သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, February 2, 2012

မိုးသည်းထဲမှာ


 မိုးသည်းထဲမှာ ခရစ္စတလ်နဲ့အတူ မိုးမိနေတဲ့ စက္ကူပန်းလေးတွေ

 မိုးရာသီမှာ ခရစ္စတလ်ကို မွေးတာမို့လားမသိဘူး မိုးတွေ ရွာရင် သိပ်ကို ပျော်ပါတယ်။ 
မိုးခြိမ်းသံတွေနဲ့ လျှပ်စီးလက်တာတွေကိုလည်း သဘောကျပါတယ်။ မားသားကို ပေါက်ပေါက်ရှာရှာမေးလိုက်သေးတယ် 
သမီးကို အမေမွေးနေတုန်းက မိုးတွေ ရွာနေလားဆိုတော့ 
သိပါဘူးအေ ကလေးမွေးနေတာ မိုးရွာတာ သိနိုင်မလားတဲ့ 
ဟီ ဟိ၊ ဟုတ်သားပဲ:P

 မိုးတိတ်သွားပေမယ့် ပန်းပွင့်တွေမှာ မိုးစက်လေးတွေ တွဲလွဲခိုနေတာ ချစ်ဖို့ကောင်းလိုက်တာ

ညီမလေးတစ်ယောက်ရဲ့ ရုံးခန်းမှာ အလုပ်ကိစ္စတွေ ပြောပြီး အပြန်မှာ ဘုရားတက်မယ်ပေါ့၊ ရန်ကုန်မှာဆို ရွှေတိဂုံဘုရား ခဏခဏရောက်ဖြစ်တယ်။ ထိုင်းရောက်လာတော့ ဘုရားသွားချင်တယ် ဆန္ဒက အကင်းမသေဘူး ဘယ်ဘုရားသွားပြီး အေးအေးဆေးဆေး ဘုရားရှိခိုးရရင် အဆင်ပြေမလဲပေါ့။ နောက်တော့ တိုးအလုပ်တွေ လမ်းညွှန်ကူညီပေးတဲ့ အစ်မတစ်ယောက်နဲ့ တောင်ပေါ်ဘုရားကို သွားဖူးဖြစ်ခဲ့တာက စလို့ မကြာခဏဆိုသလို ရောက်ဖြစ်နေပါတော့တယ်။

အဲဒီနေ့က အိမ်ကနေ ထွက်တုန်းကတော့ နေသာနေသား၊ ပသူနမ်ရောက်တော့မှ အစိုးမရတဲ့မိုးက ရွာပါလေရော ရွာတာမှ သဲသဲမဲမဲကို ရွာချလိုက်တာပါ။ သွားလေရာ ထီးယူတတ်သူမို့ တော်သေးတော့တယ်။ လေကလည်း တိုက် မိုးကလည်း ရွာနဲ့။ ဘုရားသွားရတာ အဆင်ပြေပါ့မလား အိမ်ပဲ ပြန်လိုက်ရင်ကောင်းမလား။ ပြန်မယ့်စိတ်ကို မဖြစ် ဖြစ်အောင်သွားမယ်ဆိုတဲ့ စိတ်က အနိုင်ယူပြီး ဆက်သွားဖြစ်ပါတယ်။ တောင်ပေါ်ဘုရားနားရောက်တော့ လမ်းလျှောက်လို့ မရအောင်ကို လေတွေ တအားတိုက် တကိုယ်လုံးလဲ စိုစိုရွှဲပေါ့။ မိုးရေတွေ စိုနေတာ ပြန်ရင်ကောင်းမလား တစ်ခါ ထပ်တွေးမိတယ်။ လူကသာ တွေးနေတာ၊ ခြေထောက်တွေက ဘုရားဆီကို လှမ်းနေတုန်းပဲ။ ဘုရားပေါ်တက်ခါနီး လေနဲနဲတိုက်တာ သက်သက်သာသွားတယ်။ မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး မိုးမင်းကြီးရေ ကုသိုလ်ကောင်းမှုပြုဖို့လာတာလေ နဲနဲလောက်တော့ သနားပါအုံး ဒီမှာ ကြည့်ပါအုံး မိုးတွေ စိုကုန်ပြီ။ မိုးသဲနေချိန် ချက်ချင်းတိတ်ဖို့ မပြောပါဘူး နဲနဲတော့ စဲပေးအုံးမှပေါ့ ဟုတ်ဘူးလားနော်။

တောင်ပေါ်ဘုရား အတက်လမ်းဘက်မှာ ကော်ဖီဆိုင်လေးတစ်ခုရှိတယ် 
စက္ကူပန်းပင်လေးတွေနားမှာလေ။ အဲဒီမှာ toilet လည်းရှိတယ်။

အဲဒီကို ဝင်ပြီး ဘောင်းဘီစိုနေတာကို ရေညှစ်ချ၊ ပြီးတော့ ကော်ဖီဆိုင်လေးမှာ ကော်ဖီသောက်ရင်း မိုးအတိတ်ကို စောင့်နေလိုက်တယ်။ တစ်နာရီနီးပါး ရွာနေလိုက်တဲ့ မိုး မတိတ်နိုင်ဘူး၊ ဆက်တက်ဖို့ကလည်း တောင်ပေါ်ကရေတွေ ဆင်းလာတာဆိုတော့ တက်မရဘူး ပြန်ဆင်းရမလား ဆက်စောင့်ရမလား။ ကော်ဖီဆိုင်ထဲမှာ ကိုယ့်လိုပဲ မိုးခိုနေကြတဲ့သူတွေ အများသား။ သူတို့က ထီးတောင် မပါကြဘူး။ အဖေါ်တွေ ရှိနေသားပဲလေ ဆိုပြီး ဆက်စောင့်နေလိုက်တယ်။ မိုးမင်းကြီးကလေ ခရစ္စတလ် မျက်နှာငယ်လေးနဲ့ ကောင်းကင်ကြီးကို ခဏခဏကြည့်နေလို့လားမသိဘူး ခဏနေတော့ မိုးတိတ်ပေးလိုက်ပါတယ်။ မိုး လုံးဝတိတ်သွားပေမယ့် တောင်ပေါ်က ရေတွေ ဆင်းလာတာမို့ ခက်ခက်ခဲခဲပဲ ဘုရားပေါ် တက်ခဲ့ရတယ်။ သင်ခန်းစာတစ်ခု ရသွားတာက မိုးရွာနေချိန် သို့မဟုတ် မိုးရွာသီဆိုရင် တောင်ပေါ်ဘုရားသွားရတာ ဧည့်သည်တွေအတွက် အဆင်မပြေလောက်ဘူးဆိုတာပါပဲ။ လူကြီးတွေ ပါလာရင် ပိုဆိုးပါမယ်။ လှေကားထစ်တွေက သိပ်မမြင့်လှပေမယ့် လှေကားထစ်ကျဉ်းတာနဲ့ မြင့်တာကြောင့် နဲနဲအန္တရာယ်များနိုင်မယ်။

ပန်းပွင့်လေးတွေကို ရိုက်နေရင်း တောင်ပေါ်ဘုရားကို ကင်မရာထဲမှာ ဒီလိုလေး တွေ့လိုက်ရတယ်

တပတ်တစ်ခါတော့ ဘန်ကောက်ထဲမှာရှိတဲ့ ဘုရားတစ်ဆူဆူကို သွားပြီး ကုသိုလ်ယူမယ်ဆိုတဲ့ စိတ်က အားကောင်းနေတာမို့ နောက်တပတ်လည်း ဘုရားတက်ခဲ့ဖြစ်ပါတယ်။ 

ပိုစ့်ရေးဖို့ ဓာတ်ပုံတွေရိုက်ရင်း ပုံတွေ လှတာ မလှတာ နဲနဲသိလာတယ်။ ဖဘ သုံးတုန်းက ကိုဂျစ်တူးက နည်းလမ်းပေးပါတယ်။ ဘလော့ဂါများရိုက်တဲ့ ပုံတွေကိုလည်း လေ့လာဆည်းပူးခဲ့ပါတယ်။ ဘလော့ဂါတွေထဲမှာ နိုင်ငံခြားသားတွေ ရေးထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိုစ့်တွေလည်း ရှာဖွေဖတ်ရှုမိပါတယ်။ သူများပုံတွေကို ကြည့်ရင်း ပိုစ့်ကဒ်လေးတွေကြည့်ရင်း ဘယ်လိုရိုက်ရင် ပုံထွက်ကောင်းတယ်ဆိုတာ ကြားဆရာ သင်ဆရာ မြင်ဆရာနဲ့ အလုပ်က သင်သွားပါတယ်။ အခုတော့ ဓာတ်ပုံကြောင့် ပိုစ့်တွေ ဖြစ်လာပြီပေါ့ :)

ဒီတခေါက် ဘုရားတက်တာတော့ မိုးမရွာတော့ဘူး။ မိုးတွေ အုံ့နေရုံပါပဲ။ 
ဒါပေမယ့် တွတ်ပီရဲ့ ကံတရားက ဒီနေ့ ကိုယ့်ဘက်မပါခဲ့ပါဘူး။ အပင်ချင်းယှက်နွယ်နေတဲ့ ဒီနွယ်ပင်လေးတွေကို ကြည့်ရင်း သမုဒယသစ္စာအကြောင်း စဉ်းစားနေကြပါ။ ဒီတခါလည်း စဉ်းစားရင်း ဓာတ်ပုံရိုက်ဖို့ လှေကားလက်တန်းဘက်ကနေ ဒီဘက် နဲနဲရွေ့လိုက်ပါတယ် အနောက်ကလူတွေ ဆင်းရတာ အဆင်ပြေအောင်ပေါ့။ အဲဒီအချိန်မှာပဲ ကင်မရာထုတ်နေရင်း ခြေလှမ်းလိုက်တာ ဖိနပ်နဲ့ လှေကားနဲ့ စလစ်ဖြစ်လိုက်တာကြောင့် ထင်ပါရဲ့ ခြေထောက်ခေါက် လဲပါလေရော :(

ခရစ္စတလ် စလစ်ဖြစ်တဲ့နေရာပေါ့ :(
ဒီပုံက မနှစ်က ရိုက်ထားတဲ့ပုံပါ ဒီတခါတော့ မရိုက်နိုင်ခဲ့တော့ဘူး

ဒေါက်ဖိနပ် အမြင့်မဝတ်တတ်သူမို့ တော်သေးတယ် ဖိနပ်အမြင့်ဝတ်တတ်တဲ့သူသာဆိုရင် ခုချိန် နောက်ဘဝကူးသွားပါပြီ။ ဘုရားပေါ်မှာ သုံးနာရီနီးပါးထိုင်ထားတာကြောင့် ခြေထောက်ထုံနေလို့ ခြေထောက်ကို သိပ်ပြီး ထိန်းမရလိုက်တာ မိုးရွာနေတုန်း မဟုတ်ပေမယ့် မိုးရွာထားတော့ လှေကားတွေ ချော်နေတာ။ လှေကားခြောက်ဆင့်လောက်ကို လျှောကျသွားတာလေ ဒီတခါတော့ သဲထိတ်ရင်ဖို အဖြစ်ရဆုံးပါပဲ။ တော်တော်လေးကို အီစလံဝေသွားပါရဲ့။ ဒါကြောင့် ဖဘက ပျောက်နေလို့ အီးမေးပို့မေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် သတိတရရှိပေးလို့။ ဘလမှာ ကွန့်မန့်လည်ပြီး မပေးဖြစ်ခဲ့ရင်လည်း တောင်းပန်ပါရစေနော့ စက်ရှေ့ ကြာကြာမထိုင်နိုင်ဘူးဖြစ်နေတယ်လေ။

ဘန်ကောက်က ခင်မင်သူတွေကတော့ အပြင်ထွက်တာတွေ နားထားပါတော့တဲ့။ ပြန်တွေးကြည့်ရင် ဘုရားဝန်းကျင်နားမှာပဲ ခြေထောက်ခေါက်လဲကျတာ သုံးခါ ရှိသွားပြီ။ ဒီလိုပြောရင် ဘုန်းဘုန်းတွေက ဥပါဒါန်ကြောင့် ဥပါဒ်မရောက်ပါနဲ့ ဒကာမကြီးလို့ တရားတစ်ပိုဒ်လောက်တော့ နာရချည်သေးရဲ့လေ။

အိမ်က ထွက်ခါနီး ဘုရားဆွမ်းတော်ကပ်တုန်းက ဘုရားမျက်နှာတော်က ခါတိုင်းလို့ ပြုံးမနေလို့ စိတ်ထဲမှာတောင် ထင့်ကနဲဖြစ်မိသေး။ အို... ကုသိုလ်စိတ်လေးနဲ့ သွားမှာပဲဆိုပြီး ထွက်လာခဲ့လိုက်ပါတယ်။ လမ်းတလျှောက်လုံးလည်း ဘုရားစာရွတ်နေခဲ့ပါတယ်၊ ချော်လဲ ပြုတ်မကျခင်လေးကလည်း ခေါင်းလောင်းတီးပြီး အမျှဝေလိုက်သေးတယ်။ ချော်မလဲခင် နောက်ဆုံးစိတ်ကလေးကို ပြန်စဉ်းစားမိတော့“သတသဟဿရဟ”ဂါထာတော်ကို ရွတ်ဆိုပူဇော်နေခဲ့ပါတယ်၊ ရွတ်ဆို ပူဇော်နေရင်း အာရုံက နွယ်ပင်တွေဆီ ပြောင်းသွားပါတယ်။ ပြုတ်ကျနေစဲမှာတော့ လှေကားအဆုံးအထိ ပြုတ်မကျအောင် လက်နဲ့ လှမ်းထောက် တစ်ခါထောက်မရ ထပ်လျှောကျ နောက်တစ်ခါမှ ထောက်တော့မှ လျှောကျနေတာ ရပ်သွားတယ်။ အနီးမှာ ဆွဲပေးမယ့်သူလည်း မရှိပါဘူး။ ထိုင်းတွေကတော့ (ကိုယ့်အထင်) လဲကျလို့ ရှက်နေမယ်ထင်ပြီး အနားမလာကြဘူး အင်္ဂလန်သူ(သူပြောတဲ့ conversation အရ) အဘွားကြီးတစ်ယောက်ကတော့ are you ok? ပြောပြီး လာထူရှာပါတယ်။ သူထူပေမယ့် ကိုယ်က မထနိုင်သေးပါဘူး ချက်ချင်းဆိုတော့ ခြေထောက်က ထောက်မရသေးဘူးလေ။ ကုသိုလ်ကောင်းမှုပြုနေတဲ့ကြားက ဖြစ်တာဆိုတော့ အင်းးး မပြုမိတဲ့ချိန်များဖြစ်ခဲ့ရင် ဒီထက်ပိုဆိုးမယ်ထင်တယ်နော်။  


အင်းးးးးးးးးး ပြုတ်ကျလို့ ခေါင်းကွဲ သေသွားရင် စုတိစိတ်က ဘာဖြစ်မလဲ။
သေခြင်းရဲ့ အခြားတစ်ဖက်မှာ ဘာဖြစ်မလဲ။
ခုနေသေသွားခဲ့ရင် ကိုယ့်နောက်ကို လိုက်ပါမှာက ?
အောင်စာရင်းကြည့်ရသလိုပဲ ဖြစ်မှာပါ 
ဘဝသံသရာအောင်စာရင်းမှာ ခရစ္စတလ်တစ်ယောက် ခုချိန်သေမယ်ဆိုရင် စာမေးပွဲအောင်နိုင်မယ်ထင်လား။

စကားမစပ် (၂၀၀၅)ခုနှစ်အချိန်တုန်းက တရားစစ်တဲ့ခါ သမာဓိ မတည်နိုင်ဖြစ်နေပါတယ် အလုပ်အာရုံ မိသားစုအာရုံတွေ ရောက်ရောက်နေပါတယ်လို့ တရားစစ်မေးတဲ့ ဆရာတော်ကြီးကို လျှောက်ခဲ့ဖူးပါတယ်။ ဆရာတော်ကြီးက ညည်း အပါယ်လားတော့ အဲဒီလူတွေက ညည်းကို အပါယ်ထိလိုက်ပြီး အဖေါ်လုပ်မယ်ထင်လို့ သူတို့ဆီပဲ စိတ်ရောက်နေရသလားတဲ့၊ ကောင်းရော။ 

 ဒီလို တောင်ပတ်လမ်းလေးတွေမှာ ခေါင်းလောင်းလေးတွေ တီးပြီး တက်ကြပါတယ်


ဒီတီးလုံးသံလေးတွေကို ကြိုက်တယ်

ရေကန်ထဲက ကြာပန်းလေးတွေလည်း ပန်းအိုးကြီးထဲမှာ
ဘောင်ကျဉ်းသွားပေမယ့် ပွင့်လန်းနေမြဲပဲ

အခု ပိုစ့်ရေးနေတဲ့အချိန်ထိ တွေးနေတုန်းပါပဲ။ 
ဒီနေ့ ပိုစ့်ရေးနေတုန်း မိုးတွေ ရွာနေပြန်ပြီ 
မိုးသည်းထဲမှာ မိုးစက်တွေကို ကြည့်ရင်း တွေးနေတုန်းပါပဲ။

လေးစားစွာဖြင့်
ခရစ္စတလ်

10 comments:

မဒမ်ကိုး said...

ကံကောင်းစွာနဲ့ဘ၀မကူးသွားတဲ့ မမခရစ္စတယ် ရဲ့စက္ကူပန်းတွေကလှတယ်..ဒေါက်ဖိနပ်ကမစီးတာကောင်းတယ် အနော်ဆို မစီးနိုင်ဘူး ခြေချင်းဝတ်နာတော့ (အမှန်တော့တောသားကိုးး)
မိုးတွေစိုနေတာရွာနေတာမြင်ရင် အမေ့အိမ်မှာ ငြိမ်းငြိမ်းချမ်းချမ်းကွေးနေရတဲ့ဘ၀ကိုဘဲပြန်ပြန်လွမ်းမိတယ် မမရေ

ချစ်တဲ့

မဒိုးကန်

Anonymous said...

မိုးသည်းထဲမှာ.မိုးစိုနေတဲ့
ကောင်မလေးတစ်ယောက်ပုံတော့
မပါဘူးနော်အစ်မး)
ဓာတ်ပုံလေးတွေ.တစ်အားလှတယ်အစ်မ
ကူးသွားရမလားဟင် :P
ဒါန၊သီလ၊ဘာဝနာရိက္ခာလေးတွေ
များများစုထားအစ်မရေ..
ညီမလည်း.စုနေပါတယ်း)
ဟိုဖက်မှာ.လျှောက်ရမယ့်ခရီးက
အခြေနေမသိရသေးဘူးဆိုတော့လေ.. :P


ချစ်ခင်လျှက်
မိစံ

Crystal said...

စောစောစီးစီးရောက်လာတဲ့ ညီမလေး မဒမ်နဲ့ မစံတို့ကို ကျေးဇူးတင်ပါတယ်။ ဘယ်ပုံလေးလိုချင်လဲ၊ လိုချင်တဲ့ပုံနဲ့ အီးမေးထားခဲ့ရင် မူရင်းပုံလှလှလေးတွေ ပို့ပေးမယ် :)

စံပယ်ချို said...

မိုးမိတဲ့ သူ့ပုံကြတော့ပါဘူး
ပန်းလေးတွေနဲ့ အစိမ်းရောင်မြင်ကွင်းတွေအားလုံးကိုကြိုက်တယ်

ညယံ said...

မိုးရွာတဲ့ နေရာသွားရင် ဂရုစိုက်နော့  .. ဒေါက်ကတော့ မစီးတာ ကောင်းတယ် ..
စက္ကူပန်းတွေ အရမ်းလှတာပဲ .. စက္ကူပန်းပင်ကြီး မြင်ရင် ငယ်ငယ်တုန်းက ပန်းရုံကြီးရှေ့ စိန်ပြေးတန်းဆော့တာ သတိရတာ ..

သိင်္ဂါကျော် said...

ပုံတွေ ကောင်းလိုက်တာ...

Anonymous said...

မိုးမိထားတဲ့မိန်းကလေးပုံနဲ့
ဒုတိယမြောက်ပုံလေး..လိုချင်ပါတယ်ရှန်း)
အိမ်လိပ်စာက..
sandartinmyint
gmail com ပါ။း)



ချစ်ခင်လျှက်

မိစံ

mstint said...

ခရစ္စတလ်ရေ ဘုရားသွားမယ်ဆိုရင် စိတ်ကိုဒွိဟ
ဖြစ်စေတဲ့ အနှောင့်အယှက်လေးတွေ ဝင်တတ်စမြဲပါ။
မိုးမင်းကြီးကိုတောင်တိုင်တည်လိုက်သေးတာကို သဘောကျတယ်း)စက္ကူပန်းလေးတွေလှတယ်။
တောင်ပေါ်ဘုရားပို့ပေးတဲ့အတွက်လည်းကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခြေထောက်ထော့ကျိုးဖြစ်နေသော ခရစ္စတလ် said...

ညီမလေးများဖြစ်ကြတဲ့ ဂျက်၊ ညယံ၊ သိင်္ဂါကျော်နဲ့ သမီးစံတို့ရေ ကွန့်မန့်များအတွက် ကျေးဇူးနော်။ ဟလူမှလည်း ဥုံဖွ လုပ်ပေးကြဘူးတော့ :P

အန်တီတင့်ရေ မိုးမင်းကြီးကို အသနားခံကြည့်တာပါ မိုးက တအားရွာနေတာမဟုတ်လား ချက်ချင်းတိတ်ခိုင်းရမှာ အားနာတယ်လေ :)
အန်တီတင့်ပေးတဲ့ဆုနဲ့ ပြည့်ခွင့်ရသူဖြစ်အောင် ကြိုးစားမယ်နော်။

အောင်အောင် said...

လာရောက်အားပေးရင်း ဓါတ်ပုံတွေကြည့်သွားတယ် လူတိုင်းရဲ့ဘဝစာမျက်နှာဟာ အရောင်တွေ စုံတယ်ဗျာ ခံစားရင်းဖြင့်