သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, August 28, 2013

“သက်ရောက်မှု အလင်္ကာ”

 အပိုင်း (၁)

သက်ရောက်မှုမေတ္တာလှိုင်းများ
*******************************
အချိန်တွေ အတ်ာကြာခဲ့ပါပြီ။
ဘဝမှာ ကိုယ်နဲ့ စိတ်ချင်းနားလည်တဲ့သူဆိုတာ ကြုံတောင့်ကြုံခဲပါ။ တချို့က နားလည်ပြီး အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ စာနာငဲ့ညှာတတ်မှု အဆင့်ကို ရောက်မလာတတ်ကြဘူး။ တကယ့်ကို စိတ်ချင်းရင်းနှီး နားလည်သူတွေဆိုရင်တော့ နားလည်မှုရဲ့ နောက်ကွယ်မှာ စာနာတတ်မှု ငဲ့ညှာစောင့်ရှောက်အားပေးမှုတွေ ဝန်းရံနေတတ်ကြပါတယ်။

တချိန်တုန်းက စိတ်ချင်းနာလည်တဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်သော ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒရေးတဲ့ တရားစာပေများကို အထူးနှစ်သက်တဲ့ သူငယ်ချင်းမလေး တစ်ယောက်ရှိခဲ့ပါတယ်။
မွေးသက္ကရာဇ်တစ်ခုရဲ့ အောက်မှာ မွေးလမွေးရက်တွေမတူပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုများနဲ့ ဖေးမခဲ့ဖူးကြပါတယ်။ ဘယ်လောက်ဝေးဝေး သူ့မွေးရက်နားနီးရင် ကျမစိတ်တွေ အလိုလို သူမကို သတိရလာတတ်သလို သူကလည်း ကျမရဲ့မွေးနေ့ရက်နီးရင် သတိရမြဲပေါ့။

ဆယ်ကျော်သက်ဘဝက အသက်သုံးဆယ်ကျော်အထိ ခင်မင်လာကြတာ ကျမတို့ အမြဲတစေ တွေ့နေလို့တော့ မဟုတ်ပါဘူးနော်။ ကျမက ကျန်းမာရေးအဖွဲ့အစည်းထဲကို ဝင်၊ သူက တက္ကသိုလ်ဆရာမဖြစ်ရေး လုံးပန်းနေကြတာပေါ့။
ဒီလိုနဲ့ သူမမှာ ချစ်ရသူတွေ့လာချိန်မှာတော့...
သူမနဲ့ သူမ ချစ်ရသူနှစ်ဦး ကိုးကွယ်တဲ့ဘာသာက ဆန့်ကျင်ဘက်ဘာသာများဖြစ်နေခဲ့ပါတယ်။ ချစ်သူမဖြစ်ခင် သူငယ်ချင်းတွေဘဝမှာပဲ ရှေ့ဆက်မတိုးဖြစ်ကြတဲ့ သူ့တို့နှစ်ဦးရဲ့ချစ်ခြင်းမေတ္တာကလည်း ထူးခြားနေပြန်တယ်။ ဒီချိန်မှာ သူမအတွက် ရင်ဖွင့် ငိုကြွေးဖို့ရာ ကျမရဲ့ရင်ခွင်ထဲကို ပိုတိုးလို့ ဝင်ခဲ့တယ်။
“ဒီအခြေအနေကို ငါလက်ခံနိုင်ရမှာပေါ့၊ လက်ခံနိုင်ပါတယ်” လို့ပြောပြီး ရှိုက်သံမထွက်တဲ့ မျက်ဝန်းက မျက်ရည်စတွေနဲ့ သူပြောခဲ့တယ်။ ပြီးတော့ ဟက်ကနဲ ရယ်ပြီး နောက်ဘဝတွေများရှိရင် နင်နဲ့ငါ ချစ်သူတွေ ဖြစ်ရအောင် နင့်ဘုရားမှာ ဆုတောင်းဖို့ ကြေကွဲစွာပြောပြန်တယ်။ သူမက ဗုဒ္ဓဘာသာဝင်မဟုတ်လေတော့ ဆုတောင်းတဲ့ အဓိပ္ပါယ်ကို ဘယ်လိုသေချာသိမလဲလေ။

ကျမကတော့ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် သူမနဲ့ သူ့ချစ်သူကိုသာ ဆုံဆည်းစေဖို့ ဆုတောင်းမိမှာပါ။

အဲဒီနှစ် သူမမွေးနေ့မှာ Eternal Floral Services လာပို့သွားတဲ့ ပန်းစည်းလေးကြောင့် တဒင်္ဂမှင်သက် အံ့သြပျော်ရွှင်သွားရပါသတဲ့။ သူမချစ်သူဆီက စိတ်ကူးနဲ့ တောင့်တဖူးတဲ့ ပန်းစည်းလေးပေါ့။ ဘယ်သူမှ မသိတဲ့ သူ့စိတ်ကူးကို အကောင်အထည်ဖေါ်ပေးနိုင်သူကို စဉ်းစားပြီး ကျမဆီကို ဖုန်းဆက်ခဲ့ပါတယ်။
“ကျေးဇူး ..မိန်းမရေ ငါတော့ သိပ်ပျော်တာပဲ၊ နင်ပို့ပေးမှန်း သိပါတယ်၊ နောက်ဆို နင့်နာမည်ကြီးနဲ့ ပို့ပေးစမ်းပါ၊ ငါပိုပျော်ရအောင်လို့ပါ”တဲ့ ပြောပြီး ပြန်အပြောတောင် မစောင့်ပဲ ဖုန်းချသွားတယ်၊ ဒီတော့ ကျမလည်း ဖုန်းကလေးကို အသာကြည့်ပြီး ပြုံးနေမိတယ်။

နောက်ခြောက်လနေတော့ ကျမမွေးနေ့နီးတဲ့တစ်ရက်မှာ သူမဖုန်းဆက်ပါတယ်။ ရွှေတိဂုံဘုရားမရောက်တာကြာလို့ သူ့ကို လိုက်ပို့ပေးပါတဲ့။ သူကပဲ ပြောရတယ်ရှိသေး ...ဘုရားမရောက်တာကြာလို့ ဆိုပဲ၊ အလုပ်များခရီးသွားနေတဲ့ ကျမကို မွေးနေ့မှာ ဘုရားပို့ပေးချင်လို့ ဂွင်ဆင်တာမှန်း ဘုရားသွားကာနီးမှ ရိပ်မိပါတယ်။ ဘုရားရောက်တော့ ရွှေသင်္ကန်းလှူတာ၊ ကျမရဲ့ မွေးနံထောင့်မှာ ဘုရားရေသပ္ပါယ်တာ ဘုရားပန်းလှူတာ အကုန်လုံးသူကိုယ်တိုင် လုပ်ပေးပါတယ်။ ငါတော့ ဘုရားမှာ ဆုတောင်းပေးပြီးပြီ နင်..ဘုရားကန်တော့လို့ရပြီတဲ့၊ အဲလိုချစ်ဖို့ကောင်းတာပါ။

သက်ရောက်မှုတိုင်းမှာ တုန့်ပြန်သက်ရောက်မှုတွေသာရှိခဲ့မယ်ဆိုရင် ကြည်နူးမှုလှိုင်းများ မေတ္တာကမ်းခြေကို ညင်သာစွာ ရိုက်ခတ်စေမှာပါ ...။


သက်ရောက်မှု အနုပညာ
**************************
လူဆိုတာ မွေးလာကတည်းက သားချော့တေးနဲ့ ယဉ်ပါးခဲ့ကြတာမဟုတ်လား။
အနုပညာကို ပိုက်ထွေးမှုခြင်း ကွာပေမယ့် လောကီလူသားတွေအဖို့တော့ ခုံမင်စဲ ...။

ကိုယ်တိုင် ငွေကို အဓိကထား စီးပွါးရေးလုပ်နေတာမဟုတ်တော့ ပမာဏမများလှတဲ့ ငွေကလေးနဲ့ ထူးခြားတဲ့ ကုသိုလ်တစ်ခုကို စနစ်တကျ သေသပ်စွာသော ရည်ရွယ်ချက်တစ်ခုနဲ့ ပြီးခဲ့တဲ့ မွေးလမှာ တူမတော်သမီးစံရဲ့ မေတ္တာစေတနာအားဖြည့်ပေးမှုကြောင့် အကောင်အထည်ဖေါ်ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ ...
ကဗျာရပ်ဝန်းက နှစ်သက်သူတွေထံ ကဗျာစာအုပ်လေးကို အရောက်ပို့ပေးခြင်းအားဖြင့် မြတ်နိုးတန်ဖိုးထားတတ်သူတွေရဲ့ စိတ်နှလုံး နှစ်သက်ကြည်နူးစေခြင်းအပြင် ကိုယ်တန်ဖိုးထားရာ နှစ်သက်ရာ ခံစားမှုအနုပညာတစ်ရပ်ကို တခြားသူတွေအတွက် မျှဝေပေးချင်ခဲ့တာပါ...။

ခြယ်မှုန်းသူနဲ့ ခံစားသူ ...ဤနှစ်ဦးကြား ပေါင်းကူးတံတားလေးသဖွယ် အသွင်ယူလို့ ဖြည့်ဆည်းမိတဲ့ ပါရမီအတွက် တွေးမိလေတိုင်း ရင်ထဲမှာ ကြည်နူးမှုလှိုင်းများ ရိုက်ခတ်သွားခဲ့ပါတယ်။

*တစ်ဦးနဲ့ တစ်ဦးကြားမှာ အများကြီးမလိုပါဘူး၊ နားလည်မှုတွေ ဖေးမမှုတွေများစွာနဲ့ သက်ရောက်ခဲ့ကြပြီး အမှား အမှန်ဆိုတာမရှိ၊ တခြားဘာမှကို မလိုတာပါ။ သက်ရောက်မှုတစ်ခုတည်းပါ၊
အရောင်တွေ မရှိကြဘူးလေ ...။


ဆက်ပါအုံးမည် ...

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

6 comments:

Anonymous said...

crystal ဆိုမှတော့ ဘယ်အရောင်ရှိမလဲ သိပြီးသား :D

ညိမ်းနိုင် said...

ကျေးဇူးတင်ပါတယ်အစ်မ...၊

ညိမ်းနိုင် said...

ကျေးဇူးတင်ပါတယ်အစ်မ...၊

ဟန်ကြည် said...

မခရစ္စတယ်ရေ...

တစ်ခါတစ်လေကျတော့ ဘာသာကွဲတွေကတောင် ကိုယ့်ဘာသာကို ဘာသာတူတွေထက် ပိုပြီး တလေးတစားရှိတာတွေ တအံ့တသြတွေ့ရတတ်စမြဲဗျို့...

သဘောထားချင်း တိုက်ဆိုင်တဲ့ မိတ်ဆွေသင်္ဂဟတွေနဲ့ ပေါင်းသင်းဆက်ဆံရခြင်းသည်လည်း မင်္ဂလာတစ်ပါးပါပဲဗျာ...

လသာည said...

အဲလို ညီမလေး ခရစ္စတယ် က ကြင်နာတတ်သူဖြစ်နေလို့လည်း ဒါမျိုး ကြင်နာတတ်သူ ဂရုစိုက်သူ နားလည်ပေးသူ သူငယ်ချင်းတွေ ရတာပေါ့ ညီမရယ် :))

စာတွေ ရေးနော်။ အချိန်ရတိုင်း လာအားပေးမယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

သက်ရောက်မှုတိုင်းမှာ တုန့်ပြန်သက်ရောက်မှုတွေသာ ရှိခဲ့မယ်ဆိုရင် ကြည်နူးမှုလှိုင်းများ မေတ္တာကမ်းခြေကို ညင်သာစွာ ရိုက်ခတ်စေမှာပါ ဆိုတဲ့အဖွဲ့လေးက သိပ်ပြီး လှတယ်။ ကြင်နာတတ်သူ၊ ဂရုစိုက်တတ်သူ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ဖွယ်ရာ ဘဝလေးတစ်ခုကို တစ်သက်လုံး ပိုင်ဆိုင်နိုင်ပါစေ။