သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, December 8, 2012

ကုသိုလ်အရေးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်...။


မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား ပရဝုဏ်အတွင်းရှိ လွန်ခဲ့သော နှစ်ပေါင်း (၇၀)ကျော်ခန့်က ကျိုက်ထိုမြို့ ဘုရားကြီးကျောင်းတိုက်ဆရာတော်ဘုရားကြီး ဥူးကေသရ စတင်တည်ထားခဲ့သော မဟာဗောဓိစေတီတော်ကြီးသည် ပြီးမြောက်ခြင်းမရှိခဲ့ပါသဖြင့် ယခုအခါ ကျိုက်ပေါလောမှဲ့ရှင်တော်ဘု၇ား သြဝါဒစရိယဆရာတော်ကြီးများ၏ သြဝါဒကို ခံယူလျက် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့်
ကျိုက်ထိုမြို့နေ -  ဦးခင်သန်း+ဒေါ်ဖွားကြည်၊ ရန်ကုန်မြို့နေ ဗိုလ်မှုးမြင့်သိန်း+ဒေါ်ခင်သန်းမြိုင်မိသားစုတို့မှ ပင်မ မတည်အလှူရှင်များမှ စတင်လှူဒါန်းထားလျှက်ရှိပါသည်။

သို့ဖြစ်ပါ၍ မဟာဗောဓိစေတီတော်ကြီးတည်ဆောက်နေစဉ် ယခုအချိန်တွင် ကြုံတောင့် ကြုံခဲ အခွင့်အရေးတစ်ခုအနေဖြင့် နိဗ္ဗာန်အကျိုးမျှော်ကိုး၍  နှိုးဆော်တိုက်တွန်းအပ်ပါသည်...။

ဆက်သွယ်လှူဒါန်းရန် - ဦးကျော်ဝင်း (ဝင်းသိင်္ဂီပုံနှိပ်တိုက်)၊ ဈေးရှေ့၊ ဗိုလ်ချုပ်လမ်း၊ ကျိုက်ထိုမြို့၊ မွန်ပြည်နယ်။ ဖုန်း - +95 9730 93127၊ +95 57 60080



မဟာဗောဓိစေတီတော်အကြောင်း သိကောင်းစရာများ

ဒီလောကအတွင်း ဘာသာမတူ အယူကွဲ ဝါဒကွဲတဲ့ ကိုးကွယ်မှုတွေ မျိုးစုံရှိကြပြီး ဘာသာအသီးသီးတို့ရဲ့ အထွဋ်အမြတ်နေရာတွေလည်း အသီးသီးရှိကြတယ်။ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်နေရာတွေကတော့
(၁) ဘုရားအလောင်းတော် မွေးဖွားခဲ့တဲ့ လုမ္ပိနီ၊
(၂) ဘုရားဖြစ်ရာ မဟာဗောဓိ၊
(၃) တရားဦးဟောရာ မိဂဒါဝုန်၊
(၄) ပရိနိဗ္ဗာန်စံရာ ကုဿိန္နာရုံ ဖြစ်ကြပြီး သံဝေဇနိယ လေးဌာန (သံဝေဂပွားများရာ နေရာ) အဖြစ် ထင်ရှားခဲ့တယ်။ ဘုရားရှင်ကိုယ်တိုင်လည်း ဒီသံဝေဇနိယ လေးဌာနကို ဘုရားဖူးရောက်လာသူ အမျိုးကောင်းသား အမျိုးကောင်းသမီးများဟာ ကြည်ညိုတဲ့စိတ်နဲ့ သုဂတိကို ရောက်နိုင်တယ်လို့ ဟောထားပါတယ်။
ဒီသံဝေဇနိယလေးဌာနထဲမှာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့အနီးမှာ ရှိတဲ့ မဟာဗောဓိကတော့ ထူးမြတ်တဲ့ နေရာဒေသတစ်ခုဖြစ်တယ်။ ဘာကြောင့် ထူးမြတ်သလဲဆိုရင် ကမ္ဘာလောကကြီး စတင်ဖြစ်ထွန်းတုံးက ဒီကမ္ဘာလောကမှာ ဘုရားပွင့်တဲ့ ကမ္ဘာဟုတ်မဟုတ်ဆိုတာ ဒီမဟာဗောဓိမြေနေရာမှာ ကြာပန်းပွင့် မပွင့်ကို ဗြဟ္မာတွေက လာကြည့်ကြတယ်။
မဟာဗောဓိဂန္ဓကုဋိကျောင်းအတွင်းရှိ ဗုဒ္ဓဂယာ ရုပ်ပွားတော်
ကြာပန်း တစ်ပွင့်ပွင့်ရင် ဘုရားတစ်ဆူ၊ နှစ်ပွင့်ပွင့်ရင် ဘုရားနှစ်ဆူပေါ့။ အခုကမ္ဘာကတော့ ကြာပန်း ငါးပွင့်ပွင့်လို့ ဘုရားငါးဆူပွင့်တဲ့ ဘဒ္ဒကမ္ဘာလို့ခေါ်တယ်။ နောက်ပြီးတော့ ကမ္ဘာမြေကြီး စတင်ပေါ်ထွန်းတဲ့နေရာဟာ ဒီမဟာဗောဓိဖြစ်သလို ကမ္ဘာကြီး မီလောင်ပျက်စီးတဲ့အချိန်ရောက်ရင်လဲ ဒီမဟာဗောဓိမြေဟာ နောက်ဆုံးမှ မီးလောင်ပျက်စီးတဲ့ နေရာလဲဖြစ်တယ်။ (ကမ္ဘာလောကကြီး ဖြစ်ပုံ တည်ပုံ ပျက်ပုံကို ဘုရားဟောနဲ့ သိပ္ပံပညာရှင်များ အယူအဆ တူပုံကို နောက်မှ တင်ပြပါ့မယ်)။ ဒီမဟာဗောဓိမြေနေရာဟာ ဘုရားရှင်တိုင်း ပွင့်တော်မူတဲ့နေရာပဲဖြစ်တယ်။ ဒါကြောင့် ဗောဓိပင်ပေါက်ရာဒေသ၊ အပရာဇိတပလ္လင်တည်ရှိရာဒေသဖြစ်လို့ ထူးမြတ်တဲ့နေရာပါ။ နောက်ပြီး အဝိဇဟိတဌာန (ဘုရားရှင်တိုင်း မစွန့်တဲ့ဌာန (၀ါ) ပစ်မထားတဲ့ဌာန) လို့လဲဆိုတယ်။
ဗောဓိပင်နဲ့ အပရာဇိတပလ္လင် တည်ရှိရာ ပတ်ဝန်းကျင်ကို ဗုဒ္ဓဂယာလို့ခေါ်တယ်။ ဗုဒ္ဓဂယာဟာ ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၊ ဂယာမြို့နဲ့ (၇) မိုင်ကွာ ဝေးပြီး ကိုးလ်ကတ္တားမြို့နဲ့ ၂၉၂ မိုင်ကွာ ဝေးတယ်။ ဂယာမြို့ရဲ့ ရထားဘူတာကနေ ဗုဒ္ဓဂယာကို တက္ကစီနဲ့လာနိုင်သလို မြင်းလှည်းနဲ့လဲ လာလို့ ရပါတယ်။ အခု ဂယာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ဖွင့်လှစ်ထားပြီဖြစ်လို့ သွားရေးလာရေး အဆင်ပြေလာနေပါပြီ။ ရှေးတုံးကတော့ ဗောဓိမဏ္ဍဝိဟာရလို့ခေါ်ခဲ့တယ်။ အခုတော့ မဟာဗောဓိကျောင်းပေါ့။
ဗုဒ္ဓဂယာဒေသဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေရာအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်။ အေဒီ ၂ ရာစုမှာ အသောကမင်းကြီးက ဗောဓိညောင်အနီး ဦးစွာကျောင်းဆောက်ခဲ့ပြီး ခေတ်အဆက်ဆက် ဆက်လက် ပြုပြင်လာခြင်းဖြစ်တယ်။ ရာစုနှစ်တွေနဲ့အတူ ပုံစံတွေလည်း ပြောင်းလဲခဲ့ပါတယ်။ အေဒီ ၆ ရာစုလောက်မှာ သဲသောင်ပြင်တွေလဲ ဖုံးလွှမ်းသွားခဲ့တယ်။ တိဘက်သမိုင်းမှတ်တမ်းအရ အေဒီ ၁၂၃၄ ခုမှာ တိဘက်ဘုန်းတော်ကြီး ဓမ္မဆွာမိန်ရဲ့ မှတ်တမ်းအရ သူဒီနေရာကို ရောက်တဲ့အချိန် ရဟန်းတော် ၄ ပါးသာ မြင်ရပြီး သဲသောင်ပြင်တွေ ဖြစ်နေခဲ့တယ်။ ၁၂၈၆ ကနေ ၁၅ ရာစုအထိ သီရိလင်္ကာက ဒီကျောင်းတော်ကို များစွာထောက်ပံ့ ပြုစုခဲ့တယ်လို့ဆိုတယ်။  အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားတဲ့ အချိန်မှာတော့ ဟိန္ဒူဘာသာတွေ ကြီးစိုးလာကြပြီး ဗုဒ္ဓဂယာဒေသလည်း မဟန့်ဘုန်းကြီး ဟိန္ဒူဘာသာဝင်တွေရဲ့ လက်ထဲ နှစ်ပေါင်း သုံးရာကျော် ကျရောက်သွားခဲ့ရတယ်။ အဲဒီအချိန် ဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဂယာကို လာဖူးဖို့အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရတယ်။ အခုတော့ အိန္ဒိယအစိုးရက ၁၉၄၉ ခု ကျောင်းကန်ဘုရား တည်ဆောက်ရေး အက်ဥပဒေအရ ၁၉၅၃ ခု မေလ ၂၈ ရက်မှာ ဗုဒ္ဓဂယာဒေသပြုပြင်ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်နေရာဖြစ်တဲ့ ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင် လက်ထဲ ပြန်လည်ရောက်ရှိလာအောင် အဓိကစွမ်းဆောင်သူကတော့ သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလ ပဲဖြစ်တယ်။

ရှေးခေတ် မဟာဗောဓိကျောင်းပုံ
အင်္ဂလိပ်တွေ အိန္ဒိယကို အုပ်ချုပ်စဉ်က သီဟိုခေါ် သီရိလင်္ကာလည်း အင်္ဂလိပ်ရဲ့ အင်ပါယာလက်အောက် ကျရောက်ကာ မြန်မာနိုင်ငံလိုပဲ အင်္ဂလိပ်တို့ရဲ့ အိန္ဒိယဘုရင်ခံချုပ်က အုပ်ချုပ်ခဲ့တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ အနာဂါရိကဓမ္မပါလ အိန္ဒိယကိုရောက်လာပြီး ဘုရားလာဖူးတဲ့အချိန် (အင်္ဂလိပ်ခေတ်) ဒီဗုဒ္ဓဂယာကို ကြီးစိုးနေတာက မဟန့်ဟိန္ဒူဘုန်းကြီး တွေဖြစ်တယ်။ အဲဒါကို မြင်ရတော့ အနာဂါရိကဓမ္မပါလ အတော့်ကို စိတ်ထိခိုက်သွားတယ်။ မဟန့်တွေက သူ့ကို ကောင်းမွန်စွာ ဘုရားဖူးခွင့်မပေးဘူး။ မောင်ထုတ်ခံခဲ့ရ၊ အရိုက်ခံခဲ့ရတယ်။ ဒါပေမယ့် အနာဂါရိကဓမ္မပါလက မဟာဗောဓိညောင်ပင်အောက်မှာ သံမဏိအဓိဋ္ဌာန်တစ်ခု ချခဲ့တယ်။ “ဒီမဟာဗောဓိ အထွဋ်အမြတ် မြေနေရာဟာ ဗုဒ္ဓဘာသာအားလုံးတို့ရဲ့ နေရာ မဖြစ်ဖြစ်အောင် ငါသည် အသက်စွန့်ပြီး ကြိုးစားဆောင်ရွယ်မယ်” လို့ အဓိဋ္ဌာန်ပြုကာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်၊ တရားရုံးကို အခေါက်ပေါင်းများစွာ တက်ခဲ့ရပါတယ်။ မဟာဗောဓိအသင်းကြီးကို ထူထောင်ပြီး ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာအတွက် အထွဋ်အမြတ်ဖြစ်စေရမယ်လို့ ကြိုးစားသွားတာ ၁၉၃၁ ခု သူသေဆုံးသွားတဲ့အထိ ပါပဲ။ (အနာဂါရိကဓမ္မပါလကို သီရိလင်္ကာသူရဲကောင်းလို့ခေါ်သလို ဒုတိယ အသောကလို့လဲ အခေါ်ခံရတယ် သူ့အကြောင်းကို နောက်မှ တင်ပြပါ့မယ်)။ အနာဂါရိကဓမ္မပါလရဲ့ ကြိုးစားမှုကြောင့် ယခု မဟာဗောဓိ စောင့်ရှောက်ထိန်းသိမ်းရေး ကော်မတီမှာ ဗုဒ္ဓဘာသာဝင် ၄ ဦးနဲ့ ဟိန္ဒူဘာသာဝင် ၅ ဦး ပါဝင်ဆောင်ရွက်ခဲ့ရတယ်။ ၂၀၀၂ ခုမှာတော့ မဟာဗောဓိကို ကုလသမဂ္ဂရဲ့ စောင့်ရှောက်ထိန်းသိမ်းမှု စာရင်းမှာ ပါဝင်ခဲ့ရတယ်။
ဗုဒ္ဓဂယာဟာ နေရဉ္စရာမြစ် (ယခုဖာကူမြစ်) ကမ်းနံဘေးမှာ တည်ရှိပြီး ဘုရားရှင် ရေသပ္ပါယ်ခဲ့ဖူးတဲ့မြစ်၊ တစ်သိန်းတန် ရွှေခွက်ကို မျောခဲ့ဖူးတဲ့မြစ်ဖြစ်တယ်။ မိုးရာသီမှာ မြစ်ရေတွေ လျှံတတ်ပေမယ့် ကျန်တဲ့အချိန်မှာ သဲချောင်းကြီး တစ်ချောင်းဖြစ်နေတယ်။


မဟာဗောဓိစေတီတော်
မဟာဗောဓိစေတီတော်ရဲ့ အမြင့်ကတော့ ၅၄ မီတာ (ပေ ၁၈၀) မြင့်ကာ အေဒီ ၂ ရာစုကတည်းက တည်ထားဟန်တူပါတယ်။ အေဒီ ၃ ရာစုမှာတော့ အသောကမင်း ပြန်လည် ပြုပြင်ထားတယ်လို့ သမိုင်းမှတ်တမ်းမှာ ဆိုထားတယ်။ မြန်မာနိုင်ငံမှ မင်းတုံးမင်းတြားကြီးလည်း မဟာဗောဓိပြုပြင်ရေးအတွက် ရွှေငွေကျောက်သံပတ္တမြားတွေ များစွာလှူလာခဲ့တယ်။ မင်းတုံးမင်းဇရပ်ဆိုတာလဲ ရှိခဲ့တယ်။ ယခု ဖူးတွေ့ရတဲ့ မဟာဗောဓိစေတီတော်ကတော့ အေဒီ ၇ ရာစု၊ ၈ ရာစုက လက်ရာတွေဖြစ်ပြီး စေတီရံတွေကတော့ အေဒီ ၁၂ ရာစုလက်ရာတွေ ဖြစ်တယ်။ စေတီတော်ရဲ့ အပေါ်မှာ ကပ်ထားတဲ့ ရွှေအဆင်းဘုရားပုံတော်တွေကတော့ အေဒီ ၁၉ ရာစုအချိန် ပြန်လည် ဖြည့်စွက်ထားခြင်းပဲဖြစ်တယ်။
စာရေးသူတို့အဖွဲ့ မဟာဗောဓိ ရောက်စဉ် ၁၀.၀၂.၂၀၁၂
အခု မဟာဗောဓိပတ်ဝန်းကျင်မှာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကျောင်းတွေ အသီးသီး ပေါ်ထွက်လာနေပါပြီ။ ဘုရားဖူး အများဆုံး ရောက်လာကြတဲ့ အချိန်ကတော့ ဆောင်းဦးရာသီပဲဖြစ်တယ်။ အုပ်စုအများဆုံးနဲ့ လူစုအများဆုံး လာတာကတော့ တိဗက်ဗုဒ္ဓဘာသာတွေပဲဖြစ်တယ်။ သူတို့ တရုတ်နီလက်အောက်မှာ မနေချင်လို့ အိန္ဒိယမှာ အခြေချနေထိုင်ပြီး ပြည်ပအစိုးရဖွဲ့ထားနိုင်တဲ့ အုပ်စုတွေဖြစ်တယ်။ ဆောင်းရာသီရောက်ရင် သူတို့နေတဲ့ အိန္ဒိယမြောက်ပိုင်းမှာ အေးလွန်းလို့တကြောင်း ဗုဒ္ဓဂယာမှာ ဆောင်းရာသီအချိန် ရာသီဥတု ကောင်းမွန်တာကြောင့် တစ်ကြောင်း၊ ဒီအကြောင်းတွေကြောင့် တိဗက်ဘုရားဖူးတွေ သောင်းချီပြီး နှစ်စဉ်ရောက်လာကြတယ်။
ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ ဘုရားဖူးတွေလည်း အုပ်စုလိုက် နှစ်ပေါင်းများစွာ ဘုရားလာဖူးခဲ့ကြတယ်။ မြန်မာပြည်ဘုရားဖူးအဖွဲ့ကတော့ ၁၉၉၀ နောက်ပိုင်းမှ အလာများတာတွေ့ရတယ်။ ခုတော့ မြန်မာပြည် ဘုရားဖူးအဖွဲ့လည်း နှစ်စဉ် သောင်းဂဏာန်းနဲ့ ရှိနေပြီ။ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံ ဗုဒ္ဓဘာသာတွေ အနောက်နိုင်ငံသားတွေလည်း သူ့အုပ်စုနဲ့သူ ရောက်လာမစဲ တဖွဲဖွဲပါပဲ။


မဟာဗောဓိစေတီတော်ရဲ့ အောက်ခြေကတော့ ပြန်လည်တူးဖေါ်ထားတဲ့ အနေအထားဖြစ်လို့ နိမ့်တဲ့ အပိုင်းမှာ တည်ရှိတယ်။ စေတီတော်ထိပ်ကတော့ မြင့်ပါတယ်။ အဝေးကနေ လှမ်းမြင်ရကတည်းက စိတ်ကြည်နူးစရာ ကောင်းနေပြီ။ စေတီအနားရောက်လာလေ ဘေးပတ်ဝန်းကျင်က ဆိုင်ခန်းလေးတွေ လည်း စည်စည်ကားကားနဲ့၊ ဈေးဆိုင်ကဖွင့်တဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းသံ၊ တိဗက်ဘုရားဝတ်ပြု သီချင်းသံတွေလည်း နားဝင်ချိုနေတယ်။ မဟာ ဗောဓိဘုရားဝင်းအတွင်းမှာ နိုင်ငံပေါင်းစုံမှ ဗုဒ္ဓဘာသာဝင်များက ဘုရားရှိခိုးစာ မျိုးစုံနဲ့ ရှိခိုးကြသလို၊ ဘုရားရှိခိုးနည်းအမျိုးမျိုးကိုလည်း တွေ့ရပါတယ်။ နောက်ပြီး အဓိဋ္ဌာန်အမျိုးမျိုးနဲ့ ပုတီးစိပ်ကြ၊ တရားဘာဝနာပွားကြတာတွေလည်း စုံလို့ပါပဲ။ ဒီနေရာကို ရောက်လာကြတဲ့သူတွေအားလုံးလဲ မေတ္တာစိတ်ကြောင့်လား၊ ဘုရားရှင်ရဲ့ တရားတော်ဓါတ်ကြောင့်လား နှစ်ခုစလုံးကြောင့်လား မပြောတတ်တော့ပါ။ စိတ်ထဲကို ငြိမ်းချမ်းသွားတော့တယ်။ ဗောဓိညောင်ရိပ်အပါအဝင် သစ်ပင်ရိပ်တွေကလဲ အေးချမ်းလှပါတယ်။ ဒီမဟာဗောဓိက ဘာကြောင့် အဲဒီလောက် ငြိမ်းချမ်းနေရသလဲလို့ ပြန်စဉ်းစားကြည့်ရင် ဘုရားရှင်ကိုယ်တိုင် ဘုရားဖြစ်ခဲ့တဲ့နေရာဖြစ်လို့။ ဘုရားဖြစ်ပြီး ၄၉ ရက်တိုင်တိုင် ငြိမ်းချမ်းစွာ တရားနှလုံးသွင်းခဲ့လို့ အဲဒီတရားဓါတ်တွေ အခုထိ လွှမ်းခြုံနေတယ်လို့ စာရေးသူ ခံစားမိတယ်။
ထင်ရှားတဲ့ အသွင်အပြင်ကတော့
(၁) မဟာဗောဓိစေတီ
ဒီမဟာဗောဓိစေတီတော်ဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပါပြီ။ ဘုရားဖြစ်တဲ့နေရာဒေသရဲ့ အထိမ်းအမှတ်အဖြစ် အသောကမင်းက သူ့ရဲ့ နန်းစံနှစ် (နန်းသက်) ဆယ်နှစ်မြောက်မှာ လာပြီး မွမ်းမံထားပါတယ်။ အသောကမင်းရဲ့နောက်ပိုင်း ဗုဒ္ဓဘာသာဝင်း မင်းဆက်တွေက ဆက်လက် ပြုပြင်လာခဲ့တယ်။ အင်္ဂလိပ်အုပ်ချုပ်စဉ်က မြန်မာဘုရင် မင်းတုန်းမင်းရဲ့ တောင်းဆို၊လှူဒါန်းမှုအရ အင်္ဂလိပ်မင်းတို့ကလည်း ပြုပြင်ခဲ့သေးတယ်။ မဟာဗောဓိစေတီရဲ့ အမြင့်ကတော (ပေ ၁၈၀) မြင့်ပြီး လေးဒေါင့်ပုံ စေတီဖြစ်ကာ အောက်ခြေဖိနပ်တော်ကြီးပြီး အထက်သို့ ချွန်တက်သွားတဲ့ပုံစုံဖြစ်တယ်။ ပန်းပု၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်လက်ရာတွေက လက်ရာကောင်းမွန် တည်ကြည်လှတာ တွေ့ရတယ်။ မဟာဗောဓိစေတီတော်ဟာ နှစ်ထပ်စေတီတော်ဖြစ်ပြီး အောက်ထပ်မှာ ဘုရားဂန္ဓကုဋိကျောင်းဖြစ်ကာ လွန်စွာသပ္ပါယ် ကြည်ညိုစရာ အတိဖြစ်တဲ့ ထိုင်တော်မူ ဆင်းတုတော် တစ်ဆူကို ဖူးမဝနိုင်အောင် ဖူးတွေ့ရတယ်။ ဂန္ဓကုဋိ အပေါ်မှာ စေတီတည်ထားခြင်းပါ။ ထောင့်လေးထောင့်မှာ ပင်မစေတီတော်ကြီးနဲ့ ပုံစံတူ စေတီလေးဆူကိုလည်း ဖူးတွေ့ရတယ်။
(၂) ဗောဓိညောင်ပင်
မဟာဗောဓိမှ ဗောဓိညောင်ပင်
ဒီဗောဓိညောင်ပင်ကတော့ မဟာဗောဓိစေတီတော်ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ပေ ၁၀၀ ကျော်ကျော်မြင့်တဲ့ အရိပ်ကောင်း အပင်တစ်ပင်ပါ။ ဗောဓိပင်ဟာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားနဲ့ အတူ တစ်ချိန်တည်း တစ်ရက်တည်းပေါက်ဖွားခဲ့လို့ (ဖွားဖက်တော်)မှာ ပါဝင်တယ်။ ဒီဗောဓိညောင်အောက်မှာ ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့နေရာလဲဖြစ်တယ်။ ဘုရားရှင်ရဲ့ မှီခို သီတင်းသုံးခဲ့တဲ့ ပရိဘောဂစေတီလဲဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဒီဗောဓိညောင်ပင်ကို တလေးတစား လာဖူးကြတယ်။ ဗောဓိညောင်အောက်မှာ ဘုရားရှိခိုးစာတွေ ရွတ်ဆို၊ ပရိတ်၊ ပဌာန်းရွတ်၊ မေတ္တာပို့၊ ဘာဝနာပွား ဆုတောင်းနေကြတာ အားလုံးရဲ့ မျက်နှာတွေဟာ ကြည်လင်နေတာတွေ့ရတယ်။ ဗောဓိညောင်ရွက်ကိုလည်း အမြတ်တနိုး ကောက်ယူသွားကြတယ်။
ယခုလက်ရှိဗောဓိပင်ကတော့ ဘုရားရှင်လက်ထက်က အပင် မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သီဝနတ်ဘုရားကို ကိုးကွယ်တဲ့ ဘင်္ဂလားပြည် အလည်ပိုင်းကို အုပ်စိုးတဲ့ သာသင်္ကမင်းက ခရစ်နှစ် ၆ ရာစုခန့်က ဗောဓိပင်ကို ခုတ်ဖြတ်တူးဖော်ပစ်ပြီးထောပတ်များလောင်း ထည့်ကာ မီးရှို့ဖျက်ဆီးခဲ့တယ်။ Harry Lwin ဤအကြောင်းအရာကို ကြားသိပြီး မဂဓတိုင်းပြည့်ရှင် အကြောင်းကြားတော့ ဘုရင်ပူရာဏမာဗာက ထပ်မံစိုက်ပျိုးခဲ့ပါတယ်။ တဖန် သာသင်္ကမင်း ကထိုဗောဓိပင်ကို  ထပ်မံဖျက်ဆီးပြီး ဤနေရာ၌ ဗောဓိပင် မစိုက်ရဟု အမိန့်ထုတ်ခဲ့ပါတယ်။ ဘုရင် ပူရာဏမာဗာကလည်း ဒုတိယအကြိမ် ထပ်မံစိုက်ပျိုးပါတယ် အံ့ဖွယ်ကောင်းလောက်အောင် ထိုဗောဓိပင်ဟာ တစ်ညတည်း ၁၀ ပေခန့်ကြီးမြင့်လာခဲ့ခြင်းပါ။ အဲဒီဗောဓိပင်ကိုလည်း သာသင်္ကမင်းက ၃ ကြိမ်မြောက် အကြွင်းမရ ခုတ်ဖြတ်ဖျက်ဆီးပြီး ၂၄ ပေခန့်မြင့်တဲ့ ကျောက်လက်ရန်းကြီးကို ကာရန်ထားခဲ့ပါတယ်။ ပူရာဏမာဗာကလည်း နွားနို့ဖြင့် သွန်းလောင်းပြီး တတိယ အကြိမ်မြောက် စိုက်ပျိုးခဲ့ပါတယ်။
( ကျောက်စာဝန် ကာနင်ဂန်ကမူ ထိုကျောက်လက်ရန်းကြီးကို ဗောဓိပင်အား ရန်သူတို့ မဖျက်ဆီးနိုင်ရန် ဘုရင်ပူရာဏမာဗာ ကပဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်)
ဒယ်အိုးထဲဆင်းမည့် သာသင်္ကမင်းဟာ ဗောဓိပင်ကို တူးဖော်စဉ်က အမြစ်အဆုံးကို ရှာမတွေနိုင်ခဲ့ ဟုလည်း ဆိုထားပါသေးတယ်။
ခရစ်နှစ် ၁၈၁၁ ခုက ဘူချန်ဟန်မီတန် အမည်ရှိ အင်္ဂလိပ်ပညာရှင် တဦးက ဗုဒ္ဓဂယာကို ရောက်ခဲ့ဘူး ရာ သူက ခက်မ ၅ ဖြာ နှင့် စည်ပင်နေသည့် အမြင့်ပေ ၃၀ ရှိ ဗောဓိပင်ကြီးကို မြင်တွေခဲ့ပြီး အဲဒီ ဗောဓိပင်ရဲ့ သက်တမ်းမှာ နှစ်တရာရှိမည် မထင်ဟု ဆိုခဲ့ပါတယ်။
ဒါပေမယ့် အေဒီ ၁၈၇၀ မှာ ရာသီဥတုဒဏ်ကြောင့် အဲဒီဗောဓိညောင်ကြီး ပြိုလဲသွားပြန်တယ်။ အင်္ဂလိပ်ဘုရင်ခံချုပ်က ဆာအဲလစ်စန္ဒားကနိမ်ကမ်အား တာဝန်ပေးပြီး သူက လဲသွားတဲ့အကိုင်းကို ခုတ်ပြီး ကောင်းမွန်စွာ ပြန်စိုက်ထားခဲ့လို့ ယခုတိုင် ကျန်ရှိနေတာဖြစ်တယ်။ ဒါကတော့ ဗောဓိညောင်ပင်ရဲ့ မှတ်သားစရာ မှတ်တမ်းလေးပါ။ မူလဗောဓိပင် မဟုတ်ပေမယ့် မူလဗောဓိပင်ရဲ့ အဆက်အနွယ်ဖြစ်တယ်လို့ သဘောပေါက်ရပါလိမ့်မယ်။
(၃) သတ္တဌာန = ဘုရားဖြစ်ပြီး တရားနှလုံးသွင်းကာ ဘုရားရှင် နေခဲ့တဲ့ နေရာ ခုနစ်နေရာ
(၃း၁) ဝဇိရာသနပလ္လင်တော်
ဝဇီရာသန ပလ္လင်တော်မြတ်
ဒီပလ္လင်တော်ကတော့ ဗောဓိညောင်ပင်နဲ့ မဟာဗောဓိစေတီအကြားမှာ တည်ရှိပြီး ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့ ထိုင်တော်မူရာ နေရာဖြစ်တယ်။ စကြာဝဠာ ကမ္ဘာမြေကြီး စတင်ပေါ်ထွန်းရာ နေရာလည်းဖြစ်၊ မဟာဗောဓိစေတီတော်ရဲ့ အနောက်၊ ဗောဓိညောင်ပင်ရဲ့ အရှေ့ဘက်မှာ တည်ရှိကာ ယခု ကျောက်ဆစ်လက်ရာ ပလ္လင်တစ်ခု အစားထိုးထားတာ ဖူးတွေ့ရတယ်။ အသောကမင်း လှူဒါန်းထားတဲ့ပလ္လင်လို့ သမိုင်းပညာရှင်တွေ ယူဆထားကြတယ်။ ဘုရားဖြစ်ပြီးတာနဲ့ ဘုရားရှင်ဟာ အဲဒီနေရာမှာ (၇) ရက်ပတ်လုံး ဖလသမာပတ် ဝင်စားပြီး နေခဲ့တယ်။ ဒါကြောင့် ဒီနေရာကို ပလ္လင်္ဂသတ္တာဟ လို့ခေါ်တယ်။ အရင်တုံးကတော့ ခြံမခတ်ထားပါဘူး။ ဒါပေမယ့် ဗေဒင်ဆရာတွေရဲ့ (အောင်မြေ)ဆိုတဲ့ အဟောကြောင့် ဘုရားဖူးလာတဲ့ သူတွေ အလုအယက် ဗောဓိညောင်နားက မြေတွေကို ကုတ်ယူကြတယ်။ ခြစ်ယူကြတယ်။ အလုအယက် ယူကြတယ်။ စဉ်းစားကြည့်ပါ။ ဘုရားဖူးက တစ်ယောက်နှစ်ယောက် မဟုတ်ဘူးလေ။ ထောင်သောင်းချီပြီး လာနေကြတာ။ တစ်ယောက်ကို အောင်မြေလောက်စာလုံးလောက် ကောက်ယူမယ် ဆိုရင် ဗောဓိညောင်ပင်ကြီးအနီးမှာ ဘာမြေမှ ကျန်တော့မှာ မဟုတ်ဘူး ဗောဓိပင်ကြီးလဲ ပျက်စီးသွားမယ်။ တချို့လဲ ဗောဓိပင်ရဲ့ အခေါက်ကို ခွာယူချင်ကြသေးတယ်။ ကြည်ညိုတာကို အပြစ်မဆိုချင်ပါဘူး။ တစ်ယောက်နဲနဲစီ ခွာယူသွားရင် ဗောဓိပင်ကြီး ပျက်စီးသွားမှာသေခြာတယ်။ ဒါကြောင့် ဗောဓိပင်ကြီး မပျက်စီးအောင် ဘောင်ခတ်ထား လိုက်တော့တယ်။
(၃း၂) အနိမိသဌာန
အနိမိသ သတ္တာဟ
ဒုတိယနေရာကတော့ ဘုရားဖြစ်ပြီးသော်လည်း တချို့နတ်တွေက ဘုရားမဖြစ်သေးဘူးလို့ ထင်နေကြလို့ နတ်တွေရဲ့ သံသယကို ပယ်ဖျောက်ဖို့ ဘုရားရှင်ဟာ ပလ္လင်ပေါ်ရပ်ကာ ကောင်းကင်ပေါ် ပျံတက်ပြီိး တန်ခိုး ပြာဋိဟာကို ပြတော်မူခဲ့တယ်။ အဲဒီနောက် ဗောဓိပင်ရဲ့ အရှေ့မြောက်ထောင့် (၁၀၄)ပေ အကွာမှာ (၇) ရက်တိုင်တိုင် ရပ်တော်မူပြီး ဗောဓိပင်ကို မမှိတ်မသုန် ကြည့်ရှုနေခဲ့တယ်။ အဲဒီနေရာကို အနိမိသသတ္တာဟ လို့ခေါ်ပြီး ယခု မဟာဗောဓိစေတီတော်ကြီးနဲ့ သဏ္ဍာန်တူတဲ့ အနိမိသစေတီတော် တစ်ဆူ ဖူးတွေ့ရတယ်။
(၃း၃) ရတနာစင်္ကမ
ရတနာစင်္ကမ
တတိယနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ဘုရားရှင်က တန်ခိုးတော်နဲ့ ရတနာစင်္ကြန်ကို ဖန်ဆင်းကာ ခုနစ်ရက်လုံးလုံး စင်္ကြန်လျှောက် တရားနှလုံးသွင်းခဲ့တယ်။ အမှတ်အသားအဖြစ် အောက်မှာ ကျိုးပဲ့နေတဲ့ အင်္ဂတေကြာပန်း (၁၁) ပွင့်ကို တွေ့ရတယ်။ နောက်ပိုင်းမှာတော့  မဟာဗောဓိစေတီရဲ့ မြောက်ဘက်မှာ အမြင့် (၃) ပေခန့်ရှိ အင်္ဂတေပလ္လင်ရှည်တစ်ခု ပြုလုပ်ထားပြီး အင်္ဂတေကြာပန်းများ တန်းစီ ပြုလုပ်ထားကာ ဘုရားရှင် စင်္ကြန်လျှောက်တဲ့ အထိမ်းအမှတ်အဖြစ် ကြည်ညိုစွာ မြင်တွေ့ရတယ်။ ဒီနေရာကို ရတနာစင်္ကမ ရတနာစင်္ကြန်လမ်းလို့ ခေါ်တယ်။

(၃း၎) ရတနာဃရ
ဒီစတုတ္ထနေရာကတော့ မဟာဗောဓိစေတီတော်ကြီးရဲ့ ပေ (၇၀) ဝေးတဲ့ အနောက်မြောက်ထောင့်မှာ တည်ရှိတယ်။ နတ်တွေ ဖန်ဆင်းပေးထားတဲ့ ရတနာစံကျောင်းတော်မှာ ဘုရားရှင်က ခုနစ်ရက်ပတ်လုံး သီတင်းသုံးခဲ့ကာ ပဋ္ဌာန်းတရားတော်များကို ဉာဏ်တော်နဲ့ ဝေဖန်တဲ့နေရာဖြစ်တယ်။ ပဋ္ဌာန်းတရားတော်ကို သုံးသပ်ပြီးတဲ့နောက် ဘုရားရှင်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတယ်။ အခုတော့ အုဋ္ဌ်ကျောင်းငယ်လေး တစ်ဆောင်တွေ့ရပြီး ထူပါကျောက်နဲ့ ထုဆစ်ထားတဲ့ ခြံခတ်ထားပါတယ်။ ဒီနေရာကို ရတနာဃရသတ္တာဟ = ရတနာစံကျောင်းလို့ ခေါ်ပါတယ်။

(၃း၅) အစပါလ (ခေါ်) ဆိတ်ကြောင်းညောင်ပင်
ပဉ္စမနေရာကတော့ မဟာဓောဓိစေတီတော်ရဲ့ အရှေ့တည့်တည့် ပေ (၇၀) ကွာတဲ့ နေရာမှာ တည်ရှိပြီး ဘုရားရှင်လက်ထက်မှာ ဆိတ်ကျောင်းသားများ ဆိတ်ကြောင်းတဲ့ နေရာဖြစ်ခဲ့တယ်။ ဘုရားရှင်နဲ့ မာနတ်မင်းသမီး သုံးပါး တွေ့ဆုံတဲ့ နေရာဖြစ်တဲ့အပြင် ဟုံဟုံကပုဏ္ဏားနဲ့ တွေ့တဲ့နေရာလဲ ဖြစ်တယ်။ အခု အစပါလ အထိမ်းအမှတ်အဖြစ် မဟာဗောဓိစေတီတော် လှေခါး အဆင်းလမ်း ခလယ်မှာ ကျောက်တိုင် တစ်တိုင် စိုက်ထူထားတာ တွေ့ရတယ်။ ဒီနေရာကို အစပါလသတ္တာဟ လို့ခေါ်ပြီး ဘုရားရှင် ခုနစ်ရက်ပတ်လုံး သီတင်းသုံးခဲ့တယ်။

(၃း၆) မုဉ္စလိန္ဒာ
မုဉ္စလိန္ဒာအိုင်
ဒီဆဋ္ဌမနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ အရှေ့တောင်ဘက် ပေ (၁၇၀) အကွာမှာ တည်ရှိပြီး မုဉ္စလိန္ဒာ ရေကန်အနီးမှာ ရှိပါတယ်။ အဲဒီနေရာ ဘုရားရှင် ခုနစ်ရက် သီတင်းသုံးတဲ့အချိန် မုဉ္စလိန္ဒာ နဂါးမင်းကြီးက ကြည်ညိုလွန်းလို့ နဂါးမင်းဟာ သူ့ကိုယ်ကို ပလ္လင်တော်အဖြစ် အခွေပြုကာ ဘုရားရှင်အား ထိုင်စေခဲ့တယ်။ သူ့ရဲ့ ပါးပျဉ်းကြီးနဲ့ ဘုရားရှင်အား မိုးမစိုအောင် မိုးပေးခဲ့တယ်။ ယခု အဲဒီနေရာ ရေကန်ရဲ့ အရှေ့မြောက်ထောင့် အနီးမှာ ကျောက်တိုင်တစ်တိုင် စိုက်ထူထားပြီး မုဉ္စလိန္ဒသတ္တာဟအဖြစ် တွေ့ရတယ်။

(၃း၇) ရာဇာရတန
မြန်မာပြည်မှ စိုက်ထားသော လင်းလွန်းပင်
သတ္တမနေရာကတော့ မဟာဗောဓိစေတီတော်ရဲ့ တောင်ဘက် ပေ (၇၀) အကွာမှာ တည်ရှိပြီး လင်းလွန်းပင်အောက်မှာ ခုနစ်ရက်ပတ်လုံး ဘုရားရှင် သီတင်းသုံးခဲ့တယ်။ အဲဒီအချိန် တဖုဿနဲ့ ဘလ္လိက ရောက်လာပြီး ပျားဆုပ်မုန့်ကို ဘုရားရှင်အား ကပ်လှူခဲ့တယ်။ ဒွေဝါစိက သရဏဂုံကို ခံယူကာ ဘုရားရှင်ရဲ့ ဆံတော်ကို ပင့်ဆောင်ပြီး ဥက္ကလာပမှာ ရွှေတိဂုံစေတီ တည်ခဲ့တယ်။ (သံဃာတော် မရှိသေးတဲ့အတွက် သရဏဂုံ နှစ်ပါးကိုသာ ခံယူခဲ့တယ်၊ သူတို့နှစ်ယောက်က ပထမဆုံး ဗုဒ္ဓဘာသာဝင်ဖြစ်တယ်၊ ရွှေတိဂုံစေတီတော်လဲ ပထမဦးဆုံး စေတီတော်ဖြစ်တယ်) ဘုရားရှင်လက်ထက်က လင်းလွန်းပင်ကြီးကတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကမှ မြန်မာပြည်ကနေ လင်းလွန်းပင် တစ်ပင် ပြန်လည် အစားထိုး စိုက်ထားတာတွေ့ရတယ်။ အဲဒီနေရာမှာ ကျောက်စေတီတွေ တွေ့ရပြီး ရာဇာရတနသတ္တာဟ လို့ခေါ်တယ်။
မဟာဗောဓိစေတီတော် တည်ရှိရာ ဂယာမြို့ပတ်ဝန်းကျင်မှာ တွေ့ရမယ့် သာသနာ့ဆိုင်ရာ အထိမ်းအမှတ်များကတော့ သိဒ္ဓတ္ထမင်းသား တောထွက်ကာ အနောမာသောင်ကမ်းအနီး ဆံတော် ပယ်တဲ့နေရာ၊ ၆ နှစ်တိုင်တိုင် ဒုက္ကရစရိယာ ကျင့်တဲ့နေရာ၊ ဥရုဝေလတောင်တန်း၊ သုဇာတာသူဌေးသမီးဃနာနို့ဆွမ်းချက်တဲ့ သေနနိဂုံးရွာ၊ ဘုရားအလောင်းတော် ရွှေခွက်မျှောတဲ့ နေရဉ္စရာမြစ်ကမ်း၊ သောတ္ထိယ မြက်ရှစ်ဆုပ် လှူတဲ့နေရာ တွေဟာ ခရီးသွား ဘုရားဖူးများအတွက် လှည်ပတ်ကြည့်ရှုတဲ့နေရာတွေ ဖြစ်ပါတယ်။
ဒီနေရာတွေဟာ ဘုရားရှင်လက်ထက်ကတော့ ဗုဒ္ဓဂယာလို့ မခေါ်ဘူး။ ဝိနယမဟာဝါပါဠိထဲမှာ ဘုရားဖြစ်ပြီးတဲ့နောက် ဘုရားရှင်ဟာ မိဂဒါဝုန်ကို ကြွတဲ့အချိန် မိဂဒါဝုန်နဲ့ မဟာဗောဓိဟာ (၁၈) ယူဇနာ (တစ်ယူဇနာကို ၁၃ မိုင်နီးပါးလို့ တွက်ချက်ကြသလို တချို့လည်း ၈ မိုင်ကျော်လို့ သတ်မှတ်တယ်) ကွာဝေးတယ် လို့ဆိုထားတယ်။ လမ်းခရီးမှာ ဘုရားရှင်နဲ့ ဥပကတို့ ဂယာမှာ တွေ့ဆုံကြတယ်။ အဲဒီအချိန် ဂယာနဲ့ မဟာဗောဓိဟာ သုံးဂါဝုတ်ကွာဝေးတယ် လို့ဆိုတယ်။ ဒါပေမယ့် ယခု ဂယာမြို့က ကျယ်လာ လူဦးရေများလာလို့ ဗုဒ္ဓဂယာနဲ့ ဆက်သွားလို့ မဟာဗောဓိလည်း ဂယာမြို့နယ်ထဲ ပါသွားခြင်းပါ။ ဂယာမြို့လည်း ဘုရားပွင့်ရာ ဒေသကို အမီပြုပြီး ဗုဒ္ဓဂယာ လို့ လူသိများလာခဲ့တယ်။ အင်တာနေရှင်နယ်အခေါ်ကတော့ Budhgaya ဗုဒ်ဂယာ လို့ပဲခေါ်တယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
တောင်တန်း သာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း ခေတ္တ ဗုဒ္ဓဂယာ) ၂၀၁၂ ဖေဖော်ဝါရီ
မှီငြမ်း -
(၁) မြန်မာ့ စွယ်စုံကျမ်း
(၂) Microsoft Encarta Premiums 2009, Budh Gaya
(၃) http://en.wikipedia.org/wiki/Bodhi_Tree
(၄) http://www.myanmarengineer.org

http://saitunsein.blogspot.com/2012/03/blog-post_13.html မှ ကူးယူဖေါ်ပြပါသည်။


ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, December 6, 2012

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသမိုင်းအကျဉ်း


ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားသမိုင်းသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နှစ်ပေါင်း (၂၂၀)အကြာ၊ အိန္ဒိယပြည်တွင် သီရိဓမ္မာသောကမင်းကြီး တတိယသင်္ဂါယနာတင်သည့် အချိန်မှ စခဲ့သည်ဟု ဆိုရပါမည်။

မင်းကြီးသည် အကျင့်သိက္ခာနှင့် မညီသော ရဟန်းများကို သာသနာတော်မှ ဖယ်ရှားပြီး သာသနာတော် သန့်ရှင်းတည်တံ့ပြန်ပွားစိမ့်သောငှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်အား အကြီးအမှုးပြု၍ ပိဋကတ်ကျမ်းဂန်၌ ကျွမ်းကျင်လိမ္မာသော ရဟန်းတော်အပါးတစ်ထောင်ကို ရွေးချယ်တော်မူ၏။ ထို့နောက်တတိယသင်္ဂါယနာတင်ပွဲကြီးကို ပါဋလိပုတ်ပြည်အာသောကာရာမကျောင်းတိုက်ကြီး၌ ကိုးလတိုင်တိုင် ကျင်းပတော်မူသည်။

ထိုမျှမကသေး မင်းကြီးသည် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ကြီးနှင့် တိုင်ပင်ကာ အခြားနိုင်ငံများတွင် သာသနာပြန့်ပွါးငှာ ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုအဖွဲ့များစေလွှတ်တော်မူသည်။ တစ်ဖွဲ့လျှင် ရဟန္တာ (၅)ပါးစီ ပါဝင်စေပြီး သားတော် အရှင်မဟိန္ဒဦးဆောင်သောအဖွဲ့သည် ယခုအခါသီရိလင်္ကာဟုခေါ်သော သီဟိုဋ္ဌ်ကျွန်းသို့ ရောက်ရှိတော်မူသည်။

{မြန်မာနိုင်ငံ သုဝဏ္ဏဘူမိ သထုံပြည်သို့လည်း အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် နှစ်ပါးဦးဆောင်သောအဖွဲ့ ရောက်ရှိလာသည်။ မြန်မာနိုင်ငံတွင် ကြီးမားသော သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူကြသည်။

ရဟန္တာနှစ်ပါးသည် ကျိုက်ထိုမြို့မြောက်ဘက် တစ်မိုင်ခန့်အကွာ မောရတောင် (ယခုဘုရားသုံးဆူရွာတွင်) သောဏစေတီ၊ ဥတ္တရစေတီနှင့် အရှင်နှစ်ပါးပေါင်း၍ သောဏုတ္တရစေတီဟူ၍ စေတီသုံးဆူကို တည်ထားတော်မူသည်။ ၄င်းစေတီသုံးဆူကို အစွဲပြု၍ ယခုအခါ ဘုရားသုံးဆူတောင်ဟု ခေါ်တွင်သည်။

ရဟန္တာနှစ်ပါးသည် ဘီးလင်းမြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ သာယာလှပသော ကုသီနာရုံတောင်ပေါ်တွင် ပရိနိဗ္ဗာန်စံဝင်တော်မူကြသည်။ ပရိနိဗ္ဗာန်စံဝင်တော်မူသော ရုပ်ထုပုံတော်များကို အသစ်ပြုပြင်ထားသော ဂန္ဓကုဋီတိုက်တွင် ထားရှိပြီး ဒေသခံများနှင့် ရပ်နီးရပ်ဝေး ဘုရားဖူးများက လာရောက်ပူဇော်ကြသည်။}

ထိုအချိန်က သီဟိုဋ္ဌ်ကျွန်းနိုင်ငံကို ဒေဝါနံပီယတိဿမင်းကြီး စိုးစံတော်မူသည်။ အရှင်မဟိန္ဒ ဦးဆောင်သော သာသနာပြုအဖွဲ့ရောက်ရှိတော်မူလာသောအခါ မင်းကြီးသည် မိမိကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုတော်မူသည်။ မင်းကြီးနှင့် ရဟန္တာအရှင်မြတ်တို့သည် သာသနာပြုလုပ်ငန်းများကို အစဉ်အတိုင်း ဆောင်ရွက်တော်မူကြသည်။

တစ်နေ့တွင် မင်းကြီးသည် အခြားနိုင်ငံများမှ လူအပေါင်းတို့သည်လည်း ဗုဒ္ဓရုပ်ပွါးတော်များကို ဖူးမျှော်ပူဇော်ရပါလျှင် လောကီအကျိုး၊ လောကုတ္တရာအကျိုးများရစေပြီး ဗုဒ္ဓဘာသာကို အလွန်သက်ဝင် ယုံကြည်လာကြလိမ့်မည်ဟု စဉ်းစားတော်မူသည်။

ထို့နောက် ဒေဝါနံပီယတိဿမင်းကြီးသည် မိမိ၏ အကြံတော်ကို အရှင်ဟိန္ဒအားလျှောက်ထားရာ အရှင်ဟိန္ဒကလည်း ကောင်းမြတ်သောအကြံဖြစ်သဖြင့် သင့်တော်ကြောင်း မိန့်ကြားတော်မူသည်။ ထိုအခါ မင်းကြီးသည် ပန်းပုပညာရှင် အကျော်အမော်တို့အား ရုပ်ပွါးတော်လေးဆူကို ထုလုပ်စေတော်မူသည်။ ပြီးစီးသောအခါ ရုပ်ပွါးတော်လေးဆူတို့အား တိုင်းသူပြည်သားများ နန်းတွင်းသူ နန်းတွင်းသားများနှင့်အတူ ရဟန်းတော်များအား ဆွမ်းလုပ်ကျွေးတော်မူလျှက် (၁၅)ရက်တိုင်တိုင် ပူဇော်ပွဲကျင်းပတော်မူသည်။

ထို့နောက် မင်းကြီးသည် မိမိကြံရွယ်ထားသည့်အတိုင်း အခြားနိုင်ငံများမှ လူများပူဇော်ကိုးကွယ်နိုင်စေခြင်းငှာလည်းကောင်း၊ ဗုဒ္ဓသာသနာပြန့်ပွါးစေခြင်းငှာလည်းကောင်း ရုပ်ပွါးတော်လေးဆူမှ တစ်ဆူကို ကျွန်းတုံးဖောင်ပေါ်တွင်လည်းကောင်း၊ တစ်ဆူကို ပိန္နဲတုံးဖောင်ပေါ်တွင်လည်းကောင်း၊ တစ်ဆူကို သင်္ကန်းတုံးဖောင်ပေါ်လည်းကောင်း တစ်ဆူကို ကျောက်လှည်းဘီးဖောင်ပေါ်တွင်လည်းကောင်း အသီးသီးတင်ကာ စည်ကားသိုက်မြိုက်စွာ အခမ်းအနားဖြင့် သမုဒ္ဒရာအတွင်းသို့ အဓိဋ္ဌာန်ပြုကာ မျောလွှတ်တော်မူလိုက်သည်။

ရုပ်ပွါးတော်လေးဆူတို့သည် နတ်၊ သိကြားတို့၏ အစောင့်အရှောက်ဖြင့် သာသနာတော်ထွန်းကားရာ မြန်မာနိုင်ငံသို့ဆိုက်ရောက်လာကြသည်။

တစ်ဆူမှာ ကျိုက္ခမီကမ်းခြေသို့ ဆိုက်ရောက်ပြီး “ကျိုက္ခမီရေလယ်ဘုရား” ဘွဲ့တော်နှင့် ကျော်ကြားလျက်ရှိပါသည်။ ပွဲတော်မှာ သီတင်းကျွတ်လပြည့်မှ လပြည့်ကျော် (၅)ရက်နေ့အထိဖြစ်သည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမျှော်ကြသဖြင့် အလွန်စည်ကားသည်။

 တစ်ဆူမှာ ထားဝယ်ကမ်းခြေသို့ ဆိုက်ရောက်ပြီး “ရှင်မုတ္တီး” ဘွဲ့တော်ဖြင့် ကျော်ကြားပါသည်။

အခြားတစ်ဆူမှာ ပုသိမ်ကမ်းခြေသို့ ဆိုက်ရောက်ပြီး ပုသိမ်မြို့ ရွှေမုတ္ထောစေတီတော်ကြီး၏ အာရုံခံတန်ဆောင်းတစ်ခုအတွင်း “သီဟိုဋ္ဌ်ရှင်ဘုန်းတော်ပြည့်ဘုရား” ဘွဲ့တော်ဖြင့် ကိုးကွယ်ပူဇော်ထားသည်။



ကျောက်လှည်းဘီးဖြင့် မျောလာသော ကျန်တစ်ဆူမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရားဖြစ်ပါသည်။ ဘွဲ့တော်ကို မူလက “ကျိုက်ပေါလောဘုရား”၊ နောင်သော် ပကတိမျက်စေ့ကဲ့သို့ ကြည်လင်တောက်ပသော မျက်လုံးတော်ကို အစွဲပြု၍ “ကျိုက်ပေါလောမျက်ရှင်တော်ဘုရား”၊ ထို့နောက်တွင် လက်ျာဘက် နားထင်ပေါ်တွင်ရှိသော မှဲ့တော်ကို အစွဲပြု၍ “ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား” ဟူ၍ အမျိုးမျိုးပြောင်းလဲခေါ်ဝေါ် ပူဇော်ကြပါသည်။

ကျောက်လှည်းဘီး

ယခု ဂေါပကအဖွဲ့သည် (၁၉၈၈)ခုနှစ် အစပိုင်းမှ (၁၉၉၉)ခုနှစ် မတ်လအထိ (၁၁)နှစ်ကာလအတွင်း အလှူငွေ စုစုပေါင်း (၃၄၆)သိန်းကို ရရှိခဲ့ပါသည်။

မြို့ခံအလှူရှင်များ၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်အပေါင်းတို့၏ ဤအလှူဒါနဖြင့် ရွှေသားပလ္လင်တော်ကြီး၊ ဂန္ဒကုဋီတိုက်ကြီး၏ ရွှေသားမျက်နှာကျက်တော်နှင့် ရွှေသားနံရံများ (ယခုပြုပြင်ဆဲ)ကို မြန်မာအနုပညာလက်ရာအလှအပတို့ဖြင့် ရွှေကျောင်းတော်ကြီးအဖြစ်ပြုပြင်လျက်ရှိပါသည်။

ထို့အပြင်ဘုရားဖူးများ တည်းခိုနိုင်ရန် နှစ်ထပ်ဆောင်ကြီး အသစ်တစ်ခုကို တည်ဆောက်ခြင်း၊ တရားဟောတရားနာရန် ဓမ္မာရုံကြီးတစ်ခု၊ သိမ်တော်ကြီးတစ်ခုနှင့် အခြားသာသနိက အဆောက်အဦးများ ပြုပြင်ထိန်းသိမ်းခဲ့ပါသည်။ အလှူရှင်အပေါင်း သာဓုအနုမောဒနာခေါ်နိုင်ကြပါကုန်။

ဘုရားသမိုင်းအကျဉ်းနှင့်ပတ်သက်၍ ဂေါပကအဖွဲ့မှ အမှာစာ.....
ကျိုက်ထိုမြို့ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသမိုင်းအကျယ်တွင် သမိုင်းပြုစုသူ စစ်တောင်းမြို့ အလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးစိုးနိုင် (စိုးရာဇာ)က ဘုရားတည်ရှိရာ ကျိုက်ထိုမြို့နောက်ခံသမိုင်း၊ သုဝဏ္ဏဘူမိမြို့ဟောင်း နောက်ခံသမိုင်း၊ ရှေးခေတ် မွန်လူမျိုးတို့အကြောင်း၊ သုဝဏ္ဏဘူမိသို့ သာသနာရောက်ရှိလာပုံအကြောင်းစသည်တို့ကို သိမှတ်ဖွယ်ရာ အဖြာဖြာနှင့် စုံလင်စွာရေးသားခဲ့ပါသည်။

သို့သော် ဘုရားဖူးလာ သူတော်ကောင်းတို့အနေဖြင့် မအားမလပ် အချိန်မပေးနိုင်ကြမည်စိုးသောကြောင့် ဘုရားသမိုင်းကို အကျုဉ်းချုံးရေးသားထုတ်ဝေခြင်းဖြစ်ပါသည်။

မျောလေးမျောသမိုင်းဝင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားသမိုင်းအကျဉ်း မှ ကူးယူဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ခရစ္စတလ်

Saturday, December 1, 2012

“ပူစူးမ”

မေး ။ ။ နာမည်ဘယ်လိုခေါ်လဲ ...
ပူစူးမ ။ ။ အငယ်ဆုံးမို့ အမေက “ပူစူးမ”လို့ခေါ်တယ်။

မေး ။ ။ ဘာလုပ်လဲ ...
ပူစူးမ ။ ။ အသုပ်စုံရောင်းပါတယ်။

မေး ။ ။ အရင်ကရော ...
ပူစူးမ ။ ။ လက်သုပ်ရောင်းတယ် ရာသီပေါ် အသုပ်ကလေးတွေပေါ့။

မေး ။ ။ တနေ့ ဘယ်လောက်မြတ်လဲ ...
ပူစူးမ ။ ။ အသတင် သုံးထောင်ကနေ ငါးထောင်၊ ရောင်းကောင်းရင် ရှစ်ထောင်ပေါ့။

မေး ။ ။ အနာဂတ်ရည်ရွယ်ချက် ...
ပူစူးမ ။ ။ နာမည်ကြီး အသုပ်စုံရောင်းတဲ့ ဆိုင်ကြီးနဲ့ပေါ့ အဲလိုဖြစ်ချင်တယ်။

မေး ။ ။ နာမည်ကြီးဆိုင်ဆိုတာ...
ပူစူးမ ။ ။ သပြေရိပ်တို့လို မောနင်းစတားတို့လို နာမည်နဲ့ ကျော်ကြားတဲ့ ဆိုင်မျိုးပေါ့။

မေး ။ ။ အဲလိုနာမည်ကြီးလာအောင် ဘယ်လိုကြိုးစားမှာလဲ ...
ပူစူးမ ။ ။ ကျမက သူများတွေလို ချဲထီ နှစ်လုံးထီတွေဘာတွေလည်း မထိုးဘူး၊ လောင်းကစားလည်း စိတ်မဝင်စားဘူး၊ ရတာလေး အမြတ်လေးကို စုထားတယ်၊ ကျမက တခုလပ်ပါ ကလေးလည်း မရှိဘူး၊ အမေအိုတစ်ယောက်ပဲ စားမယ့်သူရှိပါတယ်။ ငွေတိုးလည်း သူများကို မချပေးပါဘူး မတော်လို့ ကိုယ့်ငွေလေး ပြန်မရရင်သော်လည်းကောင်း၊ သူများပေးမယ့် အပူငွေ အတိုးငွေကိုလည်း မစားချင်တာကြောင့်ရောပေါ့။ ဒါကြောင့် ငွေစုပြီး ဆိုင်ဝယ်ရင်ဖြစ်ဖြစ် ငှားနိုင်ရင်ဖြစ်ဖြစ် “ဒေါ်ပူစူးမ”နာမည်နဲ့ အသုပ်မှန်သမျှ တစ်နေရာတည်း စားနိုင်အောင်၊ လာစားတဲ့သူတွေ စိတ်ချမ်းသာစွာနဲ့ ကျန်းမာရေးညီညွတ်စွာ စားနိုင်အောင် ကြိုးစားမှာ။ ဖြစ်လာမယ်လို့ကို ယုံကြည်ပါတယ်။

မေး ။ ။ ပူစူးမ ယုံကြည်တဲ့အတိုင်း ရည်ရွယ်ချက်တွေ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ပူစူးမ ။ ။ ပေးတဲ့ဆုနဲ့ မြန်မြန်လေး ပြည့်ရပါစေရဲ့ အစ်မရယ်။

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

 ပုံနှင့် စာသား မည်သို့မှ မသက်ဆိုင်ပါကြောင်း :)


ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Wednesday, October 31, 2012

သူသည် ကြောင်လေးတစ်ကောင်သာဖြစ်သည် ... ။




ကောင်မလေးသည် ကြောင်ကလေးများနှင့် ငယ်ငယ်ကတည်းက ကစားဖေါ်ကစားဖက်များဖြစ်တာကြောင့် ကြောင်အော်သံကြားမိတိုင်း နားစွင့်တတ်လေသည်။
တနေ့သော် .. ကြောင်လေးတစ်ကောင်အော်သံကြားရသည်မှာ သုံးရက်ဆက်တိုက်ဖြစ်လာသည်၊ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုဖြစ်လိမ့်မည်ဟု ယူဆကာ ရှာဖွေရေးစတင်ခဲ့ပါ၏။

လူအသုံးနဲသော တိုက်အတက်အဆင်းလှေကားတွင် (ဓာတ်လှေကားရှိသောကြောင့်) အကြောက်လွန်သော အသက် ၂-နှစ်အရွယ် အဖြူရောင်ကြောင်လေးတစ်ကောင်တွေ့ရပါသည်။
ကြောင်ကလေးသည် ကြောက်လွန်းလို့ တုန်ရီစွာ လှေကားထစ်များကြားတွင် ပုန်းနေ၏။ တုန်ရီနေသောကြောင်ကလေး အကြောက်ပြေစေရန် ချော့ပြီး သူမအခန်းသို့ ပွေ့ချီခေါ်ခဲ့ပါသည်။

သူမ ကံမကောင်းပါ။ အဘယ်ကြောင့်ဆိုသော် ကြောင်ကလေးပုံစံမှာ သူ့မူလသခင်ကိုသာ ရှာဖွေလိုပုံပေါ်သည်။ ကြောင်တို့နှစ်သက်ရာအစားအစာများ ကျွေးပါသော်လည်း သူမကို တွယ်တာပုံမပေါ်၊ ဆော့ကစားပါသော်လည်း မဆော့သော ကြောင်လေးကို သူမ အလွန်သနားပါသည်။ သူနှင့်ရင်းနှီးဖို့ အချိန်လိုမည်။ ဂရုစိုက်စောင့်ရှောက်မှုတွေလိုမည်။ ဘယ်အစာကို နှစ်သက်သလဲ သူမ သိရန် ကြိုးစားရမည်။ သို့သော် သူမသည် ယခုလိုအချိန်တွင် ကြောင်ကလေးတစ်ကောင်အတွက် အချိန်ပေး ဂရုစိုက်ပြုစုစောင့်ရှောက်ဖို့ မလွယ်ပါ။ ကြောင်လေးများသည် ပြုစုယုယမှု အလွန်နှစ်သက်တတ်ကြသည်မဟုတ်လားးး။

ကြောင်လေး အိမ်ပြန်ချင်သည်ကို သူမ ဘယ်လိုကူညီရင်ကောင်းမလဲ၊ သူ့သခင် ဘယ်သူလဲ မသိ၊ နေရာလည်း မသိ။ ခက်ပြီ။

သူမနေသော တိုက်တွင် အခန်းပေါင်းများစွာ ရှိပါသော်လည်း လူနဲပါသည်။ တိုက်ခန်းမှ လူများအားလုံးလိုလို ကြောင် သို့မဟုတ် အိမ်မွေး ခွေးငယ်လေးများ မွေးထားကြသည်။ ထို့ကြောင့် ကြောင်လေးကို ဖမ်းပြီး သတ်စားမယ့်သူတွေတော့ မရှိလောက်ပါဘူး။ ကြောင်ကလေးကို ပွေ့ချီ၍ လှေကားဘက်သို့ လာကာ ကြောင်လေးကို ချပေးပြီး သူ့အိမ်ပြန်ရန် လမ်းစ မှတ်မိလိုမှတ်မိငြား စောင့်ကြည့်နေမိသည်။ သူမ အိမ်မှ ကြောင်လေးတစ်ကောင်သည် ရှစ်လကြာမှ အိမ်သို့ ပြန်ရောက်လာခဲ့ဖူးသည်။ ကြောင်ပျောက်တုန်း ငိုခဲ့ရသော ရက်တွေကို သတိရပြီး အခုကြောင်လေး၏ သခင်သည်လည်း စိတ်ပူနေရှာရော့မည်လို့ တွေးမိပြန်သည်။ ကြောင်များသည် မိုင်ငါးဆယ်အတွင်း မိမိနေထိုင်ရာ သခင်အိမ်သို့ အနံ့ခံအာရုံဖြင့် ပြန်တတ်ကြလေသည်။

နှာခါင်းလေး ရှုံ့ပွရှုံ့ပွလုပ်ကာကြောင်လေးသည် လှေကားတစ်လျှောက် စတက်စဉ် သူမ အသာလေး လစ်ကာ အခန်းပြန်လာခဲ့လိုက်သည်။ သူမကို မတွယ်တာစေချင်တော့၊ သူကိုယ်တိုင် လွတ်လပ်စွာ သူ့အိမ်ကို ပြန်စေချင်ပါသည်။ သူမ-ရှိနေလျှင် စွန့်စားတော့မည်မဟုတ်။ သူကလေးကလည်း ခေသူမဟုတ်၊ ခဏနေတော့ သူမအခန်းဝသို့ ပြန်လိုက်လာသည်၊ ညောင် ညောင်နှင့် အော်ခေါ်သည်၊ တံခါး မဖွင့်ပေးပဲ ငြိမ်သက်စွာနေလိုက်သောအခါ စိတ်လျော့သွားပုံရပါသည်။ နောက်ပြန်လှည့်ကာ လှေကားထစ်များဆီ ပြန်သွားလေသည်။ တစ်နာရီခန့်ကြာသောအခါ ကြောင်အော်သံမကြားရတော့။ နောက်ရက်များတွင်လည်း ထိုကြောင်လေးကို မတွေ့ရတော့ပါ။ သူကလေး သူ့သခင်ကို ရှာဖွေတွေ့ရှိသွားပုံရပါသည်။ သူမသည်လည်း စိတ်အေးသွားသည်။

ကြောင်ကလေးမှာ ကြောင်ချစ်သူများအကြိုက် ဝဝကစ်ကစ်ချစ်စရာ ဖြူဖြူလေးဖြစ်သည်။ အညစ်အကြေများ ကင်းစင်နေပုံကို ကြည့်ခြင်းဖြင့် သူ့သခင်က အတော်လေး ဂရုစိုက်မှု ချစ်ခင်မှုတို့ ပေါ်လွင်နေပါသည်။

ဘာပဲဖြစ်ဖြစ် သူမနှင့်နေလျှင် သူ့သခင်လောက် ဂရုစိုက်ခံရမည်မဟုတ်၊ သူမလို အလုပ်အာရုံတွေကြား စိတ်နှစ်ထားတတ်သော ကြောင်ချစ်သူတစ်ယောက်အနေဖြင့် ချစ်စရာကောင်းသော ကြောင်ဖြူဖြူလေးကို မပိုင်ဆိုင်သင့် မပိုင်ဆိုင်ထိုက်ပေ။

အဓိက တခြားအကြောင်းကတော့ ကြောင်ကလေးသည် သူမအခန်းသို့ ခေါ်ဆောင်လာပါသော်လည်း သူ့အသွင်မှာ ကိုယ့်အပေါ်ခင်မင်လိုပုံမပေါ်၊ စိမ်းကားသည်လည်း မဟုတ်၊ ယာယီနားခိုပုံသာပေါက်နေသောကြောင့်ဖြစ်ပါသည်။

ထို့ကြောင့် ကြောင်သခင်နှင့် ကြောင်ကလေးတို့ ပြန်တွေ့ဆုံရေး လမ်းစပေးကာ ကြောင်ကလေးကို လမ်းကြောင်း ... ပေးခဲ့တာလည်းဖြစ်ပါသည်။

ကြောင်လေးသည်လည်းကောင်း၊ ကြောင်လေး၏ သခင်သည်လည်းကောင်း၊ သူမသည်လည်းကောင်းးးးးး။

တခါတရံ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပြုလုပ်ခြင်းသည် ဖြစ်ချင်တာတွေ ဖြစ်စေသည်မဟုတ်ပါလား။

.
.
.
.
.
သူသည် ကောင်လေးတစ်ယောက်မဟုတ်၊ ကြောင်လေး တစ်ကောင်ဖြစ်သည်။


လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, October 4, 2012

သင် အားသန်ရာကို သိပါလေစ ...။


အခုရေးမယ့်အကြောင်းအရာက ဘာသာရေးအကြောင်းတော့ မဟုတ်ပါဘူး။ အခုတလော အင်တာနက်ပေါ်မှာနှင့် တခြားနေရာတော်တော်များများမှာ သတိထားမိတာလေးကို အရင်ကသိထားဖူးတဲ့ အကြောင်းအရာတွေနှင့် ပေါင်းပြီး ပြောပြချင်လို့ပါ။ တချို့ လည်း အခုပြောမယ့်ကိစ္စကို သိပြီးသား ဖြစ်ချင်ဖြစ်နေမှာပါ။ မသိသေးတဲ့သူတွေအတွက်တော့ Knowledge Share သဘောမျိုး လုပ်လိုက်ပါတယ်။ သိထားပြီးသား ပုဂ္ဂိုလ်များကလည်း အခုအကြောင်းအရာကို မိမိတို့မြင်တဲ့ရှုထောင့်အသီးသီးကနေ ၀ိုင်းပြီး ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဒါမှ ကျွန်တော်ရော၊ စာလာဖတ်ကြတဲ့သူတွေအားလုံးရော အသိပညာဗဟုသုတတွေ ရှေးကထက်တိုးပြီး စုဆောင်းမိသွားနိုင်မှာ မို့လို့ပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်နီးပါးက ဖြစ်မယ်ထင်ပါတယ်။ စာရေးဆရာမ ဂျူးရဲ့  ၀တ္ထုတိုလေး နှစ်ပုဒ်ကို ထူးအိမ်သင်နှင့် ဟေမာနေ၀င်းတို့က အသံထွက်ဖတ်ပြီး အခွေထုတ်ခဲ့ပါတယ်။ အခုတောင် အွန်လိုင်းမှာ သူတို့ အသံဖိုင်တွေ ရှိနေပါတယ်။ အဲဒီတုန်းကတော့ ဆရာမဂျူးတစ်ယောက် အစမ်းထွင်တယ်လို့ စိတ်ထဲက ထင်မိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဆူနာမီဆရာတော်ဦးဥတ္တမသာရက သူ့ရဲ့  “အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ” ဆိုတဲ့ တရားဖြန့်ချိရေးဌာနမှာ ဆရာကြီးရွှေဥဒေါင်းရဲ့ ဆောင်းပါးတွေကို သူကိုယ်တိုင် အသံဖိုင်ပြန်ပြောင်းပြီး စီဒီခွေလုပ်ပါတယ်။ အဲဒီတုန်းက နိုင်ငံခြားရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က အဲဒီအခွေလိုချင်ပါတယ်ပြောတော့ ကျွန်တော်က သူ့ကိုတောင် ဘာလို့ သူများအသံကြီးနှင့် နားထောင်နေမှာလဲ။ စာအုပ်ပဲဖတ်ပေါ့ လို့ အတွန့်တက်ခဲ့ဖူးပါသေးတယ်။

အခုဒီဘက်နှစ်တွေမှာ ဆောင်းပါး၊ ၀တ္ထု၊ ကဗျာနှင့် တရားစာပေတွေကို စာနှင့်ရိုက်ထားတဲ့ပုံစံအဖြစ်ကနေ အသံပုံစံအဖြစ်ပြောင်းတာမျိုး အထူးတလည် လုပ်လာတာ တွေ့နေရပါတယ်။ တချို့ ကလည်း အသံပုံစံကနေ စာပုံစံကို ပြန်ပြောင်းကြပါတယ်။ ဟိုတလောကလည်း မျက်မမြင်တွေအတွက် စာအုပ်တွေကို အသံဖိုင်အဖြစ်နှင့် ပုံစံပြောင်းပြီး အလှူခံကြတာ၊ လှူကြတာ  ကျွန်တော့်ပတ်ဝန်းကျင်မှာတွေ့လာရတယ်။ သူတို့တွေလို မျက်စိမမြင်ရတဲ့သူတွေအတွက်တော့ ဒီလို စာတွေကို အသံအဖြစ် ပြောင်းပေးတဲ့ကိစ္စက တကယ့်ကို ရှိသင့်တဲ့ လိုအပ်ချက်ဖြည့်ဆည်းမှုတစ်ခုပါဘဲ။ ဒီတော့ မျက်စိလည်းကောင်း၊ စာလည်းဖတ်တတ်ကြတဲ့ သူတွေအတွက်ရော ဒီအသံပုံစံစနစ်ကို ပြောင်းတဲ့ကိစ္စက တကယ်လိုအပ်ပါသလား?

Peter Drucker ရဲ့  Management Challenges For the 21st Century ဆိုတဲ့ စာအုပ်ထဲကနေ အခုမေးခွန်းနှင့် ပတ်သက်ပြီး ဆရာကြီး သုတေသနပြုပြီး လေ့လာတွေ့ရှိထားတာ အချို့ ကို  ပြန်လည်ပြီး ပြောပြချင်ပါတယ်။

Drucker က လူတစ်ယောက်အနေနှင့် မိမိဟာ စာဖတ်သမား (Reader) လား၊ နားထောင်သမား (Listener) လားဆိုတာ ကိုယ့်ဖာသာသိဖို့လိုပါတယ်တဲ့။ တချို့ ကတော့ နှစ်မျိုးလုံးလည်း ဖြစ်နိုင်ပါတယ်တဲ့။ လူတွေတော်တော်များများ ဒါကို သတိမထားမိကြပါဘူး။ Drucker က နိုင်ငံရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနှင့် အောင်မြင်တဲ့စီးပွားရေးသမားတွေကို သုတေသနလုပ်ပြီး ဒီကိစ္စကို ရှင်းပြထားပါတယ်။


 တချို့ နိုင်င်ငံရေးခေါင်းဆောင်တွေဟာ သတင်းစာရှင်းလင်းပွဲလိုမျိုးတွေလုပ်တဲ့အခါမှာ ပရိတ်သတ်တွေဘက်ကနေ စာနှင့်ရေးပြီး မေးလာတဲ့ မေးခွန်းမျိုးဆိုရင် ကျေနပ်အားရလောက်အောင် ထိထိမိမိ ပြန်လည်ဖြေဆိုနိုင်ကြပေမယ့်  လူချင်းတိုက်ရိုက်တစ်ဦးချင်းဆုံပြီး မေးလာတဲ့အခါတွေမှာတော့ အိုးနင်းခွက်နင်း ဖြစ်တတ်ကြပါတယ်။ တချို့ ခေါင်းဆောင်တွေကျတော့ စာနှင့်ရေးသားတင်ပြလာတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ဖတ်တဲ့အခါ လွယ်လွယ်နှင့် သဘောမပေါက်လို့ အဲဒီစာတွေကို ကိုယ်ရေးအရာရှိတစ်ယောက်ယောက်ကို အသံကျယ်ကျယ်နှင့်ဖတ်ခိုင်းတာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် Presentation လုပ်ခိုင်းတာမျိုးဖြစ်ဖြစ် လုပ်ပြီး နားထောင်မှသာ သဘောပေါက်ပါတယ်တဲ့။



ဒီ Reader နှင့် Listener ကွဲတာဟာ ဘယ်သန်နှင့် ညာသန်ကွဲတဲ့ပုံစံမျိုးလိုပါဘဲ။ လူဆယ်ယောက်မှာ တစ်ယောက်က ဘယ်သန်ဖြစ်တတ်ကြပြီး၊ Reader နှင့် Listener မှာကတော့ တစ်ဝက်စီလောက် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မဖွံ့ ဖြိုးသေးတဲ့တိုင်းပြည်အချို့ မှာ ဘယ်သန်တွေကို နှိမ်တာတွေ၊ ညာဘက်ကို အတင်းအသုံးပြုခိုင်းတာမျိုးတွေလုပ်ကြတော့ တချို့ လည်း အဆင်ပြေသွားကြပေမယ့် တချို့ တွေမှာ ခါးသီးတဲ့အတွေ့အကြုံတွေကို ခံစားကြရပါတယ်။ Reader နှင့် Listener တွေကိုလည်း တစ်ခုခုကိုအားသန်အောင် အတင်းမလုပ်ယူပဲ သန်တဲ့အတိုင်းပဲ ထားရှိဖို့ Drucker ကတိုက်တွန်းထားပါတယ်။

ဒါနှင့် ပတ်သက်ပြီး ကျွန်တော်ငယ်ငယ်ကဖြစ်ခဲ့တဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးကိုလည်း ပြောပြချင်ပါသေးတယ်။ ကျွန်တော်က မွေးရာပါ ဘယ်သန်တစ်ယောက်ပါ။ သူငယ်တန်းစတက်တုန်းက အတန်းပိုင်ဆရာမကြီးက ကျွန်တော့်ကို အတင်း ညာဘက်လက်နှင့်စာရေးခိုင်းပါတယ်။ သူငယ်တန်းမတက်ခင်ကတည်းက အမေက ကျွန်တော့်ကို စာရေးတတ်အောင် သင်ထားပြီးသားမို့ တကယ်က ကျွန်တော် ဘယ်လက်နှင့်ကောင်းကောင်းစာရေးတတ်နေပါပြီ။ ဆရာမက ညာလက်နှင့် အတင်းရေးခိုင်းတော့ ကျွန်တော်ဒုက္ခရောက်ရပါတော့တယ်။ ဆရာမအလစ်ဆိုရင် ကျွန်တော်က ဘယ်လက်နှင့်ခိုးခိုးရေးပြီး ဆရာမရှေ့ ဆိုရင် ညာလက်နှင့် ရေးပါတယ်။ အဲဒီအချိန်တုန်းက တော်တော်လေး စိတ်ညစ်ခဲ့ရပါတယ်။ ကံကောင်းချင်တော့ ကျွန်တော် သူငယ်တန်းစတက်ပြီး နှစ်လ၊ သုံးလလောက်ရောက်တော့ အဲဒီဆရာမကြီး ပင်စင်ယူသွားပါတော့တယ်။ နောက်ရောက်လာတဲ့ ဆရာမအသစ်ကတော့ လူငယ်ဆရာမတစ်ယောက်မို့ ခေတ်အမြင်ရှိပြီး ကျွန်တော့်ကို ဘယ်လက်နှင့်ဘဲ ဆက်ရေးစေခဲ့ပါတယ်။ နောက် ဘယ်လက်ကိုသုံးတာနှင့်ပတ်သက်ပြီး မြန်မာ့ဓလေ့လူမှုပတ်ဝန်းကျင်မှာ နှိမ့်ချတဲ့အယူအဆတော်တော်များများ ရှိနေသေးတာ အခုအချိန်အထိ တွေ့နေရပါသေးတယ်။ ဘာလို့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ လက်ချင်းအတူတူ အဆင့်အတန်းခွဲနေတယ်ဆိုတာတော့ မပြောတတ်ပါဘူးခင်ဗျာ။

Reader နှင့် Listener ကွဲတာနှင့် ဆက်နွှယ်ပြီး လူတွေ တစ်ယောက်နှင့် တစ်ယောက် လေ့လာသင်ယူမှု (Learning) လုပ်ပုံ မတူညီကြတာကိုလည်း သိထားဖို့လိုပါသေးတယ်။ ကျောင်းတွေမှာက လူတိုင်းအတွက် သင်ကြားမှုပုံစံကို တစ်မျိုးတည်းဘဲ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် တချို့ လူတွေမှာတော့ ကျောင်းတွေက သတ်မှတ်ကျင့်သုံးနေတဲ့ သင်ကြားလေ့ကျင့်မှုပုံစံနှင့် အံမ၀င်တာမျိုးတွေရှိတတ်ပါတယ်။ ဥပမာ ၀င်စတန်ချာချီဟာ ကျောင်းပညာရေးမှာ အောင်အောင်မြင်မြင် မသင်ယူနိုင်ခဲ့ပါဘူး။ ကျောင်းတက်နေရတာဟာ အနှိပ်စက်ခံနေရသလိုမျိုးဖြစ်နေခဲ့တယ်လို့ ပြောပါတယ်။ တကယ်တမ်း သူဖြစ်တဲ့ပြဿနာကတော့ နားထောင်တာရယ်၊ စာဖတ်တာရယ်ကနေ သူ့အနေနှင့် ပညာသင်ယူလို့မရတဲ့ အခက်အခဲဖြစ်တာပါ။ သူနှင့် အဆင်ပြေတဲ့ သင်ယူနည်းစနစ်ကတော့ စာရေးခြင်း (Writing) ဖြစ်နေတာပါတဲ့။



Drucker ရဲ့ လေ့လာတွေ့ရှိချက်အရတော့ ဒိတ်ဒိတ်ကြဲ စာရေးဆရာအချို့ ဟာ စာရေးတာကနေ သင်ယူမှုကိုလုပ်ကြတယ်လို့ ပြောပါတယ်။ နောက် General Motor ကုမ္ပဏီက Alfred Sloan ကျတော့ အစည်းအဝေးတစ်ခုပြီးတိုင်း အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ လူတစ်ယောက်ဆီကို အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့အဓိကအကြောင်းအရာတွေနှင့်ပတ်သက်တဲ့ စာအရှည်ကြီးတစ်စောင် အချိန် သုံးလေးနာရီယူပြီးရေးပါတယ်တဲ့။ ဘာလို့အဲဒီလိုရေးလဲဆိုတော့ သူဒီလိုမှ စာမရေးလိုက်ရင် ဒီအစည်းအဝေးမှာ ၀ိုင်းပြီးဆွေးနွေးခဲ့ကြတာတွေကို ၂၄နာရီအတွင်း မေ့သွားတတ်လို့ပါလို့ပြောပါတယ်။ ဂီတပညာရှင် Beethoven ကျတော့ သူ သီချင်းစပ်တဲ့အခါတွေမှာ ခေါင်းထဲပေါ်လာတဲ့ သံစဉ်တွေကို စာအုပ်တစ်အုပ်ပေါ်မှာ ချက်ချင်းချရေးလိုက်တတ်ပေမယ့် အဲဒီစာအုပ်ကို နောက်တစ်ခါ ဘယ်တော့မှ ပြန်ကြည့်လေ့မရှိပါဘူးတဲ့။ အဲဒီလိုမှ စာအုပ်ထဲမှာ ချမရေးရရင်လည်း သူက အဲဒီသူ့သီချင်းကို မမှတ်မိတတ်ပြန်ပါဘူး။



သင်ယူမှုပုံစံနောက်တစ်မျိုးကတော့ စကားပြောခြင်း (Talking) ကနေသင်ယူတာပါတဲ့။ အဲဒီပုံစံမှာတော့ တချို့ အလုပ်တွေမှာ အဆင့်မြင့်တာဝန်ထမ်းဆောင်နေရတဲ့ပုဂ္ဂိုလ်တွေဟာ သူ့အောက်ခြေက အရာရှိတွေနှင့် ၀န်ထမ်းတွေကိုခေါ်ပြီး အချိန်အကြာကြီး စကားပြောတတ်ပါတယ်။ တကယ်က သူဟာ အောက်ခြေ၀န်ထမ်းတွေကို တကယ်စကားပြောချင်လို့ ပြောနေတာမဟုတ်ပဲ သူ့အလုပ်နှင့်ပတ်သက်တာတွေကို တခြားသူတွေကို ပြောပြပြီး နားထောင်ခိုင်းတဲ့နည်းနှင့် သူ့ဖာသာ လေ့လာသင်ယူမှုလုပ်နေခြင်းသာဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးနှင့် လေ့လာသင်ယူမှုကို အောင်မြင်နေကြတဲ့ ရှေ့ နေတွေနှင့် ရောဂါရှာဖွေတဲ့
ဆေးပညာရှင်တွေလည်း  လုပ်တတ်တယ်လို့ ဆိုပါတယ်။

အောင်မြင်တဲ့ စာတမ်းတွေကို ရေးနေကြတဲ့ တချို့ တက္ကသိုလ်ပါမောက္ခတွေကျတော့ သူတို့စာသင်နေတဲ့အချိန်မှာ သူတို့အသံကို သူတို့ပြန်နားထောင်ရင်းကနေ အဲဒီကနေ စာတမ်းရေးဖို့အတွက် အထောက်အကူပြန်ဖြစ်တယ်လို့ ပြောထားတာတွေ့ရပါတယ်။ Drucker ကတော့ လူတွေ လုပ်လေ့လုပ်ထရှိတဲ့ သင်ယူပုံသင်ယူနည်း ဒါဇင်ဝက်လောက်ရှိမယ်လို့ ခန့်မှန်းတွက်ပြထားပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်လိုသင်ယူနည်းကို အားသန်လဲဆိုတာကို ကိုယ်တိုင်စီစစ်ပြီး အားသန်ရာအတိုင်းလေ့လာသင်ယူကြဖို့ သူကတိုက်တွန်းထားပါတယ်။

Peter Drucker ရဲ့  ဒီစာကိုဖတ်ပြီးသွားတော့မှ နာမည်ကျော်ပုဂ္ဂိုလ်တွေ တချို့ ကျောင်းစာမှာ ညံ့ဖျင်းကြတယ်ဆိုတာမျိုး၊ တချို့ တက္ကသိုလ်ပညာကို ပြီးအောင်ဆက်မတက်တော့ပဲ ကျောင်းထွက်လိုက်တာမျိုးတွေ ဖတ်ရတုန်းက သူတို့ကို Genius တွေမို့လို့ ဒီလိုမျိုး ဖြစ်ကြတာလို့ တွေးထင်မိခဲ့ဖူးရာကနေ၊ အခုတော့ သူတို့တွေဟာ သူတို့အတွက် ဘယ်လိုသင်ယူမှုပုံစံနှင့် လိုအပ်တဲ့ပညာကိုဆည်းပူးတာက အဆင်ပြေမယ်မှန်း ကိုယ့်ဖာသာ သဘောပေါက်သွားကြလို့ ဒီလိုမျိုး လုပ်လိုက်ကြတာဖြစ်မယ်လို့ မှန်းဆမိလာပါတယ်။ အထူးသဖြင့်တော့ သူများကို ပညာသင်ကြားပို့ချပေးနေရတဲ့ ဆရာတွေအနေနှင့်လည်း မိမိတပည့်တွေ စာမလိုက်နိုင်တာမျိုး တွေ့ရရင် သူတို့ညံ့ဖျင်းမှု၊ မိမိသင်ကြားတာညံ့ဖျင်းမှုကြောင့်လို့ တရားသေမတွက်ပဲ သင်ကြားမှုနှင့် သူတို့ရဲ့ သင်ယူလိုမှုပုံစံ အံမ၀င်လို့များ သူတို့ မလိုက်နိုင်ကြတာလားဆိုတာကို ထည့်စဉ်းစားပေးသင့်တယ်လို့လည်း တွေးမိပါတယ်။

ကျွန်တော်ကိုယ်တိုင် အွန်လိုင်းပေါ်မှာ တရားနှင့်ပတ်သက်တဲ့ စာတွေရေး၊ သူများရေးတဲ့စာတွေ၊ တရားတော်တွေ မျှဝေတာလုပ်တော့လည်း သတိထားမိလာပါတယ်။ တချို့ တွေ စာဖတ်တာကို အားမသန်ကြပါဘူး။ စာကို ဖတ်လိုက်ပေမယ့်လို့ စာရဲ့ ဆိုလိုရင်းကို သဘောမပေါက်တာတွေ့ရပါတယ်။ တချို့ လူတွေကို တရားခွေတွေ ပေးနားထောင်ခိုင်းတဲ့အခါမှာလည်း အဲဒီအတိုင်းပါဘဲ။ တချို့ တွေ နားထောင်တာမှာ အားမသန်တာကို တွေ့ရပါတယ်။ ဒီတော့ အကြောင်းမသိရင် ဒီလူတွေကဘဲ ပါရမီဓါတ်ခံနည်းနေသလိုလို၊ အကုသိုလ်ဓါတ်ခံများနေသလိုလို ထင်မှတ်စရာဖြစ်နေပါတယ်။ တကယ်ဖြစ်နိုင်ချေရှိတာကတော့ သင်ယူမှုပုံစံလွဲနေတာဘဲ ဖြစ်ဖို့ရှိပါတယ်။ ဒီတော့ ဓမ္မဒါနဖြန့်ဝေတဲ့အလုပ်လုပ်ချင်တဲ့သူအနေနှင့် လူတွေ များများတရားတွေနားလည်အောင်ဆိုရင်တော့ ဖြန့်ဝေမှုပုံစံအမျိုးမျိုးကို သုံးကြည့်သင့်တယ်လို့ ယူဆပါတယ်။

ဒီတော့ စစချင်းမေးထားခဲ့တဲ့မေးခွန်းဆီကို ပြန်သွားကြရအောင်ပါ။

မျက်စိလည်းကောင်း၊ စာလည်းဖတ်တတ်ကြတဲ့ သူတွေအတွက်ရော ဒီအသံပုံစံစနစ်ကို ပြောင်းတဲ့ကိစ္စက တကယ်လိုအပ်ပါသလား?

ကျွန်တော် ကိုယ့်ဖာသာ ဖြေမိတဲ့အဖြေကတော့ - တကယ်လိုအပ်ပါတယ်။ လူတွေအတွက်အကျိုးရှိမယ့် လောကီနှင့် လောကုတ္တရာစာပေတွေကို တတ်နိုင်သလောက်၊ လက်လှမ်းမီသလောက် အသံပုံစံအဖြစ်ပြောင်းပေးသင့်သလို၊ အသံတွေကိုလည်း စာအဖြစ်အသွင်ပြောင်းပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေ တစ်ဦးနှင့်တစ်ဦး အကြောင်းအရာတစ်ခုကို သဘောပေါက်နားလည်သွားအောင် သင်ယူကြတဲ့ပုံစံချင်း မတူညီလို့ပဲ ဖြစ်ပါတယ်။

ဒီအလုပ်ဟာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်တာတော့ ကျိန်းသေပါတယ်။ လူအင်အား၊ ငွေအင်အား၊ အချိန်အင်အားတွေတော့ အများကြီးစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်း လုပ်တာထက် အုပ်စုဖွဲ့ပြီးလုပ်တာမျိုး၊ အဖွဲ့အစည်းတစ်ခုထူထောင်ပြီးလုပ်တာမျိုးဆိုရင် ပိုပြီး လွယ်ကူထိရောက်မှု ရှိနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် လုပ်နိုင်တဲ့ အင်အားရှိသူများ ဦးစီးဦးဆောင်ပြုပြီး လုပ်သွားပေးကြဖို့ အပြုသဘောဆောင်ပြီး တိုက်တွန်းလိုက်ပါတယ်။ စာဖတ်သူများကရော ဒီကိစ္စအပေါ် ဘယ်လိုတွေးမိထားလဲဆိုတာလေး ပြောပေးနိုင်ရင် အများအတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်းခင်ဗျာ။

လေးစားစွာဖြင့် 
Bliss

Tuesday, October 2, 2012

“ကံတရား၏ လက်ဆောင်ဆု”


Facebook မှာ စာရေးဆရာသက်နှင်းဆွေ(ပုပ္ပါး) ရေးထားတဲ့ ကဗျာလေးနဲ့ ပုံလေးကိုကြည့်ပြီးနောက် ဆရာ့ကဗျာကို ကာရန်ယူပြီး ကဗျာစပ်ကြည့်မိတယ်၊ မစပ်တတ် စပ်တတ်နဲ့ စပ်လိုက်တာမို့ လွန်တာရှိရင် ဝန်တာမိပါလို့။ ဆရာကတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဝေဒနာကို ရေးစပ်တာလို့ပြောပါတယ်။ ခရစ္စတလ်ကတော့ လွန်ခဲ့တဲ့လေးနှစ်က ဝေဒနာဖြစ်ပါတယ် ........  :)

စက်တင်ဘာလ တစ်လလုံး ဘလော့မှာ ဓာတ်ပုံတွေ မမြင်ရဖြစ်နေတာနဲ့ အလုပ်ဆိုဒ်ဘက်ရော ဘဝဆိုဒ်ဘက်မှာပါ ပိုစ့်ရေးဖို့ တော်တော်လေး စိတ်မပါဖြစ်နေရာက ဒီနေ့မှ ပုံလေးတွေ ပြန်မြင်ရပါတယ်။

ဖဘမှာ အတော်လေး လမ်းသလားတတ်နေပြီဆိုတော့ ဘလော့ဘက်လည်း နဲနဲလွတ်နေတာလည်းပါတယ်။ ဒါကြောင့် ဒီနေ့ ပုံလေးနဲ့ ကဗျာလေး စမ်းပြီးတင်ကြည့်မယ် ...မှန်းးးးး  မြင်ရလေမလားရယ်လို့ .........။

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

ခင်မင်စွာဖြင့်
ခရစ္စတလ်

Monday, September 17, 2012

“ချဉ်ပေါင်ဟင်း”

အပိုင်း (၁)
“ထမင်းဘယ်နှစ်လုံးချက်ရမလဲ ...အမေ”

နွေညနေခင်းတစ်ခုမှာ ကျေးလက်ဌာနေရှိ အဘွားအိုတစ်ဦး၏ သမီးကြီးမှ မေးလာသည့်အခါ အဘွားအိုသည် အတန်ငယ်စဉ်းစားပြီးနောက် 

“ဒီညနေ ရန်ကုန်က သားအမိ ခြောက်နာရီရောက်လိမ့်မယ်၊ သူတို့သားအမိနဲ့ ညည်းသမီးနဲ့ မြေးနှစ်ယောက်အတွက်ပါ ထည့်ချက်လိုက်အေ”

“ကျမ သမီးနဲ့ မြေးတွေက ပြန်ကြလိမ့်မယ်၊ ကျမ သားမက်လည်း ရန်ကုန်ကနေ လေးနာရီလောက်က ထွက်လာနေပြီပြောတယ်၊ အပြန် ဝင်ခေါ်မှာပေါ့”

“အို..အေ လေးနာရီက ထွက်လာတဲ့ လေးဘီးကား ဖွတ်ချက်က ဘယ်လောက် မြန်နိုင်မလဲ၊ ကြည့်နေ ညကိုးနာရီရောက် ကံကောင်း၊ ကလေးတွေ ဆာနေမှာပေါ့ ကျွေးလိုက်စမ်းပါ၊ ညည်းသမီးရဲ့  တရုတ်ယောက္ခမတွေက ထမင်းချက်ထားမယ်တဲ့လား၊ အချိန်မတော် ကြက်ခြံထဲ ကြက်ဥနှိက် ကြော်စားနေရအုံးမယ်”

“ဒါဆိုလည်း ဆန်တစ်ပြည်ချက်လိုက်မယ်၊ ကျမတို့ ညီအစ်မ သုံးယောက်၊ အမေရယ် ကလေး လေးယောက်နဲ့ ကျမမြေးနှစ်ယောက်အတွက် လောက်မယ်ထင်တာပဲ”

“အေး ... ဘာဟင်းချက်မတုန်း ဒီညနေ ...”

“အိမ်နောက်ဘက်မယ် ...ကျမသမီး အငယ်မ စိုက်ထားတဲ့ ချဉ်ပေါင်တွေ စွတ်လို့ရနေပြီ အမေ၊ ဒါကြောင့် ချဉ်ပေါင်အရည်ထည်လေးချက်ပြီး မနက်က ငါးကျည်း အကောင်ငယ်လေးတွေကို ကြော်မယ်၊ ထုံးစံအတိုင်း ငါးပိရည် တို့စရာရယ်ပေါ့”

“ညည်းညီမအငယ်မနဲ့ သူ့သမီးက မြို့က လာကြတာ စားနိုင်ပါ့မလား”

“ကျမ ညီမက စားနိုင်ပါတယ်၊ အမေ့မြေး ငယ်ဆုံးမကတော့ အစားရွေးတယ်၊ ငါးကြော်ဆီလေး ဖယ်ထားလိုက်ပါ့မယ်၊ ငါးကြော်ဆီလေးနှယ်ပြီး ငါးကြော်လေးနဲ့ဆို ဖြစ်မှာပါ၊ သူ့အစ်မတွေ ခွံ့ခိုင်းလိုက်မယ်”

“အေး အေး ကောင်းသလိုကြည့်စီမံလိုက်၊ ခြံထဲက ဘယ်သူလဲဟေ့ နေစောင်းပြီ အပင်တွေ ရေလောင်းလိုက်ပါအုံးအေ၊ ထင်းစည်းတွေ ရေမစိုစေနဲ့နော်”

“ကျမ .. အမေရေ့ ရေချိုးမလို့ ဆင်းလာတာ၊ လောင်းလိုက်ပါ့မယ်”
အဘွားအို၏ သမီး နို့ညှာမ။ ကျောင်းဆရာမ အပျိုကြီး ခြံထဲဆင်းပြီး ရေမချိုးခင် အပင်တွေ ရေလောင်းနေပြီ။ 

မကြာခင် ကျောင်းလွှတ်၍ အထက်တန်းကျောင်းသူ အလယ်ကျောင်းသူ အဘွား၏ မြေးများ အိမ်ရောက်ကြပြီ။ 

“ကဲကဲ တလက်စတည်း ရေခပ်ကြ၊ ရေချိုးကြ”
အဘွား၏ သမီးအကြီးသည် မီးဖိုချောင်မှ သူ့သမီးများကို တစ်ချက်လှမ်းအော်လိုက်သည်။ 

“အမေ ညနေဘာချက်မလဲ”

ကျောင်းမှ ပြန်လာသော ကိုးတန်းကျောင်းသူ မြေးမက သူ့အမေကို မေးသံ၊ အဘွားသည် တစ်ချက်နားစွင့်နေလိုက်ပြီး

“မြေးတို့ ညည်းအမေကို ရေမချိုးခင် မီးဖိုချောင်ကူလိုက်အုံး၊ ခဏနေရင် မြေးတို့ အန်တီနဲ့ ညီမ လာလိမ့်မယ်”

“ဟုတ် အဘွား၊ ဒီမှာ ငါးပိရည် ဝိုင်းဖျော်ပေးနေပါပြီ”

“အေး အေး ... ငါးပိရည်အိုး အသစ်ဖွင့်လိုက်တော့၊ ပြီးခဲ့တဲ့နှစ်က ငါးရံ့ပေါလို့ သိပ်ထားတဲ့ ငါးပိ ခုလောက်ဆို စားရပြီဟဲ့။ အရသာကောင်းအောင် ငါးပြေမလေးတွေပါ ရောသိပ်ထားတယ်။
ငါးပနော်လေး မီးဖိုဘေးမှာ မီးအုံပြီးသားလေး ရှိသေးလားဟဲ့၊ အဲဒါလေးနဲ့ ငါးပိရည်ဖျော်လိုက်ပေါ့”

အဘွားအိုသည် လမ်းမဘက်သို့ ငေးရင်း ညနေစာအတွက် လှမ်းပြောလေသည်။ 

“ရှိသေးတယ် အမေရေ၊ အမေ့သမီးငယ်ကိုသာ အေးဆေးမျှော်ပါ၊ မီးဖိုချောင်ကိစ္စ စိတ်မပူပါနဲ့ ဟိဟိ”

“ဟဲ့ ... ဘယ်မှာ မျှော်နေလို့တုန်း”

အဘွားအိုသည် မလုံမလဲ တစ်ချက်ပြောရင်း နာရီကို ကြည့်လိုက်သည်၊
ညနေ ငါးနာရီခွဲပြီ။ 
“အင်းးးး ကားအချိန်မှန်ရင် ညနေခြောက်နာရီဆို ရောက်ပြီ” ဟု စိတ်ထဲ တွေးလိုက်၏။ 

“အမေကလည်း ဝရံတာကကို မခွါတော့ဘူး၊ လာချိန်တန်လာမှာပေါ့၊ ဘာလို့ မျှော်နေမလဲ၊ လေ အအေးမိနေအုံးမယ်”
ရေချိုးရာမှ တက်လာသော သမီးအလတ်မက ကျောင်းဆရာမ ပီသသောလေသံဖြင့် ကရုဏာသံဖြင့်။

“သြော် နင်တို့ကလည်း ခမျာ ကလေးတစ်ဘက်နဲ့ အထုပ်အပိုးနဲ့ လာမယ့်ဟာ”

“ကျမ ရေချိုးပြီးပြီ စောင့်ပေးပါ့မယ်၊ အမေ အထဲဝင်တော့ ဘုရားရေလဲ ဘာညာ လုပ်တော့လေ..”

“အေးအေး ပြီးရော”




ရဝေ ရဝေ သြော်မြိုင်စောင်းမှာလ ............ သေစေညွှန်းတော့ သေရဲပါတယ် ချစ်သူရေ ...

ကျောင်းကအပြန် ငှားလာသော ကက်ဆက်ခွေလေး ဖွင့်ရင်း ရေကဲ့သူက ရေကဲ့လို့၊ ထမင်းပွဲပြင်သူက ပြင်၊ မျှော်သူက မျှော်ကြ၊
ဤသို့ဖြင့် သောကြာနေ့ညနေခင်းလေးတစ်ခုမှာ ကျေးလက်ရနံ့တို့ ဆွတ်ပျံ့ဆဲ...။


အပိုင်း (၂)
“ဟဲ့ ညည်းနယ်အေ ကလေး စာမေးပွဲပြီးပြီချင်းများ လာရသလား”

“ဟုတ်တယ် အမေရေ၊ အမေ့ သားမက်က သူ့သမီးကို ဒီအရွယ်နဲ့တင် စိတ်မချဘူး၊ ကျမတို့ နေ့ဘက် အလုပ်သွားနေရင် သူက ကျောင်းစောစောပြန်ရတယ်၊ လမ်းထဲက (ကလေး၏ဖခင်ဘက်မှ တော်သော အမျိုးများ)အဒေါ်အိမ်တွေမှာ ခဏ နေခိုင်းရတာပေါ့။ ကျမတို့က အလုပ်ပြန်နောက်ကျတာကိုး။ အဲဒါ သူ့အဖေက သူ့သမီးကို အဲ့အိမ်တွေမှာ ထားရတာ စိတ်မချဘူးတဲ့၊ ကုန်သည်အိမ်တွေ မဟုတ်လား လူများ လူရှုပ်တာပေါ့၊ လူစုံရင် ဝိုင်းလေးက ကောင်းကြသေးတာ၊ ဟိုတလောက သူ့သမီးကို ကုန်သည်တစ်ယောက်က ချီထားလို့ ဆိုပြီး မကျေမနပ်ဖြစ်နေတယ်။ ကျမလည်း ကလေး ကျောင်းချိန်က တစ်ဖက် အလုပ်က တစ်ဖက်နဲ့၊ စိတ်ရှုပ်ပါတယ်အမေရယ်”

“ဟဲ့ .... ဒါဆိုလည်း ငါတို့ဆီ လာထားပေါ့၊ ဒီမှာ သူ့အစ်မတွေနဲ့ ကလေး အဖေါ်ရတာပေါ့၊  ညည်းတို့ မြို့မှာလည်း ကလေးဆော့စရာ မြေမရှိ ဘာမရှိနဲ့အေ”

“အင်း ... ကျမလည်း ဒီလိုပဲ စိတ်ကူးပါတယ်၊ သူ့အဖေနဲ့ တိုင်ပင်ရအုံးမယ်”
မြို့ပြ၏ ရုန်းကန်မှုတွေကြား ရင်မောနေသော သမီးငယ်နှင့် မြေးအငယ်ဆုံးလေးအား ကြည့်ရင်း အဘွားအို သက်ပြင်းတစ်ချက်ရှိုက်လိုက်လေသည်။ 

“အမေတို့ စကားနောက်မှ ပြော၊ ဟင်း ထမင်း ပူတုန်း တခါတည်း စားလိုက်ကြရအောင် ”
အဘွား၏ သမီးအကြီးမှ စကားစဖြတ်ခိုင်းပြီး ထမင်းစား ခေါ်၏။ 

“ဟဲ့ ..လူစုံနေတာ စားပွဲဝိုင်းအကြီးခင်းလေ၊ အားလုံး တစ်ခါတည်း စားကြမယ်၊ ကလေးတွေကို ထမင်းဟင်း ပုံပေးလိုက်၊ နင့်အဒေါ် ပင်ပန်းလာတယ်၊  အငယ်ဆုံးမလေးကို အကြီးမ ..နင် ခွံ့လိုက်အုံး၊ သူက ကြောင်စာလောက် စားတာ၊
 သူပြီးမှ စားလိုက်တော့ ငါ့သမီး ကြားလား”

အဘွားအို၏ သမီးသည် သူမ၏ သမီးများကို ထမင်းဝိုင်းအတွက် လိုတာ လုပ်ပေးရင် ပါးစပ်မှလည်း မှာကြားနေလေ၏။

“ဟုတ်ကဲ့ပါ အမေ၊ သမီး ငါးကြော်ဆီလေးလူးပြီး ညီမလေးကို အရင် ခွံ့နှင့်မယ်”

“အောက်က ရေချိုးပြီးတက်လာတဲ့ ကလေးတွေ တခါတည်း အပေါ်ကန် ရေဖြည့်လိုက်နော်၊ ထမင်းစားပြီးရင် ခပ်နိုင်တော့မှာမဟုတ်ဘူး၊ ဒီနေ့ လူများတယ်၊ နောက်ဖေးသုံးရေရော ပန်းကန်ဆေးဖို့ရော၊ မနက် မျက်နှာသစ်ဖို့ပါ ပြည့်စုံရဲ့လား ကြည့်လိုက်အုံး”

မြေးအကြီးမလေးက ညီမဝမ်းကွဲအငယ်မလေးအတွက် ထမင်းနယ်ရင်း သူ့ညီမတွေကို ခြံထဲက ရေကန်ဆီ လှမ်းအော်၏။

“မမကြီး .. ဒီညနေဘာချက်တုန်း၊ လမ်းမှာ ကြက်ဥ ဆယ်လုံးဝယ်ခဲ့သေးတယ်၊ မမကြီး တူမက အစားအသောက် ရွေးလွန်းလို့”

“နင့်တူမ အငယ်လေး စိုက်ထားတဲ့ ချင်ပေါင်တွေကို စွတ်ပြီး ငါးကျဉ်းခေါင်းလေးတွေနဲ့ ချက်ထားတယ်။ ပီးတော့ ဒီနေ့ ငါးပိအိုး အသစ်ဖောက်ထားတယ်အေ့၊ ချဉ်ပေါင်ဟင်းထဲ အချဉ်မစူးအောင် ငါးပိရည်အဖြူထည်လည်း နဲနဲထည့်ခပ်လိုက်တယ်။ အဲဒီ ချဉ်ပေါင်ဟင်းနဲ့ ငါးကျဉ်းကို အဖြူထည် အကြွပ်ကြော်ထားတယ်၊ ငရုတ်သီး အပုတောင့်ကို အိုးကပ်ဆီဒလိမ်းထိုးလေးလုပ်ပြီး ထောင်းထားတယ်။
ငါးပိရည်ဖျော်ရည်ထဲ ထည့်တာလေ၊ နင့်တူမအကြီးက ဒါမျိုး ကျွမ်းတယ်၊ ငါးပနော်မီးအုံးလေးကို အဖျော်လုပ် ထည့်ထားတာပေါ့။ တို့စရာတွေ အထွေအထူး မလုပ်တော့ဘူး၊ ဟင်းက ချဉ်ပေါင်ဆိုတော့လေ။
ငါ့တူမအတွက်ကတော့ ငါးကြော်က ငရုတ်သီးနဲ့ မဟုတ်ဘူး စားလို့ရပါတယ်၊ ကြက်ဥတွေတော့ ထားလိုက်တော့၊ နောက်နေ့စာပေါ့အေ ..”

“အမယ်လေး အစ်မရယ် ကြားတာနဲ့တောင် ထမင်းဆာလာပီ”

“အေးအေး အမေ့ကို ခေါ်၊ ဟိုကျောင်းဆရာမကိုလည်း ခေါ်လိုက်အုံး၊ ငါ ကလေးတွေ ခေါ်လိုက်အုံးမယ်၊ ဟဲ့ကလေးတွေ ကက်ဆက်ပိတ်စမ်း၊ ရေခပ်နေတဲ့သူတွေ တက်ခဲ့ကြတော့ ထမင်းစားကြမယ်ဟေ့..”

ဒီလိုနှင့် ရှစ်ဦးစားနိုင်တဲ့ ထမင်းစားပွဲဝိုင်းလေးသည် ကလေး လူကြီး အုံးအုံးကျက်ကျက် ဆာဆာဖြင့် လွေးကြလေသည်။

ထမင်းပေးပါအုံး ...

လိုက်ပွဲပန်းကန် ထမင်းဖြည့်အုံးဟေ့ ... 

ဟင်းရည်ကို ချိုင့်နဲ့ ခပ်ခဲ့ ခဏခဏ ထထည့်မနေရအောင် ... 

လက်ဆုံပြန်ပြီ ဟင်းပန်းကန်ထဲ မီးပွိုင့်ငှားရတော့မှာပဲ ...

ဟင်းရည်ပန်းကန် နှစ်ပန်းကန် ခွဲပေးလိုက်မယ် ...

ဟဲ့ အငယ်မ ငရုတ်သီးမှုန့်တွေ ဖြူးစားနေသလား ဗိုက်နာမယ်နော် ...

ချဉ်ပေါင်ဟင်းချည်းပဲ စားမနေကြနဲ့ ငါးကြော်လေးများလည်း အားပေးအုံး ...

ငါးပိရည်လည်း ကျန်သေးလားဟဲ့ ...

အမယ်လေး အကြီးမတွေက ပိုဆိုးသေး၊ ငရုတ်အပုတောင့်ကြော်တွေကို ကိုက်စားနေကြတယ်၊
နင်တို့နော် အဝင်ရော အထွက်ပါ ပူထူနေတော့မယ် ...

တစ်ယောက်တစ်ပေါက် စားသောက်ကြရင်း ထမင်းတစ်ပြည်ချက် ဟင်းတစ်အိုးနှင့် ငါးကြော် သုံးဆယ်သား လူဆယ်ယောက် ပြိုက်ကနဲ ကုန်လေတော့သတည်း။ 

သြော် ... စားမြိန်တဲ့ ချဉ်ပေါင်ဟင်းတစ်ခွက်။


ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ် 

Thursday, August 16, 2012

“မိုးလောက်ကြီး ချစ်ပါတယ်”

အမျိုးသားတစ်ယောက်သည် သူ့ဇနီးနှင့် ဝေးကွာနေချိန် လွမ်းဆွတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဒွန်တွဲကာ အပြာရောင်လေးစာရွက် တစ်ရွက်ပေါ်တွင် ယခုလို ရေးသားလိုက်ပုံရပါသည်။
မိုးလောက်ကြီး ချစ်ပါတယ်...။ အလွမ်းတွေ လျှက်နွယ်သော ချစ်ခြင်းများသည် ကာယကံရှင်နှစ်ဦးအတွက် လွမ်းမောဖွယ် တသသဖြစ်စရာ။ ချစ်ရသူနှစ်ဦး ဝေးကွာခြင်းကြောင့် ဖြစ်ပေါ်လာသော အလွမ်းများကို နှစ်သိမ့်စေသော ဤသို့သော စကားတစ်ခွန်းလိုအပ်သည်ပေါ့။ ထိုကြောင့် ထိုအချိန် ထိုအခါက ထိုအမျိုးသားလေးတစ်ဦးသည် စာတိုက်မှ တဆင့် ဇနီးထံသို့ စာလွှာဖြင့်ပါးကာ သူ၏ ချစ်ခြင်းမေတ္တာကို သိစေခဲ့လေသည်။

ယခုချိန်တွင် ထိုအမျိုးသားလေး မပြောနိုင်တော့သော စကားကို ခရစ္စတလ်မှ ထိုအမျိုးသားလေးကိုယ်စား သူ၏ ဇနီးထံသို့ တယ်လီဖုန်းလေး ဆက်ကာ ပြောကြားလိုက်ပါသည်။

မေမေ ... ဖေဖေ့ကိုယ်စား မီးငယ်က ပြောပေးတာပါ၊
...
 မေမေ့ မွေးနေ့အမှတ်တရစကားအဖြစ်
...
 ဖေဖေ ပြောခဲ့ဖူးတဲ့ စကားအတိုင်း ... “မိုးလောက်ကြီး ချစ်ပါတယ်” နော်။



အမေ့ထံမှ ခိုးခိုးခစ်ခစ်ရယ်သံများ ဖုန်းထဲမှာ ကြားလိုက်ရပြီ။ ကျမတို့ငယ်ငယ် အဖေရော အမေပါ ကျမ ရယ်(ရီ)အောင် အမျိုးမျိုး ချော့ကြမြုကြပါသည်၊ ကလေးငယ်များ၏ ရယ်သံကြားလျှင် မိဘများ အလွန်စိတ်ချမ်းသာကြသည် မဟုတ်လား။ ခုချိန်မှာတော့ အမေ ပြုံးနေတာကိုသာ မြင်လိုပါသည်။ 

အမေသည် အလွန်ရှက်တတ်ပြီး သဒ္ဓါ့တရား ကျမထက်ပိုအားကောင်းသူဖြစ်ပါသည်။ အဖေနှင့် အမေတို့ အသက်ဆယ်နှစ်ကွာကြသဖြင့် အဖေက အမေ့ကို အတော်လေး ငဲ့ညှာတတ်ပါသည် ဦးစားပေးခဲ့သည် အမေ့စိတ်တိုင်းကျ မဟုတ်တောင် စိတ်ချမ်းသာအောင် ထားနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယေဘူယျအားဖြင့် အမေသည် အိမ်ထောင်ရေး ကံကောင်းသည်ပေါ့။ 

လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကျမ ဆယ်တန်းစာမေးပွဲအောင်ပြီးချိန် အိမ်မှစီးပွါးရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်စဉ်က အလုပ်နှင့် ပတ်သက်သည့် ပထမဆုံးသော ဟာသဝတ္ထုတိုလေး တစ်ပိုဒ်ရေးဖူးခဲ့ပါသည်။ ထိုအချိန်က ပထမဆုံးပရိသတ်မှာ အမေဖြစ်ပါသည်။ ဟက်ဟက်ပက်ပက် ရယ်မောခဲ့သော အမေသည် ကျမကို ကွန်မန့် ပေးပုံက “မီးငယ်မနော် ... ပြောင်တောင်တောင်”တဲ့။

အမေရဲ့ မွေးနေ့မှာ အမေ့နား မရှိနိုင်ပေမယ့် အမေနဲ့ ကျမအကြား မထင်မှတ်တဲ့ အမှတ်ရစရာ သုံးခုအကြောင်း ပြောဖြစ်ခဲ့ပါသည်။ ထိုအကြောင်းအရာသုံးခုအတွက် အမေ ကျေနပ်နှစ်သက်လေသော် ကျမ အလွန်ပျော်ပါသည်။ ဘဝဆိုတာ ကြီးမားတဲ့ အမှတ်ရစရာတွေမှ ပျော်ရွှင်မှုပေးတာမဟုတ်ပါဘူး၊ အမှတ်တရသေးသေးလေးတွေကလည်း စိတ်ကြည်နူးစရာတွေ ပေးတတ်ပါသေးတယ်နော်။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

p.s - မိစံရဲ့ တဂ်ပိုစ့်ကို ရေးဖို့ကြိုးစားပါမည်။

Sunday, August 5, 2012

တရားဦးဓမ္မစင်္ကြာကို တဆင့်နာကြားခွင့်ရသူလေးတစ်ယောက်အကြောင်း

 အပိုင်း(၂)
ဘုန်းဘုန်းရှင်သစ္စာဖြေကြားပြီး ပိုစ့်ရေးပေးတာပါ။ ခရစ္စတလ်မှ ဘုန်းဘုန်းကို မေးလျှောက်တာ ဒီအကြောင်းအရာနဲ့ပါဆို ဒုတိယအကြိမ်မေးလျှောက်ဖြစ်တာပါ။ 
ပထမအကြိမ်တုန်းက ရာဟုရဲ့မာယာရှင်းတမ်း 
ဒုတိယအကြိမ်မှာ ဘုန်းဘုန်း ဖြေပေးတာက ဒီလိုလေးပါ ........ :)
ဝါဆို လပြည့်ညမှာ သားရဟန်းကို ရှာနေခဲ့သော မယ်မယ် ခရစ္စတယ်လ်......း)

ကင်မရာ မြင်ကွင်း (၁)

လေပြေက ညှင်းသွဲ့သွဲ့ လရောင်လဲ့လဲ့ သာနေသော ရာဇဂြိုဟ် ညချမ်း။ လောကသည် ခါတိုင်းထက် သာယာလို့နေသည်။ ဆောင်သဉ္ဇာလေပြတင်းမှာ အမျိုးသမီးတစ်ယောက်သည် ညအလှကို ခံစားလို့…။ စိန်ခြူးကြာညောင် လွမ်းချင်းဖြင့် ထိုင်နေခြင်းတော့ မဟုတ်ပေ။
သူမ၏ စိတ်အစဉ်တို့သည် သောတာပတ္တိအရသာ ဖြင့် ငြိမ်းချမ်းလို့နေသည်။ တင့်တယ်သာယာလိုက်တဲ့ ညခင်း။ သူမနာမည်က ကာဠီ…။

“လေသာပြတင်းမှ မိန်းမပျိုလေး မျှော်ကာငေး”

ဟေမ၀တ နှင့် သာတာဂိရနတ်သားနှစ်ယောက်တို့၏ တရားဆွေးနွေးသံက သူမ အသိဥာဏ်ကို လက်ကနဲ ပွင့်သွားစေသည်။
ဗုဒ္ဓတဲ့… ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံသူ။ မဟာပုရိသ ယောက်ျားမြတ် အင်္ဂါနှင့်လဲ စံမီသူ။ နတ်တကာတို့ထက် မြင့်မြတ်သူ။ သာကိယနွယ်ဖွား သုဒ္ဓေါဒန ရွှေနန်းရှင်ရဲ့သား သိဒ္ဓတ္ထမင်းသားတဲ့…။ လောကမှာ ဘုရားပွင့်လေပြီကော…….။

ဒီနေ့ ၀ါဆိုလပြည့်နေ့ညနေခင်း.. သားသမင်တို့ ခိုလှုံရာ မိဂဒါဝုန်တောမှာ ပဉ္စ၀ဂ္ဂီ တရားကျင့်ဖော်တွေကို တရားဟောတာတဲ့..။ ဓမ္မစကြ်ာ တရားဦး……….။

အစွန်းနှစ်ပါး…

အတ္တကိလမထ (မိမိကိုယ်ကိုယ် ညှင်းပန်းနှိပ်စက်တဲ့ အကျင့်)

ကာမသုခလ္လိကာ နုယောဂ (ကာမဂုဏ်တို့ဖြင့် နစ်မွန်းနေသော အကျင့်)

ထိုအကျင့် နှစ်ပါးကို ပယ်ရမည်တဲ့…။

မဇ္ဈိမ ပဋိပဒါ (အလယ်အလတ် လမ်းစဉ်) ကိုလိုက်ရမည်တဲ့..။

``..သမ္မာ ဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ၊ သမ္မာ ၀ါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာ အာဇီဝ၊ သမ္မာ ၀ါယမ၊ သမ္မာ သတိ၊ သမ္မာ သမာဓိ…´´

သူမနှုတ်ဖျားမှ ဖွဖွလေး ရွတ်ကြည့်မိသည်။ အိုး ငြိမ်းချမ်းလိုက်သည့် ဖြစ်ခြင်း…။

ဒီတရားကို ကြားနာလိုက်ရကတည်းက သူမ၏ရင်တွင်းမှာ သောတာပတ္တိ အလင်းက ပွင့်သွားခဲ့ပြီ..။
ဘုရားရှင် ရှိရာအရပ်ကို ရည်မျှော်မှန်းပြီး သူမ ဦးသုံးကြိမ် ဦးခိုက်မိတော့သည်။ ညဥ့်လဲ နက်လှပေပြီ..။ သူမ ပြတင်းနားမှခွါ စက်ရာဝင်ဖို့ အထ.. ကမ္မဇလေ လှုပ်တာကို ခံစားရတော့သည်။ သူမမှာ ကိုယ်ဝန် အရင့်အမာနှင့်..။

ကောင်းလိုက်တဲ့ နိမိတ်၊ တင့်တယ် လှပလိုက်သည့် ညချမ်း၊ မွေးလာသည့် သားယောက်ျားလေးကို သောဏ (မောင်တင့်ဆန်း) လို့ နာမည်ပေးမည်ဟု သူမ မှတ်ထားလိုက်တော့သည်။

ကင်မရာ မြင်ကွင်း (၂)

ပျားပန်းခက်မျှ လူအုပ်ကြီးသည် တစ်နေရာသို့ ဦးတည်၍ သွားနေကြသည်။ အမျိုးကောင်းသား တစ်ယောက်လည်း ထိုလူအုပ်ထဲတွင် ပါသည်။ သူတို့ဦးတည်ရာက ပဒုမုတ္တရ ဘုရားရှင်၏ တရားသဘင်သို့..။

``ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကလျာဏ၀ါက္ကရဏာနံ ယဒိဒံ……….´´

ပဒုမုတ္တရ ဘုရားရှင်သည် သာဝကတပါးကို ဧတဒဂ်ဘွဲ့ထူးချီးမြှင့်လိုက်သည်။ အမျိုးကောင်း သားလေးသည် အားကျစိတ်တို့ဖြင့် နာယူလျှက်ရှိသည်။ သူလဲ ထိုဘွဲ့ထူးမျိုးကို ရယူချင်သည်။ အလှူဒါနကြီးကို သူပြုလုပ်သည်။ ဘုရားရှင်ကို သူပြုစုလုပ်ကျွေးသည်။ ဘုရားရှင်ထံမှာ သူဆုတောင်းသည်။

ဘုရားရှင်က `` နောင်ပွင့်လတ္တံ့သော ဂေါတမ ဘုရားရှင်လက်ထပ်တော်၌ စကားအရာချိုသာ လိမ္မာသော ဘွဲ့ထူးကိုရပေအံ့´´ ဟု ဗျာဒိတ်တော် စကား မိန့်ကြားခဲ့သည်။

ကင်မရာ မြင်ကွင်း (၃)

ဇေတ၀န်ကျောင်းတော်..။ ဂေါတမ ဘုရားရှင်၏ မေတ္တာတရားရိပ်၊ တရားဓမ္မသံတို့ဖြင့် မဆိတ်တဲ့ ဘူမိနတ်သန်..။ ညနေချမ်း…။

ရဟန်းတစ်ပါးသည် ဖလသမာပတ်မှထကာစ ကိလေသာမြူ ကင်းစင်လျှက် တက်သစ်စ လ၀န်းပမာ ထွန်းပလျှက်ရှိသည်။ ရဟန်း၏ ဘွဲ့တော်က သောဏ မထေရ်..။

သူ့ဘ၀အစ…။

သူ့အိမ်ကို ဆွမ်းခံကြွနေကျ ဆရာ မဟာ ကစ္စာန မထေရ် ထံမှာ သူရဟန်းပြုခဲ့သည်။ သုံးနှစ်..၊ ၀ိပဿာတရား ပွားများပြီး အရဟတ္တဖိုလ် အောင်ပန်းကို သူဆွတ်လှမ်းနိုင်ခဲ့သည်။ ဆရာ့ခွင့်ပြုချက်ဖြင့် သူ ဇေတ၀န်ကျောင်းတော်ကို ထွက်လာခဲ့သည်။ ဘုရားရှင်ထံမှာ ဒသဗလ တရားနာကြား ဖို့..။

``သားရဟန်း ဘုရားထံကြွရောက်မည်ဆိုလျှင် ဤကမ္ဗလာကို ယူဆောင်သွားပါ၊ ဘုရားရှင်နေတဲ့ ဂန္ဓကုဋီမှာ ဖြန့်ခင်းပူဇော်ပါလေ´´

သောတာပန်ဖြစ်သော သူ့မယ်မယ် မှာတမ်း။ သူမြေ၀ယ်မကျ နားထောင်ခဲ့သည်။ သို့အတွက် သူ့နာမည်နောက်မှာ ကုဋိကဏ္ဏ ဆိုတဲ့ဘွဲထူးတစ်ခုတိုးပြီး သောဏကုဋိကဏ္ဏ ဟု တွင်ခဲ့သည်။

ဘုရားရှင်၏ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံတဲ့ အသံတော်၊ လူတကာ နားမှာ ချိုသာလှတဲ့ အသံတော်တို့ဖြင့် တရားဟောဟန်ကို သူ အားကျသည်။ သူသည်လည်း ဝေနေယျတို့ကို တရားဟောလျှင် အသံတော်ကြည်ရှရှ သကာပျားတမျှ ချိုသာတဲ့ အသုံးအနှုန်းတို့ဖြင့် သူဟောသည်။

ဂေါတမ ဘုရားရှင်က သူအား…

``ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကလျာဏ၀ါက္ကရဏာနံ ယဒိဒံ သော ဏော ကုဋိကဏ္ဏော´´ ဟူ၍ ပရိသတ် အလယ်တွင် သူ့ကို ချီးမြှင့်ပေးသနားတော်မူသည်။

``စကားအရာ ချိုသာလိမ္မာသောသူ´´

ဘုရားနှုတ်တော်မှ ထုတ်ဖော် မြွတ်ဟတဲ့ အမြင့်မြတ်ဆုံးဆု။ သူ့အတွက် ဒီထက် ကောင်းတဲ့ အရာမရှိတော့..။
(ဟေမ၀တ သုတ်နှင့် သောဏကုဋိကဏ္ဏတ္ထေရ၀တ္ထု)


စီစဉ်သူ။......... ခရစ္စတယ်လ်
ဇာတ်ညွှန်း။............ ဓမ္မဂင်္ဂါ
ဒါရိုက်တာ။............ ရှင်သစ္စာ
ရိုက်ကွင်းတာဝန်ခံ။.......... ဇူကာဘက် ...........း)း)


ဘုန်းဘုန်းဓမ္မဂင်္ဂါ ကို ခရစ္စတလ်ရဲ့အမျိုးသားက မစိုးရိမ်အလွမ်းများ ပိုစ့်တွေကို ညွှန်းလို့ ဖတ်မိရာမှ စတင်သိရှိခဲ့တာဖြစ်ပြီး၊ ဘုန်းဘုန်းရှင်သစ္စာကိုတော့ ဝိမုတ္တရသမှာ အခြားသောဓမ္မလင့်များမှ ပိုစ့်အသစ်များတင်ပေးတုန်းက (ဓမ္မလင့်တိုင်းကို ဖတ်လိုက် တင်လိုက် လုပ်ခဲ့တုန်းက) သိခဲ့တာဖြစ်ပါတယ်။

နောင်များမှာလည်း တပည့်တော် မသိသေးတာ မေးလိုတာများရှိရင် မေးလျှောက်ပါအုံးမယ်ဘုရား။
အခုလိုတပည့်တော် သိချင်တာလေးကို သေသေချာချာဖြေပေးတာကိုလည်း အထူးကျေးဇူးတင်နေမိပါတယ်ဘုရား။ ဒီနေ့မှာ တပည့်တော်မွေးနေ့ဖြစ်လို့ မွေးနေ့ အမှတ်တရပိုစ့်ရေးပေးတယ်လို့ သဘောထားလိုက်ပြီနော် ..... :)

“ဘဝရဲ့စာမျက်နှာများ” ကို အလည်လာတဲ့သူအားလုံးကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်။


ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်