သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, November 11, 2010

“အမေသာလျှင် သူရဲကောင်း”

“အမေသာလျှင် သူရဲကောင်း”

မိသားစုတစ်ခုမှာ အဖေက အေးချမ်းတဲ့ အရိပ်ကို ပေးပြီး၊ အမေကတော့ မိသားစုရဲ့ သူရဲကောင်းဆိုရင် မှားမယ်မထင်ဘူးနော်။ အမေဆိုတာ မိသားစုရဲ့ အခရာလည်းဖြစ်၊ မိသားစုဝင်တွေဖြစ်တဲ့ အဖေအပါအဝင် သားသမီးတွေရှေ့က မားမားမတ်မတ် သတ္တိရှိစွာရင်ဆိုင်ကြတာ သတ္တဝါတိုင်းရဲ့ အမေတိုင်းပင်မဟုတ်ပါလား။ ဘယ်လိုအန္တရာယ်တွေပဲ ကြုံရ ကြုံရ အမေတွေ အသက်ပေးသွားတာ၊ အနစ်ခံမှုတွေများစွာကို လုပ်နိုင်တာ အမေ ပါ၊ အသိဥာဏ်ရှိသော လူသားများပင်မက တိရစ္ဆာန်များမှာပါ တွေ့နိုင်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူး၊ အမေတို့ရဲ့ အသက်စွန့် မွေးပေးတဲ့ ကျေးဇူးတွေ ပြောလို့မကုန်တာ အထူးပြောဖို့ပင်လိုမယ်မထင်ပါလေ။

အမေတို့ရဲ့ အတွေ့အကြုံ၊ အမြှော်အမြင်၊ စဉ်းစားဥာဏ်များနဲ့ သားသမီးများကို ထိန်းကျောင်းပဲ့ပြင်လို့ ချော့တစ်ခါ၊ ခြောက်တလှဲ့နဲ့ပေါ့။ အမေတွေက သားသမီးတွေကို “ပြောမယုံ၊ ကြုံမှသိ”ဆိုတဲ့ စကားလေးအတိုင်း လွတ်မထားတတ်ကြဘူးလေ၊ ကိုယ်တွေ့ကြုံလိုက်လို့ ကိုယ်ကျိုးနဲမှာ စိုးသပေါ့။ မရေတွက်နိုင်တဲ့ မေတ္တာတွေနဲ့ တည်ဆောက်ပေးထားတာဆိုတော့ သားသမီးတွေ ထိခိုက်မယ်ဆိုရင် ဖေါ်မပြနိုင်တဲ့ ဝေဒနာတွေက သားသမီးတွေ ခံစားရတာထက်ကို ပိုလို့ ခံစားထိခိုက်စေကြတာလေ၊ ဒါ အမေ မဟုတ်လား။

ကရုပ်လေးဟာ အမေဗိုက်ထဲမှာတုန်းက ငြိမ်ငြိမ်လေး အိပ်ပျော်လွန်နေလို့ ဆရာဝန်တွေက မွေးဖွားချိန်ကျော်တာတောင် ကရုပ်လေးက လူ့လောကထဲ ရောက်မလာသေးတာကြောင့် ခွဲစိတ်ပြီး မွေးဖွားလိုက်ကြပါတယ်။ အမေဟာ သတ္တိရှိရှိပဲ ခွဲစိတ်မွေးဖွားပေးတာကို လက်ခံခဲ့ပါတယ်။ အမေပြောနေကြ စကားတစ်ခွန်းကတော့ သားသမီးနဲ့ ပတ်သက်လာရင် မိခင်တွေမှာ မမြင်နိုင်တဲ့ ဇောအဟုန်တစ်ခုရှိနေပါသတဲ့။ သားသမီးဇော။ ဇောက အားကို ဖြစ်စေပြီး မိခင်ရဲ့ ရင်မှာ မေတ္တာနဲ့ အတူ သတ္တိတွေက ဝင်ရောက်ကိန်းနေတာမို့ အမေတွေဟာ သားသမီးတွေရဲ့ သူရဲကောင်း ကရုဏာရှင်များ ဖြစ်ကြတာပေါ့။ ဒါကြောင့် ဘဝရဲ့ နာကျင်မှုတွေ ခံစားရမှာစိုးလို့ ကရုပ်လေးရဲ့ အမေက ကရုပ်လေးကို ကြိုတင်မှာကြားထားတာတွေ အများကြီးပေါ့။ အခုလို အမေနဲ့ ဝေးနေတဲ့ အချိန်ကာလရောက်လာတော့ အမေ မှာကြားတာတွေ နားထဲမှာ တဝဲလည်လည်နဲ့ပါ။ ကျမ တုံး-လွန်း အ-လွန်းတဲ့အခါတွေမှာလည်း သူများ ပြောတိုင်းမယုံနဲ့ နင့်ကို သူများက ရောင်းစားသွားမယ်တဲ့။ အဲ ဒီလိုပြောတဲ့အခါ ကရုပ်လေး ပြန်ပြောလိုက်တာက “သမီးက ချိန်ခွင်ပေါ်မတက်ပါဘူး”။ ဒီစကားလေးက ကျမတို့ မိသားစုမှာ အခုချိန်ထိ ကျမကို နောက်လို့ မဆုံးနိုင်အောင်ပဲ ဖြစ်ခဲ့ရပါတယ်။ အမေ ဆိုတော့လည်း အစစအရာရာ ဒေါင့်စေ့အောင် မှာတတ်၊ မြင်တတ် တွေးပူတတ်သူ အမြော်အမြင်ကြီးသူ။ ဒါကြောင့် အမေ ပြောတာတွေကို အလေးအနက်ထား ယုံကြည်တယ်လေ။ ဘဝမှာ ယုံကြည်စရာကောင်းတာ အမေပဲမဟုတ်လား။

မိဘတွေက သားသမီးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို ကျမတို့ သားသမီးတွေက ကောင်းမွန်သော ကျေးဇူးသိတတ်ခြင်းများနဲ့ ပြန်လည်တုံ့ပြန်ကြရမယ်မဟုတ်လား။ ဒီတော့ကား အမေ မှာတဲ့အတိုင်း လိုက်နာကြတာ လမ်းမှားကိုလည်း မရောက်စေတဲ့အပြင် လူထုကို အကျိုးပြုခြင်းတွေ၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းတွေ၊ မိသားစု စည်းလုံးညီညတ်ခြင်းတွေစတဲ့ ကောင်းမွန်သောလုပ်ရပ်များနဲ့ မိဘတွေနဲ့ တွေ့ဆုံတဲ့အခါ ကြိုဆိုကြစို့လားနော်။ ဒါမှ အမေ အမောပြေမှာပါ။

ဒါနဲ့ စကားမစပ် အမေ မှာကြားထားတာတွေထဲက တစ်ခုဖြစ်တဲ့ အမေလည်း နှစ်သက်၊ အစားဂျီးများတဲ့ ကရုပ်လေးလည်း ကြိုက်တဲ့ မုန့်ဟင်းခါင်းချက်လေးကို အမေ မှာတဲ့အတိုင်း ချက်ကြည့်မယ်လို့ စိတ်ကူးပါတယ်။ ထမင်းနဲ့ ဟင်းတွေသာ ချက်တတ်တဲ့ ကရုပ်လေးက မုန့်လုပ်နည်းတွေ တစ်ခုမှ မလုပ်တတ်ပါဘူး။ အိမ်မှာဆို အမေကပဲ ပင်တိုင်လုပ်နေကြဆိုတော့ ကရုပ်လေးကိုယ်တိုင် အစ အဆုံးလုပ်တာဆိုလို့ တစ်ခါမှ မရှိသေးပါဘူး။ တစ်နေ့တော့ ရန်ကုန်က မုန့်ဟင်းခါးမျိုးချက်စားချင်တာနဲ့ အမေ့ကို မုန့်ဟင်းချက်နည်း ရေးပေးဖို့ လှမ်းပြီး ပူဆာရပါတော့တယ်။ ရန်ကုန်မုန့်ဟင်းခါးလို့ ပြောရတဲ့အကြောင်းကတော့ ကရုပ်လေးက နယ်စုံ မှ မုန့်ဟင်းခါးမျိုးစုံ၊ ချက်နည်းမျိုးစုံနဲ့ ချက်ထားတာကို စားဖူးလို့ မုန့်ဟင်းခါးတွေထဲမှာမှ ကန့်သတ်ချက်နဲ့ နာမည်တတ်လိုက်ရတာပါ။ ဟိုတလောလေးက အသိတစ်ယောက်အိမ်မှာ မုန့်ဟင်းခါးချက်တယ်ဆိုတော့ စားဖို့လည်း ဖိတ်ထားတယ်၊ အယ် စားပစ်လိုက်မယ်ဆိုပြီး သွားတော့ ကိုယ့်အကြိုက် ချက်နည်းနဲ့ ချက်ထားတာ မဟုတ်လေတော့ မြိုမကျခဲ့ဘူး။

အမေ ရေးပေးလိုက်တဲ့ မုန့်ဟင်းခါးချက်နည်းလေးကို အမှတ်တရအဖြစ် မှတ်သားထားလိုက်ပါတယ်။ ကရုပ်လေးလိုပဲ မုန့်ဟင်းခါးချက်စားချင်သူတွေ အတွက်ဖြစ်ပါတယ်ရှင်။ ကိုယ့်အကြိုက်၊ ကရုပ်လေးအမေ ချက်ကျွေးတဲ့ မုန့်ဟင်းခါးလို့ နာမည်တပ်လိုက်မယ်နော်။ အမေကလည်း ရန်ကုန်သူမဟုတ်တော့ ရန်ကုန်မုန့်ဟင်းခါးလို့တော့ နာမည်မတပ်တော့ပါဘူး။
“ကရုပ်လေးတို့ အိမ်က ချက်တဲ့ အလှူမုန့်ဟင်းခါး”

၁) မုန့် (၁-ပိဿာ)
၂) ငါးခူ (ဆယ့်ငါးကျပ်သား သို့မဟုတ် နှစ်ဆယ်သား)
၃) ဆီ (နှစ်ဆယ့်ငါးကျပ်သား)
၎) ဆန် အကျက်မှုန့် အနည်းငယ်
၅) ပဲအစိမ်းမှုန့် မထည့်လည်း ရပါတယ်။
၆) ကုလားပဲ (ငါးကျပ်သား)
၇) ကြက်သွန်နီအကြော် (ကြက်သွန်နီ အနေတော်အရွယ် နှစ်ဆယ်သား)
၈) ကြက်သွန်နီ အသေး (ဆယ့်ငါးကျပ်သား)
၉) ကြက်သွန်ဖြူ (တစ်ဆယ်သား)
၁၀) ဂျင်းအနည်းငယ်
၁၁) ဆနွင်း အနည်းငယ်
၁၂) စပါးလင် (သုံးပင်)
၁၃) ငံပြာရည် (နှစ်ဆယ်သား)
၁၄) ဆားအနည်းငယ် (ပေါ့ငံ မြည်းကြည့်ပြီးထည့်ရန်)
၁၅) ငှက်ပျောတုံး အရင်းပိုင်း တစ်ထွာခန့်
၁၆) ဘဲဥ ငါးလုံး (ပြုတ်ထားပြီး) ပါးပါးလှီးထည့်ရန်
၁၇) နံနံပင်၊ ပဲသီးတောင့် အနည်းငယ်စီ
၁၈) ငြုပ်ပွတောင့် ငါးတောင့် သို့မဟုတ် အစိမ်းမှုန့် သုံး၊လေးဇွန်း
၁၉) နှစ်သက်ရာအကြော် (ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်)


ချက်နည်းအဆင့်ဆင့်
ငှက်ပျောပင် အမှေးများကို ခွာပြီး ဆနွင်းရည်တွင် စိမ်ထားပါ။ ပါးပါးလှီးပြီး ဆနွင်းရည်တွင် စိမ်ထားခြင်းဖြင့် ငှက်ပျောအူ မမဲစေပါ။ ပြီးနောက် ရေထည့်၍ မီးဖိုတွင် ပြုတ်ပါ။

ငါးများကို ရေစင်အောင်ဆေးပြီး ဆား၊ ဆနွင်းနှင့် နယ်ပြီးနောက် ခဏထားပါ။ ဆားဆနွင်းနယ်ထားသော ငါးကို ငါးပြုတ်မည့်အိုးထဲသို့ စပါးလင်များ၊ ငြုပ်ပွတောင့်များနဲ့ အတူထည့်ပါ။ ရေအနည်းငယ်နှင့် ငံပြာရည်အနည်းငယ်ထည့်၍ ပြုတ်ပါ။ ငါးပြုတ်သည် တအားနူးရန်မလိုပါ။ ငါးပြုတ်ကျက်လျှင် ချကာ အအေးခံပြီး ငါးပြုတ်ကို အရိုးထွင်ပါ။ အရိုးများကို ရေဖြင့် ပြန်လည်ပြုတ်ထားပါ။ အရိုးတွေသန့်စင်ပြီး ငါးပြုတ်ရည်ယူထားရပါမယ်။

စပါးလင်ကို အရင်းပိုင်းပါးပါးလှီးပြီး ကြိတ်စက်မှာ ထည့်ကြိတ်ပါ။ ဂျင်း၊ ကြည်သွန်ဖြူများကိုလည်း ကြိတ်ထားပါ။

ကြက်သွန်နီအနေတော်အရွယ်များကို ပါးပါးလှီးပြီး ကြက်သွန်ကြော် ကြော်ထားပါ။ ဆီအိုးထဲမှ ကြက်သွန်နီကြော်များ ထုတ်ပြီး ထိုဆီကို ငရုပ်သီးမှုန့်နှင့် ကြက်သွန်ဖြူထည့်ပါ မွှေးလာရင် ငါးအသားများထည့်ပြီး ဆီသတ်ပါ။ ငါးဆီသတ်အနံ့မွှေးလာရင်တော့ ဂျင်း၊ စပါးလင်များကို ထည့်နိုင်ပါပြီ၊ အိုးထဲတွင် အားလုံးကို မွှေပါ။ ကုလားပဲကိုတော့ ညထဲက ရေစိမ်ထားမယ်ဆိုရင် မနက်ပိုင်းချက်ချိန်မှာ နူးနေမှာဖြစ်လို့ ပြုတ်တဲ့အခါ အချိန်ကြာကြာပြုတ်စရာမလိုတော့ပါ။ ကုလားပဲပြုတ်ပြီးသားကို ဇကာနဲ့ တိုက်ပါ။
ငါးအရိုးပြုတ်ရည်တွေကို မီးဖိုပေါ်တင်ထားချိန်မှာ ဆန်မှုန့်များကို ရေနဲ့ ဖျော်ပြီး ငါးပြုတ်ရည်ဆူလာလျှင် ထည့်နိုင်ပါတယ်၊ တဖန် အရည်များ ဆူလာသည်အထိ မွှေပေးရပါမယ်။ အရည်တွေ ပျစ်ပြီး ခဲသွားတတ်လို့ပါ။ ဟင်းအိုးဆူလာပြီဆိုရင် ကုလားပဲတိုက်စစ်ထားတာကို ထည့်ပေးရပါမယ်။ ထုထားတဲ့ စပါးလင်များကိုလည်း ချည်ပြီး စည်းပြီး ဟင်းအိုးထဲသို့ ထည့်ပါ။ ငှက်ပျောပင်ဖတ်များ ပြုတ်ပြီးသားဖြစ်လို့ ရေတော်တော်ဆူပြီးချိန်မှ ထည့်လည်း ရပါတယ်။ ကြက်သွန်နီဥလေးတွေကတော့ နောက်ဆုံးမှ ထည့်ရပါမယ်။ ဟင်းရည်ကို မုန့်နဲ့ စားဖို့ အနေတော်ထည့်ပြီးနောက် ဟင်းရည် တစ်လက်မခန့် ကျသွားသည့်တိုင် မီးဖိုပေါ်တွင် ဆူအောင်တည်ရပါမယ်။ ဟင်းရည် အမှုပ်များသေသည်အထိ တည်ထားပြီး လှီးထားတဲ့ ဘဲဥဖတ်လေးတွေ ထည့်ပြီး အပေါ့အငံမြည့်းနိုင်ပါတယ်။ ဟင်းရည်လည်း မွှေးလာပြီ ကြက်သွန်ဥလေးတွေလည်း ကျက်ပြီဆိုရင်တော့ “မီးငယ်လေး စားနိုင်ပါပြီ”လို့ အမေက စာထဲမှာ ရေးထားပါတယ်။ အမေ ဆက်ရေးထားတာက သူလာမှ ချက်ကျွေးမယ်တဲ့ သမီးပင်ပန်းနေမှာစိုးလို့တဲ့လေ။ အော် အမေ...။

“ မိန်းမသားဘဝမှာ မိခင်ဖြစ်ခွင့်ရတာ အမြတ်ဆုံးပါ၊
အမေတိုင်းရဲ့ မေတ္တာကို လေးစားဂါရဝပြုပါတယ်။


လေးစားစွာဖြင့်
crystal

7 comments:

...အလင်းစက်များ said...

အောင်မလေး အမရာ.............

မြောင်းမြဒေါ်ချိုလား....ဒေါ်ကြွယ်လား...... ဒေါ်ချဉ်လား...... ဒေါ်လှလားပဲ.

ရယ်ဒီမိတ်အထုတ်တွေရှိပါ့... မုန့်ဖတ်ကလဲ ၀ယ်ရ လွယ်မှလွယ်ကို ပင်ပင်ပန်းပန်း ချက်မစားနေနဲ့ တော့ ........ မာတာမိခင် ရဲ့ နည်းကို အချိန်ရမှ သာ လုပ်စားပေါ့ဗျာ......... အစအဆုံးလုပ်ရတာ အချိန်မရှိဘူးအမရဲ့......

ကျနော်ဆို အဲ့ဒီ အထုတ်နဲ့  သူငယ်ချင်းတွေ စု ချက်စားလိုက်တာပဲ...

၁၅ မိနစ်ဆို ရပြီ..... ဆီချက်၊ ကြက်ဥ ဘဲဥ ပြုတ်၊ နံနံပင်လှီး ဒါလောက်တော့့ အချိန်ကုန်သပေါ့ဗျာ..........

...အလင်းစက်များ said...

အမေ့ကိုတော့ သတိရပါအိ............ :) :) :) :) :)

Crystal said...

အမေရဲ့ မွေးနေ့မှာ ဒီပိုစ့်လေးကို ရေးမလို့ပါ၊ အမေ ထိုင်းနိုင်ငံကို လာလည်ဖြစ်ခဲ့တော့ ပိုစ့်ရေးတာ နောက်ကျသွားတယ်။ သို့သော်လည်း အမေနဲ့ ပတ်သက်တာရေးချင်စိတ်ကလည်း ပေါ်လာ၊ မုန့်ဟင်းခါးချက်နည်းစာလေးကိုလည်း ပြန်ဖတ်မိ၊ နောက်ထပ် အမေနဲ့ဆိုင်ရာ သပ်သပ်ကို ပိုစ့်ရေးချင်တာကြောင့် ရေးချင်တာတွေ ပေါင်းပြီး ပိုစ့်တစ်ပုဒ်အဖြစ်ရေးချလိုက်ပါတယ်၊ အဓိပ္ပါယ်နှစ်မျိုးပေါင်းရေးမိသွားပါတယ်။

...အလင်းစက်များ said...

အမကတော့ဗျာ ပြောပြောက စောပါတော့လား...

ပြုပြဲဖတ်လိုက်ရတာ မျက်နုံးတောင် အောင့်အိ......... :)

Unknown said...

အမေ့ကို သတိရတာရော၊ အမေချက်တဲ့ မုန့်ဟင်းခါးကို တမ်းတတာရော ဆိုပါတော့။
အမေချက်တဲ့မုန့်ဟင်းခါးကို အစ်မလည်းလွမ်းတယ်။ အမေချက်တာ ပိုစားကောင်းတယ်..။ မေတ္တာတွေ ဖျော်ထည့်ထားလို့ ဖြစ်မယ် =)

Crystal said...

မှန်ပါ့ အစ်မလသာရေ အမေ့လက်နဲ့ ထိတာမှန်သမျှ အားလုံးဂွတ်တာ။

Anonymous said...

အမ တစ်ယောက် ဘယ်တွေ ပျောက်........ နေမှကောင်းရဲ့လား..... မအားမလပ် လို့ များလား ........ မသိ...........

အမကြမ်း မာ ခြန်း သာ ဠမ်း ဖျာ ၀န်း သာ ပါ ဆေ သား............ :P
(justice999burma)