သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, August 17, 2013

အမှိုက် သွားပစ်အုံးမယ်နော် ... :)

အိမ်တစ်အိမ်မှာ အမှိုက်ဘယ်နှစ်မျိုးရှိနိုင်မလဲ ...။
နွမ်းသွားတဲ့ ဘုရားပန်းတွေကို စွန့်ဖို့က စလို့ မီးဖိုချောင်အမှိုက်အဆုံး တစ်နေ့ .. တစ်နေ့ အိမ်ထဲမှာ အမှိုက်တွေက အများသား။
တစ်ကြိမ်စွန့်ပြီးတိုင်းလည်း နောက်နေ့ အမှိုက်က ထပ်ရှိနေပြန်တာ။

နိုင်ငံရပ်ခြားရောက်ကတည်းက နောက်ဖေးလမ်းကြားကို အမှိုက်ပစ်မချတတ်တာ အကျင့်ဖြစ်သွားခဲ့ပြီ၊ အမှိုက်တွေကို သေချာသိမ်းထုပ် စွန့်ပစ်တတ်ဖို့ သူများနိုင်ငံရဲ့ နိုင်ငံသားတွေနဲ့အတူ စည်းကမ်းလိုက်နာတတ်ခဲ့ပြီ။

တစ်တောင်ခန့်ရှိ အမှိုက်ပုံးကို ညပိုင်းအိပ်ချိန်မှာ အနံ့မခံနိုင်တော့ နေ့စဉ်စွန့်မိရာကနေ အတွေးစတစ်ခု တိုးခွေ့ဝင်လာပြန်တယ်။

မနက်မိုးလင်းတိုင်း ဝရံတာက လေနုအေးအေးကို မျက်လုံးလေးမှိတ် ခံစားရင်း မေတ္တာသုတ်ရွတ်ပွါးပြီး စီစဉ်တကျ တစ်နေ့တာဆောင်ရွက်စရာတွေကို ဆက်တိုက်လှုပ်ရှားလို့ ညအိပ်ရာဝင်သည်အထိ စိတ်အမှိုက်တွေ ဘယ်မျှလောက် တစ်နေ့စာ စွန့်ပစ်မိခဲ့သလဲလို့ပါ ...။

စိတ်ကူးထဲမှာပဲ အမှိုက်ပုံးထဲ ပစ်ထည့်မိလိုက်တဲ့ စိတ်အမှိုက်တွေက အများသား။

နောက်နေ့ဆက်ထားရင် ပုပ်နံ့ထွက်လာတော့မှာမို့ အပျင်းထူမနေပဲ သွား စွန့်ပစ်အုံးမှပေါ့ ....။

ကြည့်ပါအုံး အမှိုက်တောင်းထဲမှာ တစ်နေ့တာ အမှိုက်တွေက လူသေကောင်လို အနံ့တွေက ဆိုးဆိုးရွားရွား။

စိတ်အိမ်မှာ ခိုကပ်နေတုန်းက မသိသာပေမယ့် ပစ်ချ စွန့်ပစ်လိုက်တော့ ညစ်တီးညစ်ပတ်တွေဖြစ်ကရော။

ဒါကြောင့် တစ်နေ့ တစ်ခါ အမှိုက်ပုံးသွန်တိုင်း သတိရမိတယ်... စိတ်အိမ်ထဲက အမှိုက်တွေနဲ့ ညစ်ပတ်ကြီးဖြစ်နေအုံးမှာ။

အမှိုက်ပုံးထဲက ဘယ်လိုအမှိုက်တွေ ဖြစ်တယ်ဆိုတာတော့ မပြောပြတော့ပါဘူး၊
ကိုယ်တိုင်တောင် မကြိုက်လို့ စွန့်ပစ်လိုက်မှတော့လေ ...။


စွန့်ပယ်ဖို့အတွက် စိတ်အားထက်သန်ဖို့ပဲ လိုပါတယ်။

ကိုယ့်ထက် အတ္တအားကောင်းသူနဲ့ တွေ့ရပြန်တော့ ...
ကိုယ့်အတ္တလေးခမျာ ကြေကွဲစွာနဲ့ ပရုပ်လုံးလေးလို
လုံးပါး.. ပါးသွားရပြန်တယ် ..။

ကိုယ့်ထက်လောဘကြီးသူနဲ့ မျက်နှာချင်းဆိုင်တွေ့ရခိုက်
ကိုယ့်လောဘလေးခမျာ စေတနာပိုမိပြီး
အပြိုင်အဆိုင်အလုအယက်မလိုချင်ပါနဲ့လို့
ပေးဆပ်ချင်သူကြီးက တိုးတိုးဖွဖွရေရွတ်နေမိတယ် ...။

ကိုယ့်အပေါ်မာနထားသူနဲ့ ရင်ဆိုင်တိုးမိပြန်တော့ ...
ကိုယ့်မာနလေးခမျာ နားလည်မှုတွေရင်မှာ ပိုက်လို့
တင်းထားတဲ့ မျက်နှာကြော ဖြေလျော့ပြီး
ကိုယ့်နှုတ်ခမ်းထက် အပြုံးတစ်စပွင့်မိပြန်တယ် ...။

ကိုယ့်ထက်ဒေါသအားကြီးသူနဲ့ တွေ့ရတဲ့အခါ ...
ကိုယ့်ဒေါသလေးခမျာ ကြောက်ရလွန်းလို့
ခပ်ရို့ရို့လေး ချောင်ကုပ်နေမိတယ် ...။
.
.
.
ဝသုန္ဓရေ ဤမြေပံသု သိလာထုလည်း သက်သေအမှု တည်ပါစေသောဝ် ...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

p.s - ပိုစ့်နာမည်ကို စိတ်အမှိုက်ပုံးလို့ ပေးချင်ပါသော်လည်း သူများရေးထားတာ တွေ့မိလို့ ခေါင်းစဉ်လေး ပြောင်းလိုက်ရပါတယ်။

5 comments:

Anonymous said...

အမှိုက်ပုံးသွန်တိုင်း သတိရနေမှာပါ ... :)

ကိုနော said...

ရွှေဖြစ်မယ့် အမှိုက်မျိုးများ ပါလာလေမလား...ရှာကြည့်ဦးမယ်..

Crystal said...

ကိုနော ပြောမှ အမှိုက်ထဲက ရွှေထွက်ဖို့ ကြိုးစားကြည့်အုံးမယ် :D

Aunty Tint said...

အမှိုက်ဆိုထဲက မနှစ်သက်လို့ လွှင့်ပစ်ရတာဆိုပေမယ့် စနစ်တကျလေးပစ်ရင် ကိုယ်အပါအ၀င် ပတ်ဝန်းကျင်အတွက် အန္တရာယ်ကင်းတာပေါ့ ခရစ္စတလ်ရေ ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Crystal said...

သေချာသိမ်းထုပ်ပြီးမှ စွန့်ပစ်တဲ့အကြောင်း ပိုစ့်ထဲမှာ ရေးထားပါတယ်ရှင့် :D

“နိုင်ငံရပ်ခြားရောက်ကတည်းက နောက်ဖေးလမ်းကြားကို အမှိုက်ပစ်မချတတ်တာ အကျင့်ဖြစ်သွားခဲ့ပြီ၊ အမှိုက်တွေကို သေချာသိမ်းထုပ် စွန့်ပစ်တတ်ဖို့ သူများနိုင်ငံရဲ့ နိုင်ငံသားတွေအတူ စည်းကမ်းလိုက်နာတတ်ခဲ့ပြီ။”