သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, February 9, 2012

လှမ်းလျှောက်မည့် “လမ်း”

 
လမ်းများစွာတို့သည် ကွေ့သော ကောက်သော ဖြောင့်သော နိမ့်သော မြင့်သော  ဝေးသော နီးသော သဘောရှိကြပြီး 
ကွဲပြားသော သဘာဝပတ်ဝန်းကျင်တို့လည်း ရှိကြသည်။

ခြေလှမ်းများကြောင့် လမ်းဖြစ်ခဲ့သလား၊ လမ်းတွေကြောင့် လှမ်းဖြစ်ခဲ့သော ခြေရာဖြစ်သလား သေချာမသိကြ။ 
အစကတည်း လှမ်းလျှောက်သည့် လမ်းများစွာရှိခဲ့ကြသည်မဟုတ်ပါလား၊ 
ယခုတိုင် ရှိနေဆဲဖြစ်ပါသည်၊ နောင်တွင်လည်း ရှိနေကြအုံးမည်။

စိမ်းလန်းသော လမ်းများစွာ ခြောက်သွေ့သော လမ်းများစွာတို့လည်း ရှိနေကြပါသည်။ 
လှမ်းလိုစိတ်ဟူသော “မျှော်လင့်ခြင်း”ရှိနေသမျှ လမ်းများစွာထက်တွင် လှမ်းနေကြရအုံးမည်မဟုတ်လား။

လှမ်းလျှောက်နေတုန်း လမ်းများစွာထက်တွင် ပြိုလဲ ယိုင်နဲ့သည့် ဆင်းရဲသည်လည်းရှိကုန်၏။ 
ကူမယ့်သူရှိသော ထူမည့်သူရှိသော ချမ်းသာသည်လည်းရှိကြကုန်၏။


ပြေပြစ်ညီညာဖြောင့်ဖြူးသော လမ်းများစွာတို့ကို တွယ်ငြိကြ မက်မောကြ မျှော်လင့်ကြပြီး 
ရှုပ်ထွေးပွေလီသော လမ်းများစွာကိုတော့ စိုးရွံ့ကြ စက်ဆုပ်ကြ မုန်းတီးကြ၏။

အဆုံးမမြင်ရသော လမ်းများစွာသည်လည်းကောင်း၊ လမ်းဟုထင်ရသော လမ်းမဟုတ်သော လမ်းများစွာတို့ကိုလည်းကောင်း လျှောက်လှမ်းမိကြသည်။ တချို့က သိလျှက် လျှောက်သည်၊ အချို့က မသိ၍ လျှောက်သည်။ တချို့က လမ်းမ“တွင်”။ အချို့က “ဆင်”သွား လမ်းဖြစ်ကြသည်သာ။

ကောင်းကင်နှင့် ပထဝီမြေကြီး အကြား လမ်းများစွာတို့သည် ရှင်းသန့်သည်ရှိ၏၊ ရှုပ်ထွေးသည်လည်းရှိ၏။
လမ်းတဝက်တွင် လမ်းပျောက်သူများလည်း ရှိကြသည်။

အချို့က ဖြောင့်ဖြူးသော လမ်းတွင် အရှိန်မြှင့်ကာ လျှောက်လှမ်းသွားကြပြီး လိုရာပန်းတိုင် အမြန်ရောက်လိုကြသည်။


တချို့ကတော့ သာယာသော ပတ်ဝန်းကျင်များတွင် ဝဲလည်ကာ တစ်ထောက်နားလို့ ဖြည်းဖြည်းခရီးဆက်ကြသည်လည်း ရှိ၏။ 
သာယာသော စိမ်းလန်းသောပတ်ဝန်းကျင်တွင် အချိန်ကြာကြာနေလိုကြသည်။ အမြဲစိမ်းလန်းနေလျှင် ကောင်း၏ပေါ့၊ ခြောက်သွေ့ပြန်တော့ မိန်းမောမှုမှ တဖန်နိုးထကြရမည်။

ပတ်ဝန်းကျင်သည် ပတ်ဝန်းကျင်ဖြစ်သည်၊ လမ်းသည် လမ်းဖြစ်သည်။
ပတ်ဝန်းကျင်ကြောင့် လှမ်းသည့်ခြေလှမ်း လမ်းမလွဲဖို့တော့ အသိတရားနှင့် သတိရှိကြရမည်။
ထိုမှသာ လမ်းမပျောက်တော့မည်ပေါ့။ အေးမြသော သဘောရှိသော ခြောက်သွေ့သော သဘောရှိကုန်သော ပတ်ဝန်းကျင်တို့သည် ရပ်တန့်ငေးမောသည်ဖြစ်စေ မငေးမောသည်ဖြစ်စေ ပြောင်းလဲတတ်သော သဘောရှိကုန်သည်ဖြစ်ရာ
လှမ်းလျှောက်မည့် “လမ်း” သွေဖယ်မသွားဖို့ အရေးကြီးသည်။


မှောင်သော လမ်းတွင်လည်းကောင်း၊ လင်းသော လမ်းတွင်လည်းကောင်း လှမ်းလျှောက်ရမည့် လမ်းများစွာတို့လည်း ရှိကြသေးသည်။

လှမ်းလိုစိတ် ရှိသမျှတော့ ထိုလမ်းများသည် မှောင်သည် လင်းသည်မရှိတော့။
ဖြောင့်သည် ကွေ့သည် မရှိတော့။


ဧကန်အစစ် လှမ်းလျှောက်မည့် လမ်းသည် များများမရှိ။ ပင်မကျောရိုးအားဖြင့် နှစ်ခုသာရှိ၏။ တိုးဝင်ဖို့နှင့် ကျောခိုင်းဖို့သာဖြစ်သည်။ ပြိုင်ပွဲတွေလိုပင်။ ဗိုလ်လုပွဲတက်လျှင်ဖြင့် ပြိုင်ပွဲဝင်သူ လျော့နဲသွားကြစမြဲမဟုတ်ပါလား။ ထိုကြောင့် လမ်းဆုံးရောက်ခါနီးတွင်တော့ လှမ်းသော ခြေလှမ်းများသည် ညင်သာစွာ တိုးဖွဖွဖြင့် ဖြည်းဖြည်းမှန်မှန် လှမ်းနေကြပြီး ပန်းတိုင်မြင်ရသော စိတ်ဖြင့် ငြိမ်းလျှက်ရှိကြကုန်သည်။

ချော်နေသော ခွေးသွားစိတ်တစ်ခုအကြောင်း စိတ်ဝင်စားမယ်ဆိုရင် ဒီလင့်လေးကိုလည်း ဖတ်ကြည့်ပါ။

လမ်းများသော လမ်းသွားသော ခရီးသွားတစ်ဦး ခံစားသီကုံးပါသည်။

လေးစားစွာဖြင့်
ခရစ္စတလ်

11 comments:

တီချမ်း said...

ပလုတ်တုတ်

ဒဿန တွေပါလား ပါဝါပွိုင့် လုပ်မလို့လား

take off the words verification from settings/comments

it is difficult for comment

မြသွေးနီ said...

အတွေးကောင်း၊ အရေးကောင်းလေးမို့ နှစ်သက်စွာ ဖတ်သွားပါတယ်ရှင်..။

Anonymous said...

္ကဤကား..လမ်းဋီကာ..တည်း။း))
ရှေ့လျှောက်မည့်လမ်းဟူသမျှ
နေပြည်တော်လမ်းများလို
အထစ်အငေါ့မရှိ..သာယာဖြောင့်ဖြူးပါစေကြောင်း..း)

ချစ်ခင်လျှက်
ရန်ကုန်လမ်းပိုင်ရှင် :D

စံပယ်ချို said...

လျှောက်လမ်းရသော ဘ၀ခရီးကို လမ်းလေးတွေပတ်ဝန်းကျင် သဘာဝပုံလေးတွေနဲ့ နှိုင်းပြပေးထားတာ
တစ်ကယ်အတွေးကောင်းပါပဲရှင်
ခင်တဲ့ jasmine

နေ၀သန် said...

တင်ပြပုံလေး မိုက်တယ်.. ဓါတ်ပုံလေးတွေနဲ့တွဲပြီး ခံစားရေးဖွဲ့ထားတာလေးကို ခံစားသွားပါတယ်ဗျာ..

ခင်မင်လျက်
နေ၀သန်

mstint said...

'လှမ်းလျှောက်မည့်လမ်း'ရဲ့ ဒဿနလေးတွေ
ဖတ်ရင်းအတွေးတွေထဲနစ်မြောခဲ့တယ်ခရစ္စတလ်ရေ။
ကြမ်းတမ်းတာဖြစ်စေ ချေမွေ့တာဖြစ်စေ
လင်းသည်ဖြစ်စေ မှောင်သည်ဖြစ်စေ ပတ်ဝန်းကျင်ရဲ့
ပယောဂကြောင့်လမ်းမလွဲသွားဘို့အရေးကြီးပါတယ်။
ဘဝနဲ့ယှဉ်တွဲနေတဲ့ ဓာတ်ပုံတွေပီပြင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘိုဖြူ said...

ရေးသားဖော်ပြထားပုံလေးကစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ
ပုံတွေအတွက်လဲကျေးဇူးတင်ပါတယ်

Angelhlaing(May everybody be happy and healthy! said...

အတွေးကောင်းလှချည်လား ခရစ္စတလ် ... ကိုယ်တိုင်ရော ဘယ်လိုလမ်းမျိုး ရွေးချယ်လျှောက်မိနေလဲ မသေချာမှုတွေ မရေရာမှုတွေ သိုသိပ်လျှက်ပါပဲ...ခရစ္စတလ် ရေ..

စံပယ်ချို said...

မောလာတဲ့အခါ အဲဒီစိမ်းစိမ်းလေးတွေလာကြည့်ရရင်အမောပြေတယ်
ကွန်မက်လေးဖျက်ပေးလို့ကျေးဇူးပါသယ်ရင်းရေ
နောင်လဲအဲလို အမောပြေစေတဲ့ အရာလေးတွေထပ်တင်ပါနော်
တခါတလေ တီတင့်မှာလဲတွေ့ရတာ
ချစ်တဲ့ jasmine
c-box မတွေ့လို့ပြန်လာရေးတာ

ညယံ said...

လှမ်းလျှောက်မည့်လမ်း .. အတွေးများစွာကို ဖြစ်စေတယ်နော် .. ပုံလေးတွေနဲ့ နှိုင်းယှဉ်ပြထားတာလည်း စိတ်ကူးကောင်းတယ် ။

မြတ်ပန်းနွယ် said...

အင်မတန်မှ အတွေးကောင်းသော ဓါတ်ပုံအက်ဆေးလေးကို ခံစားသွားပါတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်