သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, November 6, 2010

ဆာလာမ (အပိုင်း - ၃)

ကျိုင်းတုံမြို့မှ ရပ်တော်မူဘုရား

တောင်စတက်တဲ့ ပထမရက်မှာပဲ ကျမနဲ့ ခမ်းတို့ရဲ့ ဆိုင်ကယ်မှောက်သတင်းဟာ ရန်ကုန်ရုံးအထိ ရောက်ခဲ့ပြီး၊ ကျမကို လူစားလဲဖို့အထိ အနားယူဖို့ ပြင်ဆင်ပေးခဲ့ကြပါတယ်။ (လူသားချင်းစာနာတဲ့ အဖွဲ့တွေမှာ အလုပ် လုပ်ရတာ စိတ်ချမ်းသာစရာ အချက်တစ်ခုပါ။) ဒါပေမယ့် crystal ပဲလေ ဇွဲက ကောင်းမှ ကောင်း၊ ကိုယ်တာဝန်ယူထားရတဲ့အလုပ် အသက်ထွက်သွားပါစေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ ဒါကြောင့် ခန္ဓာကိုယ်ကျန်းမာရေး တစ်ညတာ အမြန်ဆေးသောက် ဂရုစိုက်ပြီး နောက်နေ့ ချက်ချင်း တောင်ပေါ်ဒေသတွေ ရောက်အောင် သွားပြီး တိုင်းရင်းသားပြည်သူတွေကို တွေ့ဆုံခဲ့ပါတယ်။ “ခမ်း”တစ်ယောက်ကတော့ ဒူးခေါင်းဒဏ်ရာကြောင့် သုံးရက်အနားပေးလိုက်ပြီး၊ သူသက်သာလာတော့မှ ကျမတို့ ရောက်ခဲ့တဲ့ ရွာကို ရွာသားများနဲ့ တွေ့ဖို့ ထပ်မံ သွားရောက်ခဲ့ရာ......

တောင်တန်းများက တိုင်းရင်းသားပြည်သူများရဲ့ အကြောင်းတွေကို ပြောပြကြပါလိမ့်မယ်။

“ခမ်း”ရဲ့ ခြေထောက်အနာသက်သာတယ်ဆိုရင်ပဲ ကျမတို့အဖွဲ့ဟာ တောင်ပေါ်ကို နောက်တစ်ကြိမ်ကြိုးစားတက်ခဲ့ကြပြန်ပါတယ်။ ဒီတစ်ခါတော့ ယောက်ျားလေး နှစ်ယောက် မိန်းကလေးနှစ်ယောက်ဆိုတော့ အားရှိစရာ။ တောင်တက်တော့ မိုးမရွာထားလို့ လမ်းအတက်မှာ ချော်မကျတော့ ကံကောင်းစွာ တောင်သုံးလုံးကို ကျော်လွှားနိုင်ခဲ့ပါတယ်။ တောင်သုံးလုံးကျော်လာတော့ ယောက်ျားလေးနှစ်ယောက်က မသင်္ကာစွာနဲ့ တောင်ကဝေးလိုက်တာ “ခမ်း”ရာ ဟုတ်ရောဟုတ်ရဲ့လားလို့ မေးကြတယ်။ ကျမတို့က ရောက်ဖူးပြီးဆိုတော့ ဆရာကြီးလေသံနဲ့ ဒါက ခရီးတစ်ဝက်ပဲ ရှိသေးတယ်လို့ ပြိုင်တူပြောလိုက်ကြသေး။
ရွာရှိရာ တောင်ကို ရောက်တော့ တောင်ပေါ်က ကျွဲကျောင်းသား မောင်းချလိုက်တဲ့ ကျွဲအုပ်နဲ့ ဆိုင်ကယ်နှစ်စီး လူလေးယောက် ရင်ဆိုင်ကြရပြန်တယ်။ တောင်ပေါ်က ကျွဲမို့ ပိန်တယ် မထင်လိုက်လေနဲ့၊ ဝဖြိုးပြီး ဂျိုတွေက ကားနေလို့ တောင်လမ်းကြားမှာ ယာဉ်ထိန်းရဲက မရှိတော့ ကျွဲတွေလည်း တော်တော်လေး အလုပ်ရှုပ်သွားပါတယ်။ တောင်ကြားထဲက သူတို့ ကိုယ်လုံးတွေနဲ့ ဆင်းပေးသွားလို့ တော်သေးတယ်၊ ကျွဲအုပ် ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ကျွဲကြီးကတော့ တောင်စောင်းက ဆင်းမသွားပဲ လူတွေဆီ အတင်းတိုးပြီး တောင်ဆင်းလမ်းအတိုင်းပဲ ဆင်းလာလို့ သူ့ကို လမ်းဖယ်ပေးလိုက်ရသေးတယ်၊ ခွေ့မသွားတာ ကံကောင်း။ မျက်စောင်းထိုးပြီး နှာမှုတ်သွားတယ်။ ကျွဲမျက်စောင်းထိုးတာ crystal လည်း အဲဒီရောက်မှ တွေ့ဖူးတော့တယ်။ အံ့ရော။
ကဲ အခက်ခဲမျိုးစုံနဲ့ ဝေးလံလှတဲ့ တောင်စဉ်တောင်တန်းတွေ ကျော်လွှားပြီး ရောက်ခဲ့တဲ့ ရွာလေးက အခါလူမျိုးစုများ နေထိုင်တဲ့ ရွာလေးဖြစ်ပါတယ်။ ကျမတို့အဖွဲ့က ရွာသားတွေ တွေ့ဖို့အတွက် ထပ်မံရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ ရွာထဲမှာတော့ ဒီနေ့ ရွာသားတွေ စုစုရုံးရုံးနဲ့ပါ။ ကျမရဲ့ ဝန်ထမ်းတွေက ရွာမှ လူကြီးများကို မိတ်ဆက်ပေးဖို့ ခေါ်လာရင်း “စိုင်း”က “ဒီနေ့ နှစ်သစ်ကူးပွဲတော်ကျင်းပနေကြတာတဲ့၊ အစ်မ အခါရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကြုံရတာ ကံထူးတာပဲ အစ်မရေ ” ။ အော် ဒီနေ့ဟာ အခါရွာလေးရဲ့ နှစ်သစ်ကူးပွဲတော်နေ့တဲ့လား။
စိုင်း၊ စပ်ထွန်းနောင်၊ ခမ်းနဲ့ ကျမတို့ လေးယောက် နှစ်သစ်ကူးပွဲတော်ကျင်းပရာ ရွာသားများ စုဝေးနေတဲ့ နေရာမှာ ရွာလူကြီးများနဲ့ ကျမကို မိတ်ဆက်ပေးပါတယ်။ တိုင်းရင်းသားဘာသာစကားတွေနဲ့ ပြောဆိုနေကြတဲ့အထဲမှာ ကျမကြားလိုက်တာ နားလည်လိုက်တာ ဆရာမဆိုတဲ့ စကားပါ။ ခမ်းက ကျမကို ဘာသာပြန်ပေးပါတယ်။ ရွာကို ကျန်းမာရေးကိစ္စလေးတွေအတွက် ရန်ကုန်က ဆရာမ လာပါတယ်တဲ့။ ဇာတ်လမ်းက ဒီမှာ စတော့တာပဲ။
“ဝေး ဒီမှာ ဗမာပြည်က ဆာလာမ လာတယ်”
(ဆ ကို နဲနဲ စွဲဆွဲတဲ့ အသံကြောင့် ဆ မှာ ရေးချာလေး ထည့်လိုက်ပါတယ်။ )

ဟုတ်ပါပြီ ဆာလာမဆိုတော့လည်း ဆာလာမပေါ့လေ၊ ထားပါတော့။ သူတို့ ရဲ့ ရိုးရာနှစ်သစ်ကူးနေ့မို့ တိုင်းရင်းသားရိုးရာဝတ်စုံလေးတွေ ဝတ်ထားကြတာ ကျက်သရေရှိလိုက်တာ။ ရွာလူကြီးက အားလုံးကို အခါလို ထပ်ပြောကြပြီး တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်ကြပါတယ် သူတို့ ပြောတဲ့စကားတွေကို ခမ်းက ဘာသာပြန်ပေးပါတယ်ရှင်။ သူတို့ ဘာတွေပြောကြသလဲ။ အဲ နောက်ဆက်တွဲကတော့ ရွာသားတွေ ဝိုင်းလာကြတယ် တစ်ဖြည်းဖြည်းစုစုလာကြတယ်၊ ဘာများလဲ...
နင် ဗမာပြည်သားလား။
ဗမာပြည်က ဒီကို ဘာနဲ့လာတာလဲ။
ဗမာပြည်က လာတယ်ဆိုတာ င့ါတစ်သက်မှာ ဒီတစ်ခါပဲ တွေ့ဖူးတယ်။
ဗမာပြည်ဆိုတာ ဘုရားကြီးရှိတဲ့ဆီကလား။
ဗမာပြည်ကဆိုတော့ နင်ဘာလူမျိုးလဲ။
ဗမာပြည်ကနေ နင်ဒီကို လာလို့ရလား။
နောက်ရော နင်လာမှာလား။


သူတို့အမေးတွေကို ဖြေလည်း ဖြေရင်း လက်ဆွဲနှုတ်ဆက်ကြ၊ သူတို့က ပျော်လို့၊ ကျမက ထူးဆန်းပြီး ရင်ခုန်လို့။ တချို့အမျိုးသမီးကြီးတွေက ပါးကိုတောင် ကိုင်ကြည့်မယ်ဆိုပြီး လာတို့ကြည့်ကြသေးတယ်။ ပြီးနောက်မှာတော့ ရွာလူကြီးဖြစ်ဟန်တူတဲ့ လူကြီးက အခုလိုရောက်လာတာကို ကျေးဇူးတင်ကြောင်း၊ နှစ်သစ်ကူးပွဲတော်နေ့မှာ ရွာကို ဧည့်သည်ရောက်လို့ မင်္ဂလာရှိပါကြောင်း၊ သူတို့နဲ့ အတူ နှစ်သစ်ကူးပွဲတော်ကို ဆင်နွဲဖို့ ဖိတ်ခေါ်ပါတယ်။ သီချင်းဆိုပြီး နှစ်သစ်ကူးကြောင်း အရည်ခွက်လေးကိုင်ပြီး ဆုတောင်းကြပါတယ်။
crystal တစ်ယောက်တော့ အထူးအဆန်းတွေချည်း တွေ့လို့ မဆုံးနိုင်သေးပါ။
“မီးတောက်အရက်တဲ့ အစ်မ” ခေါင်းထဲကို တက်ဆောင့်သွားသော ပူရှိန်းရှိန်း အရသာက အခုတိုင် မမေ့နိုင်ပေ။
အစားတွေ ဂျီးများတဲ့ crystal အတွက် ကြက်သားတဲ့၊ ကြက်သားအစိမ်း “ကြက်သားချဉ်”။
ကဲ ကောင်းကြသေးရဲ့လား၊ “ဆလာမ စား စား”ဆိုတော့ ဒီကလည်း အဟင်း အဟင်း မျက်နှာလေးကတော့ သဖြဲလေးနဲ့ပေါ့။ စိတ်ထဲမှာတော့ ညှီတဲ့ အနံ့မှန်သမျှ ရွံ့တတ်လေသော ကျမအဖို့ တိုင်းရင်းသားတွေရဲ့ စေတနာကို ဘယ်လိုများ ငြင်းရက်နိုင်မှာလဲ။ ကိုင်း ကိုင်း လာထား ဘာပဲဖြစ်ဖြစ် ......ဂလု လိုက်ပါတော့တယ်။


နောင်တုံကန်ဘေးမှာ အကြော်လေးတွေစားရင်း ရှမ်းမလေးတွေရဲ့ သဘာဝအလှလေးတွေ ထိုင်ငေးဖြစ်ခဲ့သေး။

ဒီတောင်ပေါ်ရွာလေးမှာ လူနေ အိမ်ခြေအနည်းငယ်စီနဲ့ ရွာလေးတွေ အုပ်စု ခွဲနေကြပါတယ်။ ရွာသူရွာသားတွေဟာ တောင်ယာလှေခါးထစ်စိုက်ပျိုးခြင်းများ၊ ဆေးမြစ်တူးခြင်းအလုပ်နဲ့ အမဲလိုက် အလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းကြပါတယ်။
ရွာသားတွေဟာ အရင်က ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး အခုအခါမှာတော့ ခရစ်ယာန်ဘာသာဝင်များ ဖြစ်နေကြပါပြီ။ ကိုးကွယ်မှုအနေနဲ့ ရိုးရာနတ်ကန်တော့ခြင်းများ ယဇ်ပူဇော်ခြင်းများလည်း ရှိနေပါသေးတယ်။ ဘာသာတရားအနေနဲ့ သင်းအုပ်ဆရာနဲ့ ဘုရားရှိခိုးကျောင်းသဖွယ်ထားရှိပြီး သင်းအုပ်ဆရာရဲ့ နေအိမ်မှာပဲ ဘုရားဝတ်ပြုကြပါသတဲ့။ သင်းအုပ်ဆရာကို အခြားရွာမှ သွားရောက် ခေါ်ဆောင်လာခဲ့ပြီး သင်းအုပ်ဆရာအနေနဲ့ ရွာလေးရွာကို သုံးလတစ်ခါ အလှည့်ကျဖြင့် တာဝန်ယူဆောင်ရွက်မှုများ လုပ်ပေးတယ်လို့ သိရပါတယ်။ စာသင်ပေးတယ်၊ ဗဟုသုတများကို မျှဝေပေးတယ်။ မြို့က ပစ္စည်းတွေ သွားဝယ်ပေးတယ်။ ကျန်းမာရေးဆိုင်ရာ အဖွဲ့တွေထံ ဆက်သွယ်ပြီး ရွာအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်ပေးပါတယ်။ တောင်အထပ်ထပ် မြင့်မားပေမယ့် တောင်ပေါ်မှာ ရေပိုက်က ရေလာနေတယ်။ ဒါတွေလည်း သူ့ဆောင်ရွက်ချက်တွေပါပဲ။ တောင်ကျရေကို ပိုက်လုံးနဲ့ ရွာအရောက် သွယ်တန်းနိုင်တာ သူ့ရဲ့ လမ်းညွှန်မှု စီမံခန့်ခွဲတွေပဲလို့ ဆိုရမယ်။ ရွာက ကလေးတွေ ရှမ်းဘာသာစာအပြင် မြန်မာစာကို စာလုံးပေါင်းဖတ်နိုင်ပါတယ်။ ရွာမှာ မီးလင်းဖို့အတွက် ဘက်ထရီတွေလည်း အဆင်ပြေအောင် ထော်လာဂျီနဲ့ သယ်ပေးသတဲ့။ လူဦးရေ သုံးဆယ်မပြည့်တဲ့ ရွာလေးမှာ ရွာသူရွာသားတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ သင်းအုပ်ဆရာရဲ့ ဆောင်ရွက်ချက်များဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေကြောင့် ရွာသားတွေဟာ လိုလားစွာနဲ့ ဘာသာကူးပြောင်းသွားခဲ့တာ ဖြစ်ကြောင်းသိခဲ့ရပါတယ်။
ရွာသားတွေကရော သူဒီရွာမှာ နေနိုင်အောင် ဘယ်လိုတွေများ စီမံပေးထားကြလဲ။ အိမ်၊ ယာခင်း၊ နွားတစ်ရှဉ်းနဲ့ လက်ထပ်ပေါင်းသင်းဖို့ အမျိုးသမီးတစ်ယောက်။ ဟုတ်ပါတယ် ရွာလေးရွာကို တာဝန်ယူထားရတဲ့ သင်းအုပ်ဆရာအနေနဲ့ တစ်ရွာမှာ သုံးလပဲ နေနိုင်ပါတယ်။ ဒီတော့ ဒီတော့ပေါ့လေ။ ကျမတို့အဖွဲ့ သင်းအုပ်ဆရာနဲ့တော့ မြန်မာလို အေးဆေးစွာ စကားဆက်ပြောဖြစ်ခဲ့ပါတယ်။ ရွာက လူတွေ ကျန်းမာရေး အသိအတွက် သူတာဝန်ယူပါကြောင်း လက်ကမ်းကြေညာတွေနဲ့အပြင် ကိုယ်တိုင်လည်း ပြောပြလေ့ရှိကြောင်း ကြားခဲ့ရလို့ ကျေးဇူးတင်ပါကြောင်း ပြောခဲ့မိပါတယ်။
တောင်ပေါ်ရွာလေးက အပြန် ဆာလာမလေးရဲ့ ခေါင်းထဲ အတွေးတွေများစွာနဲ့ပေါ့။ လိုအပ်ချက်နဲ့ ပံ့ပိုးမှုများအကြောင်း၊ ဘာသာတရားအကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများအကြောင်း၊ စသော အကြောင်းပေါင်းများစွာတို့က ဆာလာမလေးရဲ့ ရင်ကို တော်တော်လေး ထိရှစေခဲ့တာဖြစ်လို့ မေ့မရနိုင်တော့မယ့် ဆာလာမလေးရဲ့ နေ့ရက်များပင်ဖြစ်ပါတော့တယ်။

လေးစားစွာဖြင့်
crystal

ကျိုင်းတုံမှ ဓာတ်ပုံများကို လိုလိုလားလားဖြင့် ထပ်မံပေးပို့သော အမှောင်ထုထဲက အလင်းစက်များ နှင့် မနိုင်း တို့အား အထူးကျေးဇူးတင်ပါသည်။ ယခုပိုစ့်လေးရေးရသည်မှာ အတော်လေးပင်ထူးခြားလေသည်။ မြန်မာနိုင်ငံသားများအကြောင်းရေးသော ယခုပိုစ့်သည် မြန်မာနိုင်ငံထဲမှ တစ်နေရာဆီတွင်ရှိနေသော နိုင်ငံသားတို့ စုပေါင်းအားဖြည့်ထားသော ပိုစ့်လေးဖြစ်လာခြင်းကြောင့် အလွန်ပင် ဝမ်းမြောက်ကြည်နူးခြင်း ဖြစ်ရပါသည်။

2 comments:

Anonymous said...

အခုမှ ပိုစ့်ရဲ့ ခေါင်းစဉ် ဘာဆိုလိုမှန်း သိတယ် ...... ကျနော်ကိုက တုံးတာပါ...

အမ နောင်တုံကန်ဘေးမှာ ရှမ်း ချောချောလေးတွေ ကို ငေးခဲ့တယ်လို့ ဘာလို့  မရေးတာတုန်း........... (ရန်တိုက်ပေးတာ :D)

အမ ပြောတဲ့ မီးတောက်အရက် ကို သူတို့ ဆီမှာ တော်တော်များများက ဆန်အရက်လို့  ခေါ်တယ်ကြတယ် အမ... အခါတွေကတော့ တစ်မျိုးခေါ်ချင် ခေါ်မှာပေါ့လေ...

ကျိုင်းတုံနားက ရွာကလေး ရဲ့ လမုံးပွဲ ညမှာ မူးမှောက်သွားတဲ့ ဗမာ တစ်ယောက် အကြောင်း ရေးဖို့  အကြောင်းဖန်လာပြီပဲ..... အဟိ ကိုယ့်ကိုယ်ကိုဖော် မသူတော်တဲ့.......... :P

အမ ကျန်းမာပါစေဗျာ...
(အမှောင်ထုထဲက အလင်းစက်များ)

လသာည said...

ဆာလာမလေး..
တိုင်းရင်းသား မိသားစုတွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေနဲ့အတူ တော်တော်ပျော်ခဲ့မယ်နော်။
စားစရာတွေကိုသွားဖြဲလေးနဲ့ စားနေမှာကို မြင်ယောင်ရင်းး)))