲ မနေသာ ရေရှာရပြီပေါ့..

ဒီလို အခက်အခဲတွေ ကြုံတွေ့နေရချိန်မှာ လူတိုင်းမှာ တာဝန်ရှိတဲ့ အသိစိတ်ကလေးများနဲ့ ၀ိုင်းဝန်းကူညီသင့်ကြပါတယ်နော်.. အဆိုးဝါးဆုံးက ရေရှားပါးမှုကြောင့်ဖြစ်လာမဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ.. အခုတောင် တစ်ချို့မြို့နယ်တွေမှာ ၀မ်းရောဂါတွေ ဖြစ်နေကြပြီလို့ ကြားရပါတယ်.. နွေရာသီ ကုန်ဆုံးဖို့ အချိန်တွေ အများကြီး လိုသေးတာမို့ ရှေ့ဆက်ပြီး ရေရှားပါးမှု ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ တာဝန်ရှိသူများ အဖြေရှာသင့်ကြပါတယ်.. ရေလှူတာနဲ့ပတ်သက်ပြီး ဆောင်ရွက်ကြမဲ့ အခြားသော ပရဟိတ အဖွဲ့အစည်းလေးတွေလည်း အများကြီး ရှိပါသေးတယ်.. ဆောင်ရွက်နေကြတဲ့ အဖွဲ့အားလုံးကိုလည်း ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်…. စေတနာရှင်များကလည်း မိမိတို့နီးစပ်ရာ အဖွဲ့အစည်းလေးတွေမှာ တတ်နိုင်သမျှလေး အကူအညီ လိုအပ်နေသူများကို ပါဝင် ကူညီလို့ လောကရဲ့ ကောင်းကျိုးကို တစ်ထောင့်တစ်နေရာလေးကနေ ၀ိုင်းဝန်း ဖြည့်ဆည်းပေးကြပါစို့လို့ ဒီစာလေးနဲ့အတူ တိုက်တွန်း နိုးဆော်လိုက်ပါတယ်ရှင်…

အားလုံးဘဲ ဘေးဘယာ ဝေးကွာလို့ ချမ်းသာကိုယ်စိတ် မြဲကြပါစေရှင်…။

ဓာတ်ပုံများကို http://mmcybermedia.com မှ စိုင်းဖြိုးဝေလျှံရဲ့ volunteer အနေဖြင့်  တတ်စွမ်းသမျှ ကူညီကြရအောင်လား ပိုစ့်မှ မျှဝေအသုံးပြုပါသည်။ ဓာတ်ပုံပို့ပေးတဲ့ မောင်လေးကိုဖြိုးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်.. ချော(အစိမ်းရောင်လွင်ပြင်)

1 comment:

poemflower said...

နာဂစ်ဒေသတွေမှာလည်း ရေတွေပြတ်နေလို့တဲ့ . . . အားလုံး ရေအလှူတွေ တတ်နိုင်သလောက် လုပ်နေကြပါတယ်ရှင်...