သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, December 31, 2013

သောသောညံတဲ့ ဆိတ်ငြိမ်ခြင်းတို့ စိုးမိုးချိန် ...။

အကောင်းဆုံးခြယ်မှုန်းနိုင်ခဲ့ကြသော ၂၀၁၃-ခုနှစ်မှသည် 
နောင်လာမယ့်နှစ်သစ်များမှာ လှမ်းလျှောက်တဲ့ခြေလှမ်းများ ကျန်းမာသန်စွမ်းလို့
လွတ်လပ်ပေါ့ပါးခြင်းများနဲ့အတူ လတ်ဆတ်သောလေပြေကို တရှိုက်မက်မက် ခံစားနိုင်ပါစေကြောင်း
ဘလော့လောကသားတစ်ဦးအနေနဲ့ ဘဝရဲ့စာမျက်နှာများသို့
အလည်လာရောက်ခဲ့ကြသောမိတ်ဆွေအားလုံးကို
 ဒီနေ့ကလေးမှာ တောင်းဆုတွေချွေလို့ ...။
ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်


GOOD BYE to All!
 Life's Pages by crystal.

Friday, December 20, 2013

“ဟုမ်းမိတ်”

“ဟုမ်းမိတ်”
************
မန်းမြေက ဆောင်းညမှာ တွဲလက်တွေမြဲခဲ့တာ

ခဏတာရဲ့ အမှတ်တရ

လွမ်းစရာကောင်းတဲ့ အညတရ

ဟုမ်းမိတ်တစ်ယောက်ရဲ့ ဘဝ ...။


  မန်းမြေက ဆောင်းတစ်ညမှာ မာလာဟင်းစားပြီး 
လက်ချင်းတွဲလို့ လှမ်းလျှောက်ပြန်ခဲ့တဲ့ 
ညတွေကို လွမ်းတယ် ... *** ;)
ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Tuesday, November 26, 2013

သန်းခေါင်ပျောက်တဲ့ ကြယ် (ရှင်မားရု)


အမေ့ခံတွေရဲ့ ဘဝ

တံတားလေးတစ်စင်းစာ ဝပ်စင်းရဖို့

သံသရာကြိုးတွေနဲ့ ငြိလိုငြိ

မော်မကြည့်ဖြစ်တော့တဲ့ ကြယ်တွေအကြောင်း

တရားတောင်းသူ မရှိလည်း ဟောနေမယ် ...။



ရာသီအလိုက် စကားတွေ အကြား

တချို့က ရာသီဥတုပျောက်

တချို့က လျှောက်ပြန်သံပေး လမ်းမပေါ်ရောက်လို့

ကြယ်တွေခမျာ သန်းခေါင်ပျောက်ရင်း မိုးလင်းရ

အရင်ကလို မစားရသထာ အာရုံများ ...။



ဘဝတွေက အရင်လိုပဲ ...

အရင်အတိုင်းပါပဲ ..ကွယ်

ခန္ဓာငါးပါးချင်း အတူတူ

ကျပျောက်သွားတဲ့ အရိပ်ကလေးကို ပြန်ကောက်ပါ

အရင်ဘဝက မှောင်ပြပြ

ကြယ်တွေ အကြောင်းရယ်လေ ...။


ရှင်မားရု (အရှင်မဏိဇောတာလင်္ကာရ) စိတ်လိုလက်ရများ ကဗျာစာအုပ်မှ ကူးယူဖေါ်ပြပါသည်။ 

ခင်မင်လေးစားစွာဖြင့် 
ခရစ္စတလ်

Tuesday, September 17, 2013

အိမ်မက် တိမ်စိုင် ~~~

သက်ရောက်မှု အလင်္ကာ အပိုင်း (၂)


ထိုင်းနိုင်ငံရောက်လာပြီးနောက်ပိုင်း ခရီးတွေသွားလာရင်း ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အကြောင်းလေးတွေ တီးမိခေါက်မိလာပါတယ်။ သူတို့ဘဝတွေ ထဲထဲဝင်ဝင် ငေးကြည့်ဖြစ်ခဲ့တယ်။ ထပ်တူမကျနိုင်တောင် ပါဝင်လိုက်ပါခံစားကြည့်မိတယ်။ လိုအပ်ချက်တွေများနေတဲ့အထဲ ကိုယ်နိုင်တာလေးတွေ ကူရင်း ထပ်ဆင့်ကူညီချင်တာလေးတွေ စိတ်ကူးထဲ ပုံဖေါ်မိခဲ့ပါတယ်။ 

ဒီစိတ်ကူးလေးကို အသိမိတ်ဆွေတစ်ယောက်နဲ့ ဆွေးနွေးဖူးခဲ့တာကလွဲရင် အကောင်အထည်မဖေါ်ရသေးပါဘူး။ စိတ်ကူးထားတဲ့ရည်ရွယ်ချက်လေးကိုတော့ လက်လှမ်းမီတဲ့ သူတွေဆီက စစ်တမ်းတချို့တော့ ကောက်ယူမိဖူးခဲ့ပါတယ်။ ကျမကိုယ်တိုင် အလုပ်တစ်ဖက်ရုန်းကန်လှုပ်ရှားနေရတဲ့အတွက် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီစိတ်ကူးလေးကို မည်သူမဆိုအကောင်ထည်နိုင်ပါစေကြောင်း ကျမထက် ပိုကောင်းတဲ့ အကြံဥာဏ်ကောင်းတွေနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင်လည်း တကယ့်ကို ဝမ်းမြောက်နေမိမှာ အမှန်ပါ။ 

ထိုင်းနိုင်ငံမှာ လာရောက် အလုပ် လုပ်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ ကလေးငယ်တွေ၊ အသက်ငယ်ငယ်နဲ့ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ လူငယ်လေးတွေကို စာပေနဲ့ ပတ်သက်ပြီး ဗဟုသုတကြွယ်ဝစေဖို့ ဘယ်လိုလုပ်ပေးနိုင်မလဲလို့ စဉ်းစားကြည့်မိတယ်၊ အသိပညာတွေ လိုအပ်နေတာလည်း တွေ့နေမြင်နေမိတော့ ... 
မင်္ဂလာမောင်မယ်လို စာစောင်တစ်ခုထုတ်ဝေရင်ကောင်းမလား ...။

*အသက်အရွယ်အားဖြင့် အသက် ၁၂-နှစ်မှ ၁၈-နှစ်အတွင်းဖြစ်ပြီး၊

*လူငယ်တွေ သိသင့်သိထိုက်တဲ့ ဗဟုသုတများ (လူမှုပေါင်းသင်းဆက်ဆံရေး၊ ပညာရေးမှ ဖျော်ဖြေရေး၊ သာသာတရားနဲ့ပတ်သက်ပြီး သိထားသင့်သည်များ၊ လူငယ်တွေသိသင့်တဲ့ ကျန်းမာရေးအချက်အလက်များ) ဆုံးမစာတွေလို့တော့ မထင်စေချင်ပြန်ဘူး ...

*ကဗျာ၊ ဆောင်းပါးအတိုလေးတွေ၊ ဝတ္ထုတိုများအနေနဲ့ ဖတ်မှတ်သိနားလည်စေချင်ပြီး၊

*အွန်လိုင်းမှာ ဘလော့ဂါများရေးထားပြီးသားထဲမှ လူငယ်များနှင့်သက်ဆိုင်သည့် လိုအပ်နိုင်မယ့် ပိုစ့်လေးတွေ ရှာဖွေကာ၊ ရေးသားသူများထံ ခွင့်တောင်းပြီးနောက် လက်ဆင့်ကမ်းမျှဝေခြင်း 
(အနုပညာကြေးတစ်ခုခုဖြင့် သို့မဟုတ် အခမဲ့)

*ထိုင်းနိုင်ငံငွေကြေးအားဖြင့် မများနိုင်သော ပမာဏ ဘတ်ငွေ(၅၀) တန်ဖိုးသတ်မှတ်ဖြန့်ချီမယ်ဆိုရင် 
လူငယ်တွေအနေနဲ့ ငွေကြေးအားဖြင့် တတ်နိုင်ပြီး အသိပညာတိုးစေနိုင်တာမို့ ဖြန့်ချီမယ့်နေရာများကလည်း သဘောကျကျေနပ်နိုင်ပါမယ်ဆိုတဲ့အကြောင်းပါ လေ့လာထားပြီးဖြစ်ပါတယ်။ 

ဘန်ကောက်အတွင်း ထုတ်ဝေနေသော စာအုပ်တချို့ရှိပါသော်လည်း အလုပ်လုပ်နေကြသော လူငယ်များက သူတို့နဲ့ မသက်ဆိုင်လို့ ထင်နေကြောင်း သိရတဲ့အတွက်လည်း ကျမရဲ့ စိတ်ကူးလေးက တက်ကြွလိုက် ပျောက်ကွယ်လိုက်ဖြစ်နေစဲပါ။ 

ဖြန့်ဝေမယ့်နေရာတွေ၊ ဖတ်မယ့်သူတွေ၊ စာစောင်အမျိုးအစားနဲ့ ဈေးနှုန်းအစရှိသည်ကို လေ့လာဆန်းစစ်ပြီး စာစောင်အတွက် အရေးအကြီးဆုံး ထုတ်ဝေသုံးစွဲရမယ့် ငွေကိစ္စကို ထပ်စဉ်းစားရပြန်ပါတယ်။ တတ်နိုင်တဲ့ ဈေးနှုန်းကိုသာ ကန့်သတ်ထားမှ သူတို့လေးတွေ ဖတ်ဖြစ်မှာတွေးမိလို့ရယ်၊ အခမဲ့ဖြန့်တဲ့အခါ တန်ဖိုးမထားမှာစိုးတာကိုလည်း ထည့်စဉ်းစားမိပါတယ်။ 

ဥပမာ- ဘတ်ငါးဆယ်တန် စာစောင်ကို အရင်းအတိုင်းဖြန့်ဝေနိုင်မယ်ဆိုကြပါစို့
ဖြန့်ဝေစရိတ်လောက်တော့ လှူနိုင်မှဖြစ်ပါမယ်။ ထိုမှတဖန် အလှူရှင်တွေ သဒ္ဓါပေါက်လို့ လှူမယ်ဆိုရင်လည်း စာစောင်ရွက်ရေတိုးတာ၊ စာစောင်က ရောင်းလို့ရလာတဲ့ငွေကို စာကြည့်တိုက်တွေမှာ စာအုပ်ဖြည့်တင်းလှူဒါန်းတာ၊ စာမူအခမဲ့ပို့ပေးသူတွေကို ဖိတ်ကြားပြီး စာပေဟောပြောပွဲလေးတွေ လုပ်ပေးနိုင်တဲ့အထိ စိတ်ကူးတွေ ယဉ်မိခဲ့ဖူးပါတယ်။ အလှူများလာရင် စာစောင်တန်ဖိုး ဆယ်ဘတ်အထိလျော့ချပေးနိုင်မလား စသည်စသည် ၂၀၁၂-ခုနှစ်တုန်းက စိတ်ကူးတွေ တစ်ပုံကြီး ယဉ်လို့ ရင်းနှီးတဲ့ဘလော့ဂါတွေကိုလည်း တိုးတိုးတိတ်တိတ်ကူပါလို့တောင် ပြောမိပါသေးတယ်။

အသက်ကလေးရလာတော့ ဘဝမှာ အကောင်အထည်မဖေါ်ဖြစ်တဲ့  ခေါက်သိမ်းထားလိုက်ရတဲ့ စိတ်ကူးတွေ များများလာခဲ့ပြီကောလေ ...။


ခေါက်သိမ်းထားလိုက်ရတာတွေ များလာတောင် အမှတ်မရှိစွာနဲ့ မြန်မာနိုင်ငံ ပြန်ဖြစ်တဲ့အခါ တူမတော် မိစံကို လက်ဆွဲလို့ ဘလော့ဂါများ ရေးသားထုတ်ဝေတဲ့ စာအုပ်တွေ ဝယ်ပီး ရပ်ကွက်စာကြည့်တိုက်တွေဆီ အရောက်ပို့မယ်ဆိုတဲ့ စိတ်ကူးကို ထပ်ယဉ်လိုက်ပါသေးတယ်။ တကယ့်တကယ် အွန်လိုင်းလောကရဲ့အပြင်ဘက်မှာ လူငယ်နဲ့ ဘဝထဲ လက်ပစ်ကူးလို့ နိုင်ငံရပ်ခြားမှာ ရုန်းကန်လှုပ်ရှားနေကြတဲ့ ဘလော့ဂါတွေရဲ့ အတွေ့အကြုံတွေကို စာသားတွေကတဆင့် အမြင်ချင်းဖလှယ်ခွင့်၊ စာပေရဲ့ အရသာကိုပါ မြည်းစမ်းခွင့်ရကြမယ်လို့ အတွေးတွေက တောင်စဉ်ရေမရပေါ့။


ဒီလိုရည်ရွယ်ချက်နဲ့ စိတ်ကူးယဉ်မှုတွေနဲ့ပေါ့လေ ယဉ်ယဉ်လေး ရူးနေတဲ့သူတစ်ယောက်ရဲ့
သက်ရောက်မှု အလင်္ကာတွေအကြောင်း ရင်ထဲမှာ တိုးတိုးဖွဖွမြည်ကြွေးနေမိတယ် .....
ဘယ်သူသိနိုင်မှာလဲ ...။

လေးစားစွာဖြင့်
ခရစ္စတလ်

Wednesday, August 28, 2013

“သက်ရောက်မှု အလင်္ကာ”

 အပိုင်း (၁)

သက်ရောက်မှုမေတ္တာလှိုင်းများ
*******************************
အချိန်တွေ အတ်ာကြာခဲ့ပါပြီ။
ဘဝမှာ ကိုယ်နဲ့ စိတ်ချင်းနားလည်တဲ့သူဆိုတာ ကြုံတောင့်ကြုံခဲပါ။ တချို့က နားလည်ပြီး အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ စာနာငဲ့ညှာတတ်မှု အဆင့်ကို ရောက်မလာတတ်ကြဘူး။ တကယ့်ကို စိတ်ချင်းရင်းနှီး နားလည်သူတွေဆိုရင်တော့ နားလည်မှုရဲ့ နောက်ကွယ်မှာ စာနာတတ်မှု ငဲ့ညှာစောင့်ရှောက်အားပေးမှုတွေ ဝန်းရံနေတတ်ကြပါတယ်။

တချိန်တုန်းက စိတ်ချင်းနာလည်တဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်သော ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒရေးတဲ့ တရားစာပေများကို အထူးနှစ်သက်တဲ့ သူငယ်ချင်းမလေး တစ်ယောက်ရှိခဲ့ပါတယ်။
မွေးသက္ကရာဇ်တစ်ခုရဲ့ အောက်မှာ မွေးလမွေးရက်တွေမတူပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုများနဲ့ ဖေးမခဲ့ဖူးကြပါတယ်။ ဘယ်လောက်ဝေးဝေး သူ့မွေးရက်နားနီးရင် ကျမစိတ်တွေ အလိုလို သူမကို သတိရလာတတ်သလို သူကလည်း ကျမရဲ့မွေးနေ့ရက်နီးရင် သတိရမြဲပေါ့။

ဆယ်ကျော်သက်ဘဝက အသက်သုံးဆယ်ကျော်အထိ ခင်မင်လာကြတာ ကျမတို့ အမြဲတစေ တွေ့နေလို့တော့ မဟုတ်ပါဘူးနော်။ ကျမက ကျန်းမာရေးအဖွဲ့အစည်းထဲကို ဝင်၊ သူက တက္ကသိုလ်ဆရာမဖြစ်ရေး လုံးပန်းနေကြတာပေါ့။
ဒီလိုနဲ့ သူမမှာ ချစ်ရသူတွေ့လာချိန်မှာတော့...
သူမနဲ့ သူမ ချစ်ရသူနှစ်ဦး ကိုးကွယ်တဲ့ဘာသာက ဆန့်ကျင်ဘက်ဘာသာများဖြစ်နေခဲ့ပါတယ်။ ချစ်သူမဖြစ်ခင် သူငယ်ချင်းတွေဘဝမှာပဲ ရှေ့ဆက်မတိုးဖြစ်ကြတဲ့ သူ့တို့နှစ်ဦးရဲ့ချစ်ခြင်းမေတ္တာကလည်း ထူးခြားနေပြန်တယ်။ ဒီချိန်မှာ သူမအတွက် ရင်ဖွင့် ငိုကြွေးဖို့ရာ ကျမရဲ့ရင်ခွင်ထဲကို ပိုတိုးလို့ ဝင်ခဲ့တယ်။
“ဒီအခြေအနေကို ငါလက်ခံနိုင်ရမှာပေါ့၊ လက်ခံနိုင်ပါတယ်” လို့ပြောပြီး ရှိုက်သံမထွက်တဲ့ မျက်ဝန်းက မျက်ရည်စတွေနဲ့ သူပြောခဲ့တယ်။ ပြီးတော့ ဟက်ကနဲ ရယ်ပြီး နောက်ဘဝတွေများရှိရင် နင်နဲ့ငါ ချစ်သူတွေ ဖြစ်ရအောင် နင့်ဘုရားမှာ ဆုတောင်းဖို့ ကြေကွဲစွာပြောပြန်တယ်။ သူမက ဗုဒ္ဓဘာသာဝင်မဟုတ်လေတော့ ဆုတောင်းတဲ့ အဓိပ္ပါယ်ကို ဘယ်လိုသေချာသိမလဲလေ။

ကျမကတော့ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် သူမနဲ့ သူ့ချစ်သူကိုသာ ဆုံဆည်းစေဖို့ ဆုတောင်းမိမှာပါ။

အဲဒီနှစ် သူမမွေးနေ့မှာ Eternal Floral Services လာပို့သွားတဲ့ ပန်းစည်းလေးကြောင့် တဒင်္ဂမှင်သက် အံ့သြပျော်ရွှင်သွားရပါသတဲ့။ သူမချစ်သူဆီက စိတ်ကူးနဲ့ တောင့်တဖူးတဲ့ ပန်းစည်းလေးပေါ့။ ဘယ်သူမှ မသိတဲ့ သူ့စိတ်ကူးကို အကောင်အထည်ဖေါ်ပေးနိုင်သူကို စဉ်းစားပြီး ကျမဆီကို ဖုန်းဆက်ခဲ့ပါတယ်။
“ကျေးဇူး ..မိန်းမရေ ငါတော့ သိပ်ပျော်တာပဲ၊ နင်ပို့ပေးမှန်း သိပါတယ်၊ နောက်ဆို နင့်နာမည်ကြီးနဲ့ ပို့ပေးစမ်းပါ၊ ငါပိုပျော်ရအောင်လို့ပါ”တဲ့ ပြောပြီး ပြန်အပြောတောင် မစောင့်ပဲ ဖုန်းချသွားတယ်၊ ဒီတော့ ကျမလည်း ဖုန်းကလေးကို အသာကြည့်ပြီး ပြုံးနေမိတယ်။

နောက်ခြောက်လနေတော့ ကျမမွေးနေ့နီးတဲ့တစ်ရက်မှာ သူမဖုန်းဆက်ပါတယ်။ ရွှေတိဂုံဘုရားမရောက်တာကြာလို့ သူ့ကို လိုက်ပို့ပေးပါတဲ့။ သူကပဲ ပြောရတယ်ရှိသေး ...ဘုရားမရောက်တာကြာလို့ ဆိုပဲ၊ အလုပ်များခရီးသွားနေတဲ့ ကျမကို မွေးနေ့မှာ ဘုရားပို့ပေးချင်လို့ ဂွင်ဆင်တာမှန်း ဘုရားသွားကာနီးမှ ရိပ်မိပါတယ်။ ဘုရားရောက်တော့ ရွှေသင်္ကန်းလှူတာ၊ ကျမရဲ့ မွေးနံထောင့်မှာ ဘုရားရေသပ္ပါယ်တာ ဘုရားပန်းလှူတာ အကုန်လုံးသူကိုယ်တိုင် လုပ်ပေးပါတယ်။ ငါတော့ ဘုရားမှာ ဆုတောင်းပေးပြီးပြီ နင်..ဘုရားကန်တော့လို့ရပြီတဲ့၊ အဲလိုချစ်ဖို့ကောင်းတာပါ။

သက်ရောက်မှုတိုင်းမှာ တုန့်ပြန်သက်ရောက်မှုတွေသာရှိခဲ့မယ်ဆိုရင် ကြည်နူးမှုလှိုင်းများ မေတ္တာကမ်းခြေကို ညင်သာစွာ ရိုက်ခတ်စေမှာပါ ...။


သက်ရောက်မှု အနုပညာ
**************************
လူဆိုတာ မွေးလာကတည်းက သားချော့တေးနဲ့ ယဉ်ပါးခဲ့ကြတာမဟုတ်လား။
အနုပညာကို ပိုက်ထွေးမှုခြင်း ကွာပေမယ့် လောကီလူသားတွေအဖို့တော့ ခုံမင်စဲ ...။

ကိုယ်တိုင် ငွေကို အဓိကထား စီးပွါးရေးလုပ်နေတာမဟုတ်တော့ ပမာဏမများလှတဲ့ ငွေကလေးနဲ့ ထူးခြားတဲ့ ကုသိုလ်တစ်ခုကို စနစ်တကျ သေသပ်စွာသော ရည်ရွယ်ချက်တစ်ခုနဲ့ ပြီးခဲ့တဲ့ မွေးလမှာ တူမတော်သမီးစံရဲ့ မေတ္တာစေတနာအားဖြည့်ပေးမှုကြောင့် အကောင်အထည်ဖေါ်ဖြစ်ခဲ့ပါတယ်။

အဲဒါကတော့ ...
ကဗျာရပ်ဝန်းက နှစ်သက်သူတွေထံ ကဗျာစာအုပ်လေးကို အရောက်ပို့ပေးခြင်းအားဖြင့် မြတ်နိုးတန်ဖိုးထားတတ်သူတွေရဲ့ စိတ်နှလုံး နှစ်သက်ကြည်နူးစေခြင်းအပြင် ကိုယ်တန်ဖိုးထားရာ နှစ်သက်ရာ ခံစားမှုအနုပညာတစ်ရပ်ကို တခြားသူတွေအတွက် မျှဝေပေးချင်ခဲ့တာပါ...။

ခြယ်မှုန်းသူနဲ့ ခံစားသူ ...ဤနှစ်ဦးကြား ပေါင်းကူးတံတားလေးသဖွယ် အသွင်ယူလို့ ဖြည့်ဆည်းမိတဲ့ ပါရမီအတွက် တွေးမိလေတိုင်း ရင်ထဲမှာ ကြည်နူးမှုလှိုင်းများ ရိုက်ခတ်သွားခဲ့ပါတယ်။

*တစ်ဦးနဲ့ တစ်ဦးကြားမှာ အများကြီးမလိုပါဘူး၊ နားလည်မှုတွေ ဖေးမမှုတွေများစွာနဲ့ သက်ရောက်ခဲ့ကြပြီး အမှား အမှန်ဆိုတာမရှိ၊ တခြားဘာမှကို မလိုတာပါ။ သက်ရောက်မှုတစ်ခုတည်းပါ၊
အရောင်တွေ မရှိကြဘူးလေ ...။


ဆက်ပါအုံးမည် ...

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Monday, August 26, 2013

အချစ်ဝတ္ထု


အချစ်ဝတ္ထုရေးပေး .. ဖတ်ချင်တယ်လို့ ချစ်သောသူက စလုံးမှ နားပူနားဆာလုပ်တော်မူပါတယ်။ အချစ်အကြောင်းကလည်း မရေးတာတော်တော်ကြာပြီ။ ရေးမယ်စဉ်းစားလေ ဘာရေးရမှန်းမသိဖြစ်လေ။ ခက်တော့ ခက်နေပြီ။ ကျောင်းတက်တုန်းက ရေးခဲ့တာတွေလည်း မမှတ်မိတော့ဘူး။ ကျောင်းမှာရေးခဲ့တာလေးတွေ သူငယ်ချင်းတွေဆီက ပြန်လိုက်တောင်းရင်ကောင်းမလား။ အမျိုးမျိုး စဉ်းစားတာပေါ့လေ ...။

ရေးမယ်စိတ်ကူးတော့ ဇာတ်က ပေါင်းရမလား၊ ကွဲရမလား။ ဇာတ်ကောင်စရိုက်ဘယ်လိုလေး ရေးရင်ကောင်းမလဲပေါ့။ မြန်မာဇာတ်ကားတွေထဲမှာတော့ ချစ်သူချင်းမတည့်တာပြ ပြီးရင် ချစ်သွား... ဒါဆို ဇာတ်လမ်းပြီး၊ သို့မဟုတ် မိဘတွေမှာ ပြဿနာရှိ ပြီးရင် ပြေလည် မပြေလည်ရင် ကွဲ၊ ဒါတွေက အဓိကကျောရိုးမကြီးဖြစ်နေပြီ။

ကိုယ်ရေးချင်တာရေးချလိုက်ရင် ဒဿနတွေချည်းထွက်လာတော့မှာ။ အချစ်အကြောင်းရေးမှတော့ နုရွလေးတွေတော့ ဖြစ်သင့်တာပေါ့၊ ဟုတ်တယ်မဟုတ်လား ပိတ်သတ်ကြီးရယ်။ နုရွလေးတွေဆိုတော့လည်း ဘယ်လိုလေး နုရင် ရွမလဲဆိုတာ ဆက်စဉ်းစားရသေးတယ်။ ကိုယ့်ဘေးနား ပတ်ဝန်းကျင်မှာလည်း အီစီကလီအနုအရွလေးတွေ တစ်ယောက်မှ မတွေ့မိဘူး။

ဘာဖြစ်ဖြစ် ရေးချလိုက်တော့မယ် စိတ်ကူးပြီး ရေးမယ်ဆိုတော့ မြတ်နိုးခြင်းတွေ အကြောင်းရေးမယ်ပေါ့။ မြတ်နိုးခြင်းအကြောင်း တွေးမိကာမှ အိပ်ငိုက်လိုက်တာလေ မပြောချင်တော့ပါဘူး။ ဒါကြောင့် အမေက ပြောတယ် စိမ်းကားသူကြီးတဲ့။ အမေဘယ်လိုပြောပြော ကိုယ့်စိတ်ထဲတော့ ကိုယ်က သိပ်ချစ်တတ်သူကြီးလို့ ယုံကြည်နေတာ အမှန်။

ပိုစ့်နဲ့လိုက်လျောညီထွေဖြစ်စေမယ့် အချစ်သီချင်း စဉ်းစားမိတော့ “မယ်တင်”သီချင်းကို ပြေးမြင်မိပြန်ရော။

ဇာတ်အိမ်ဖွဲ့ဖို့ ဟန်ပြင်တော့ တကယ့်ဖြစ်ပျက်ဘဝထဲက အချစ်အကြောင်းတွေရေးရမလား၊ စိတ်ကူးယဉ်ဆန်ဆန် နုရွရေးရင်ကောင်းမလား၊ ဖြစ်သင့်တဲ့ ပညာပေးလေး ရေးရနိုးနိုး စဉ်းစားကြည့်လိုက်တာ တစ်ပုံကြီးပေါ်လာပါလေရော။ တွေးနေတာနဲ့ပဲ ဦးနှောက်တော်တော်ခြောက်သွားတယ်။

စဉ်းစားခန်းဖွင့်တဲ့အချိန်မှာပဲ ဖဘမှာ တိရစ္ဆာန်လေးတွေ ချစ်တတ်သူ၊ သင်္ချာတော်တဲ့သူတွေ အပျိုကြီးဖြစ်တယ်ဆိုတဲ့ စာသားတွေ တွေ့ပြန်ရော။ ကိုယ့်အတွေ့အကြုံအရဆိုရင်တော့ လားလားမှ မဆိုင်။

စကားစပ်မိလို့ ပြောပြရအုံးမယ် ပိတ်သတ်ကြီးရယ် (ပိတ်သတ်တစ်ယောက်ပဲရှိမယ်ဆိုလည်း ကျေနပ်ပါတယ်လေ) ... အိမ်နောက်ဘက်တိုက်က ချာတိတ်လေ ..လှမ်းခေါ်လိုက်တာ ခုန်ချပြီး ကိုယ့်အခန်းကူးလာမယ်လုပ်လို့ မနဲတားလိုက်ရတယ်။ ကြောင်အော်သံတွေကြားရင် လူက မနေနိုင်ဘူး၊ ချစ်တာ ချစ်တာ။  ဟေ့ကောင် လာခဲ့ဆိုပြီး လက်ယက်လှမ်းခေါ်လိုက်တာ ခုန်ချမယ်ပြင်လို့၊ အနောက်ဘက်တိုက်နဲ့က ကြားမှာ လမ်းကြားခံနေသေးတာကိုး။ တိရစ္ဆာန်ချစ်တယ် မချစ်ဘူး စဉ်းစားကြည့်ပါအုံးလေ။
စာဆိုရင် ကျက်ရမယ့်စာဆို သိပ်မုန်းတာ။ ရေးကျက်တာဖြစ်ဖြစ် ပုစ္ဆာတွက်တာဖြစ်ဖြစ် ဘယ်တော့မှ မညည်းပါဘူး။ သင်္ချာအမှတ်ကိုတော့ မသူတော်ထဲ ပါမှာစိုးလို့ရယ်၊ ဗေဒင်ဆရာက ယခုနှစ် ရန်များအံ့ဆိုလို့ရယ် ကြွားတော့ပါဘူး :P

ပြောချင်တာကတော့ ကိုယ့်အတွေ့အကြုံအရ စာသားတွေနဲ့ တကယ့်လက်တွေ့ဘဝဆိုတာ ကွာတတ်တာကိုပါ။ အချစ်ဖြစ်ဖြစ် ဘဝဖြစ်ဖြစ်၊ အချစ်ကို လက်တွဲလို့ ဘဝထဲကို တိုးဝင်တာဖြစ်ဖြစ် ကိုယ်မျှော်လင့်ထားသလို ဖြစ်လာဖို့ ခဲယဉ်းတတ်ပါတယ်။
ရေးရင်း ဒဿနတွေ ပါသွားပြန်ပြီ :(

ဒီလိုနဲ့ ခရီးမထွက်ခင် အပြီးရေးမယ်လေဆိုပြီး အတွေးခေါင်နေတာကို ခဏဖယ်ထုတ်ပြီး အချစ်ဝတ္ထုရေးဖို့ အာရုံသွင်းရပြန်တယ်။

ဇာတ်ကောင်စရိုက်ပုံဖေါ်မယ်စိတ်ကူးတော့ ကောင်လေးက ချစ်သူကို မြတ်နိုးခြင်းများနဲ့ နားလည် စာနာတတ်သူဖြစ်နေပြီး(ကိုယ်ဖြစ်ချင်တာ ဆွဲတွေးလိုက်တာပဲ) ကောင်မလေးက ဂဂျိုးဂချောင်စရိုက်ရှိသူအဖြစ် ထွက်လာတယ်။ သူတို့ ချစ်မိသွားတဲ့အခါ ဘယ်လိုအဆီငေါ်မတဲ့မှုတွေနဲ့ စခန်းသွားရမယ်တော့ မသိသေးဘူး။ ဆက်ရေးကောင်းမလား၊ မကောင်းဘူးလား တွေးနေတုန်း အိပ်ချင်လာတာ မျက်လုံးမဖွင့်နိုင်တော့လို့ သွားအိပ်လိုက်ရတယ်။

အချစ်ဆိုတာ ကိုယ်ခြယ်မှုန်းချင်တိုင်း ခြယ်မှုန်းခွင့်မရှိတဲ့ ပန်းချီကားတစ်ချပ်မဟုတ်လားနော် ...။

ဤသို့ဖြင့် စလုံးမှာ နေတဲ့ချစ်ချစ်က မွေးနေ့ည အထူးတလည် ဖုန်းဆက်ဆုတောင်းပေးမှု မျက်နှာကြောင့်လည်းကောင်း၊ မြန်မာပြည်မှ ချစ်ချစ်က ကုသိုလ်ပါရမီဖြည့်ပေးမှုကြောင့်လည်းကောင်း အဆီမငေါ်မတဲ့စွာ အချစ်ဝတ္တုဆိုတာကို အားသွန်ခွန်စိုက် ရေးပေးလိုက်ပါသည်။


ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ခရစ္စတလ်

Friday, August 23, 2013

“ညသန်းခေါင်က လရှိုက်သံ”


ညက တိတ်ဆိတ်သည်။

လရောင်ယှက်ဖြာကျနေသော ညသည် အရာအားလုံး ငြိမ်သက်နေသည်။

ရပ်ကွက်တစ်ခု၏ နောက်ဆုံး ထောင့်ဆုံးခြံဝန်းကျယ်ကြီးထဲမှာ အိမ်ရှင်က တိုက်ခံတစ်ထပ်အိမ်လေးနဲ့ နေပြီး အိမ်ငှားများကို တိုက်တန်းလျားသုံးထပ်ဆောင်ဆောက်၍ လချုပ်၊ နှစ်ချုပ်ဖြင့် ငှားစားထားသည်။

ညနေခင်း အခန်းပြောင်းလာသော ကျမအဖို့ မောမောနှင့် အိပ်မောကျရုံသာ ...။

အချိန်မှာ သန်းခေါင်ယံ။
စူးရှကျယ်လောင်သော ငိုသံတစ်ခုသည် အိပ်မောကျနေသော ကျမနားဆီသို့ လျှင်မြန်စွာဝင်ရောက်လာပြီး နိုးထစေသည်။

ငိုနေသည် .. မိန်းမငယ်တစ်ယောက် ငိုနေသည် .. ရှိုက်ကြီးတငင်ငိုနေသည်။ အသံလားရာအရပ်သည် ကျမ၏အခန်း ဘယ်ဘက်မှ ဖြစ်ကာ ကျယ်လောင်စွာငိုနေသောအသံကြားရုံဖြင့် လှိုက်လှဲစွာ ဝမ်နည်းလွန်းလို့ ငိုနေမှန်း အလွန်သိသာပါသည်။ အသံတွေမှာ များစွာကွဲပြားသော အဓိပ္ပါယ်ရှိလေသည်။ စကားပြောသံမကြားမရပဲ ရှိုက်ကြီးတငင်ငိုကြွေးနေသော၊ ချုံးပွဲချငိုနေသော အသံပိုင်ရှင်ကို အဘယ်အကြောင်းရာကများ စိတ်ထိခိုက်စေပါသနည်း။

ဘာအကြောင်းရာမှန်းမသိသော်လည်း ကျမကိုယ်တိုင် လိုက်ပါ ဝမ်းနည်းမိလေသည်။ တိတ်ပါကွယ် ပင်ပန်းနေမှာပေါ့ ...။

ကျမငယ်စဉ်က အမေက ဆူဆူ၊ မောင်နှမတွေက စလို့ပဲ ငိုငို ပင်တိုင် ချော့သူမှာ အဖေဖြစ်သည်။ အမေဆူနေလျှင် အဖေသည် ဘယ်တော့မှ လိုက်ပါဆူလေ့မရှိ။ ခဏနေလျှင် ငိုနေသော ကျမကို ချီပိုးကာ အဝတ်တန်းတွင် လွှားထားသော အဖေ့ပုဆိုးစလေး ရေဆွတ်လို့ “မငိုပါနဲ့ သမီးရယ် တိတ်တိတ် ငါ့သမီး ပင်ပန်းနေမှာပေါ့” ပြောမြဲ၊ ချော့မြဲ၊ ချီပိုးလို့ အဖေ့ပုခုံးထက်တွင် အိပ်မောကျမြဲ။

အဖေ လူ့လောကကြီးထဲ ခွဲခွါသွားတော့ ချော့မယ့်သူမရှိတော့၊ အမေသည် သူ့မိသားစုတွင် အငယ်ဆုံးဖြစ်သည့်အပြင် မိသားစုက အလိုလိုက်ထားသော မိန်းကလေးမျိုးဖြစ်သဖြင့် သားသမီးရလာသော်လည်း ချော့လေ့ ချော့ထသိပ်မရှိ။ အဖေကတော့ စိတ်ရှည်လက်ရှည် ချော့တတ်လေသည်။ အမေကတော့ မချော့တတ်သည်မှ လွဲ၍ ကျမကို အလွန်အလိုလိုက်ပါသည်။

ချော့မည့်သူ အဖေမရှိသည့်နောက်ပိုင်းတွင် ကိုယ့်ဖာသာ ကြိတ်ငိုတတ်လာသည်။ အသံမထွက်ပဲ မျက်ရည်ကျသည်က များသည်။ အမေ သိလျှင် စိတ်မကောင်းဖြစ်မည်စိုးသဖြင့် ကြိတ်ငိုရသည်များလည်း ရှိသည်။ အမေ သိအောင် ဂျီကျကာ ငိုရသည်များလည်း ရှိသည်။ အသက်ကြီးလာပြီဖြစ်သော အမေ့ကိုလည်း အပူတွေ မကူးစက်စေလိုတော့၊ ထို့ကြောင့် အမေနဲ့ ဖုန်းပြောလျှင် စကားတွေ တွတ်ထိုးနေသော မျက်နှာကြီးသည် မျက်ရည်များက အရွှဲသား။


ငိုသံကြားရာအသံနောက်သို့ အာရုံလိုက်ပါပြီး သူ့ဆီ ချဉ်းကပ်မိဖို့ သတိတစ်ချက်လင်းလက်ခဲ့ပြီးနောက် သူမ၏ ပူလောင်နေသော နှလုံးသားဆီသို့၊ ထိုမှတဆင့် ပူလောင်နေသော နှလုံးသားထဲက ဆူပွက်နေသော သွေးများအထိ ...။

ငြိမ်းအေးပါစေ၊ အေးချမ်းပါစေတော့၊ ပင်ပန်းနေပြီ၊ တိတ်ပါတော့ကွယ် ...။
မိုးရွာပြီးစ လေပြေလေးလို အေးမြပါစေ။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားနှုတ်တော်မှ ---
*သတိံ ပဋိလဘ ဘဂိနီ
ဘဂိနီ- နှမ၊ သတိံ-သတိကို၊ ပဋိလဘ- တစ်ဖန် သိရလော့ (ဝါ) ဖြစ်စေလော့ ...။
(ဓမ္မပဒဋ္ဌကထာ၊ ၂၊ စာမျက်နှာ ၄၃၉)

ထိုအချိန်တွင် မယ်ပဋာလေး အပူငြိမ်းခဲ့ဖူးပါသည်။ ထိုအကြောင်းတရားက ဧကန်အမှန်ဖြစ်ခဲ့ဖူးပါသည်၊ ထို့ကြောင့် အခုငိုနေသော အသံပိုင်ရှင်သည်လည်း ငြိမ်းချမ်းအေးမြပါစေတော့ ..နှုတ်ဝယ်ဖွဖွ ရွတ်ဆိုမိသည်။ နတ်ဒေဝါများ စောင့်ရှောက်ကြပါစေသား ...။

အချိန်တစ်နာရီခွဲခန့်အကြာတွင် အသံသည် တိုးလျော့လာသည်၊ volume တိုးလျော့လိုက်သကဲသို့ တိုးလျသွားသည်။

ညသည် တိတ်ဆိတ်မှုတို့ ပြန်လည်ကြီးစိုးသွားခဲ့ပြီ။

ကျမလည်း အိပ်မောကျခဲ့သည်။

မနက်လင်းသော် ညက အသံလားရာအရပ်ဆီသို့ ရှုမျှော်မိသော် .. ခြံအပြင်ဘက်ဆီ ခပ်ဝေးဝေးမှာ အုတ်ဂူတချို့။

အိမ်ရှင်သို့ အမေးရှိသော် ကျမ၏ ဘယ်ဘက်အခန်းတွင် အားကစားသမားများနှင့် စာရေးဆရာများ အခန်းငှားနေထိုင်ကြကြောင်း။
တစ်ဖန် အိမ်ငှားများ ညအိပ်လူပိုမခေါ်ရဆိုသော စကားရပ်သည် စာချုပ်ထဲတွင် ပါပြီးဖြစ်သည်။

ဤသို့လျှင် ..

လူဖြစ်စေ ဝိညာဉ်ဖြစ်စေ

ငိုသံတွေ တိတ်စေဖို့ လိုလားပါသည်။

ငိုသံတွေ တိတ်ပါစေ။

ထိုညက လူလား တစ်စုံတရာလားဆိုတာ ကောင်းကင်က လတစ်စင်းနှင့် ကျမသာ သိပါသည်။

ထိုညက သန်းခေါင်ယံချိန်တွင် လကလေးတစ်စင်း ရှိုက်ငိုခဲ့လေသည်။

လေးစားစွာဖြင့်
ခရစ္စတလ်
(၁၆.ဖေဖေါ်ဝါရီ.၂၀၀၈)

Saturday, August 17, 2013

အမှိုက် သွားပစ်အုံးမယ်နော် ... :)

အိမ်တစ်အိမ်မှာ အမှိုက်ဘယ်နှစ်မျိုးရှိနိုင်မလဲ ...။
နွမ်းသွားတဲ့ ဘုရားပန်းတွေကို စွန့်ဖို့က စလို့ မီးဖိုချောင်အမှိုက်အဆုံး တစ်နေ့ .. တစ်နေ့ အိမ်ထဲမှာ အမှိုက်တွေက အများသား။
တစ်ကြိမ်စွန့်ပြီးတိုင်းလည်း နောက်နေ့ အမှိုက်က ထပ်ရှိနေပြန်တာ။

နိုင်ငံရပ်ခြားရောက်ကတည်းက နောက်ဖေးလမ်းကြားကို အမှိုက်ပစ်မချတတ်တာ အကျင့်ဖြစ်သွားခဲ့ပြီ၊ အမှိုက်တွေကို သေချာသိမ်းထုပ် စွန့်ပစ်တတ်ဖို့ သူများနိုင်ငံရဲ့ နိုင်ငံသားတွေနဲ့အတူ စည်းကမ်းလိုက်နာတတ်ခဲ့ပြီ။

တစ်တောင်ခန့်ရှိ အမှိုက်ပုံးကို ညပိုင်းအိပ်ချိန်မှာ အနံ့မခံနိုင်တော့ နေ့စဉ်စွန့်မိရာကနေ အတွေးစတစ်ခု တိုးခွေ့ဝင်လာပြန်တယ်။

မနက်မိုးလင်းတိုင်း ဝရံတာက လေနုအေးအေးကို မျက်လုံးလေးမှိတ် ခံစားရင်း မေတ္တာသုတ်ရွတ်ပွါးပြီး စီစဉ်တကျ တစ်နေ့တာဆောင်ရွက်စရာတွေကို ဆက်တိုက်လှုပ်ရှားလို့ ညအိပ်ရာဝင်သည်အထိ စိတ်အမှိုက်တွေ ဘယ်မျှလောက် တစ်နေ့စာ စွန့်ပစ်မိခဲ့သလဲလို့ပါ ...။

စိတ်ကူးထဲမှာပဲ အမှိုက်ပုံးထဲ ပစ်ထည့်မိလိုက်တဲ့ စိတ်အမှိုက်တွေက အများသား။

နောက်နေ့ဆက်ထားရင် ပုပ်နံ့ထွက်လာတော့မှာမို့ အပျင်းထူမနေပဲ သွား စွန့်ပစ်အုံးမှပေါ့ ....။

ကြည့်ပါအုံး အမှိုက်တောင်းထဲမှာ တစ်နေ့တာ အမှိုက်တွေက လူသေကောင်လို အနံ့တွေက ဆိုးဆိုးရွားရွား။

စိတ်အိမ်မှာ ခိုကပ်နေတုန်းက မသိသာပေမယ့် ပစ်ချ စွန့်ပစ်လိုက်တော့ ညစ်တီးညစ်ပတ်တွေဖြစ်ကရော။

ဒါကြောင့် တစ်နေ့ တစ်ခါ အမှိုက်ပုံးသွန်တိုင်း သတိရမိတယ်... စိတ်အိမ်ထဲက အမှိုက်တွေနဲ့ ညစ်ပတ်ကြီးဖြစ်နေအုံးမှာ။

အမှိုက်ပုံးထဲက ဘယ်လိုအမှိုက်တွေ ဖြစ်တယ်ဆိုတာတော့ မပြောပြတော့ပါဘူး၊
ကိုယ်တိုင်တောင် မကြိုက်လို့ စွန့်ပစ်လိုက်မှတော့လေ ...။


စွန့်ပယ်ဖို့အတွက် စိတ်အားထက်သန်ဖို့ပဲ လိုပါတယ်။

ကိုယ့်ထက် အတ္တအားကောင်းသူနဲ့ တွေ့ရပြန်တော့ ...
ကိုယ့်အတ္တလေးခမျာ ကြေကွဲစွာနဲ့ ပရုပ်လုံးလေးလို
လုံးပါး.. ပါးသွားရပြန်တယ် ..။

ကိုယ့်ထက်လောဘကြီးသူနဲ့ မျက်နှာချင်းဆိုင်တွေ့ရခိုက်
ကိုယ့်လောဘလေးခမျာ စေတနာပိုမိပြီး
အပြိုင်အဆိုင်အလုအယက်မလိုချင်ပါနဲ့လို့
ပေးဆပ်ချင်သူကြီးက တိုးတိုးဖွဖွရေရွတ်နေမိတယ် ...။

ကိုယ့်အပေါ်မာနထားသူနဲ့ ရင်ဆိုင်တိုးမိပြန်တော့ ...
ကိုယ့်မာနလေးခမျာ နားလည်မှုတွေရင်မှာ ပိုက်လို့
တင်းထားတဲ့ မျက်နှာကြော ဖြေလျော့ပြီး
ကိုယ့်နှုတ်ခမ်းထက် အပြုံးတစ်စပွင့်မိပြန်တယ် ...။

ကိုယ့်ထက်ဒေါသအားကြီးသူနဲ့ တွေ့ရတဲ့အခါ ...
ကိုယ့်ဒေါသလေးခမျာ ကြောက်ရလွန်းလို့
ခပ်ရို့ရို့လေး ချောင်ကုပ်နေမိတယ် ...။
.
.
.
ဝသုန္ဓရေ ဤမြေပံသု သိလာထုလည်း သက်သေအမှု တည်ပါစေသောဝ် ...။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

p.s - ပိုစ့်နာမည်ကို စိတ်အမှိုက်ပုံးလို့ ပေးချင်ပါသော်လည်း သူများရေးထားတာ တွေ့မိလို့ ခေါင်းစဉ်လေး ပြောင်းလိုက်ရပါတယ်။

Sunday, August 4, 2013

ဇာတ်ကွက်မေ့သွားသော ဝိညာဉ် သို့မဟုတ် ...

ဘေးကို .. ဘေးကို

ဟော ... သယ်ဖို့ ကားလာပြီ၊
လူနှစ်ယောက် ဆင်းလာကာ ထမ်းစင်ဖြင့်သယ်ပြီး ကားပေါ် ခပ်မြန်မြန်ပင် တင်လိုက်ကြသည်။

သြော်.. ဖြည်းဖြည်း ချပါဟဲ့၊ သူတို့ မဟုတ်တဲ့အတိုင်း ...။

ဟင် .. ခက်ပြီ၊ ဆံပင်တွေ ပေကုန်တော့မှာပဲ၊ အဝတ်ထဲ သေချာလုံအောင် မထုပ်ဘူး။
ဘာမှ နားမလည်ကြဘူး။ အဲဒီဆံပင်တွေ လှနေအောင် ပေါင်းတင်ရ ဖယောင်းသွင်းရနဲ့ ဒါတွေ သူတို့ မသိကြဘူး။

အခုလည်း ကြည့်လေ.. ကားပေါ်တင်ပြီးတာနဲ့ ကားကို မောင်းလိုက်ကြတာ အနောက်က ကျားလိုက်နေသလိုပဲ။

ဒါ ..ကျော်သူတို့အဖွဲ့တွေ ဟုတ်ပုံမရဘူး။
 
နယ်ဖြစ်နေလို့လား မသိ၊ စည်းစနစ်တကျမလုပ်တတ်ကြသေးဘူးထင်ရဲ့။

မှန်း... ကားမှာ စာရေးထားမှာ သွားဖတ်ကြည့်လိုက်အုံးမယ်...။

ဗုဒ္ဓေါ .. AMBULANCE ကားမဟုတ်ဘူးပဲ၊ နာရေးကူညီမှုအသင်းကားကြီးပါလား။ ဒါဆို .. ဒါဆို ...။

ကားနောက်ခန်းမှာ ခြေထောက်ကို တွဲလောင်းချလျှက် လိုက်ပါလာသော သူကိုယ်တိုင် စဉ်းစားခန်းဖွင့်နေစဉ် ...

မိန်းမတချို့ .. တချို့ဆိုတာ ငါးယောက်ခန့် (အနောက်က ကျားလိုက်သလို မောင်းနေတဲ့) ကားပေါ်ကို ဖြတ်ကနဲ တက်လာကြပြီး

ဟဲ့ ..ဘာဖြစ်တာလဲ

သေသွားပြီလား

ကောင်မလေးပဲ

အသက်သိပ်မကြီးသေးဘူးဟဲ့

သူတို့ဖာသာ တစ်ယောက်တစ်ခွန်း ပြောဆိုကြပြီး ကားပေါ်က နောက်ပြန် ဆင်းသွားကြတယ်။
ကားနဲ့ ဆန့်ကျင်ရာဘက်ကို လျှောက်လှမ်းသွားကြပြီး မှေးမှိန်ပျောက်ကွယ်သွားကြရော.....။

ခုနတုန်းက ကိုယ့်ဖာသာ စဉ်းစားခန်းဖွင့်နေတာလေးတောင် တဒင်္ဂပျောက်သွားတယ်။

မမေးလိုက်မိဘူး၊ ကျွန်ုပ်ကိုရော မြင်ကြလားလို့၊ သူတို့ဖာသာ ပြောချင်တာတွေ ပြောပြီး ဆင်းသွားလိုက်ကြတာ လူတစ်ယောက်လုံးထိုင်နေတာ မြင်မသွားကြဘူးလားမသိဘူး အံ့ရော..။

ဟင် .. လူဆိုလို့ အခုမှ သတိရတယ် .....
ထုပ်ထားတဲ့ body က ကျွန်ုပ်လေ ..
အခု ထိုင်နေတာလည်း  ကျွန်ုပ်ပါပဲ။

ဒါပေမယ့် မတူတာက body မှာ မိန်းကလေးဖြစ်နေပြီး၊ ကျွန်ုပ်က အထုပ်ထဲက အမျိုးသမီးထက် ပိုနုပျိုတဲ့ ယောက်ျားတစ်ယောက်ဖြစ်နေတယ်၊ ဘာတွေများ ဖြစ်ခဲ့.. ဖြစ်သွားတာပါလိမ့် ...။

စဉ်းစားစမ်း ... စဉ်းစားစမ်းပါ

ဒီbody က သေသွားပြီဆိုရင် ဘာတွေ ထိခိုက်နာကျင်ခံစားခဲ့ရပါလိမ့် ...

ဘယ်လို သေသွားတာပါလိမ့် ...

ကျွန်ုပ်က ဘယ်သူလဲ ...

ပိတ်ဖြူစဖြစ်သလို ပတ်ထားခံရတဲ့ မိန်းကလေးကရော ဘယ်သူလဲ


တကယ်ဆို ခဏလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့တာပါ၊ သိပ်မှ မကြာသေးပဲ၊ ဘာလို့ မမှတ်မိတော့တာပါလိမ့်။

အို .. ကြည့်စမ်းပါအုံး ပိတ်ဖြူစအောက်က တချို့တဝက်ပေါ်နေတဲ့ မျက်နှာမှာ သွေးစတချို့၊ သွေးစတွေတောင် မခြောက်သေးပါဘူး။

တကယ်ဆို ခဏလေးပါ၊ တကယ့်ကို ခဏလေးအတွင်း ဖြစ်ပျက်တွေကို အဲ့လောက်ထိ မမေ့သွားသင့်ပါဘူးလေ။

ကျွန်ုပ်ရဲ့ ဆွေမျိုးတွေက ဘယ်မှာလဲ သူတို့ ဘယ်သူတွေလဲ၊ သူတို့ သိကြသလား သိနိုင်ကြမလား။
ကျွန်ုပ်ကို သိနေတဲ့သူတွေကို ဘယ်သူက အကြောင်းကြားမှာလဲ။

ကားခေါင်းခန်းက နှစ်ယောက်ကတော့ အေးအေးလူလူပါပဲ၊ သူတို့အတွက် လုပ်ရိုးလုပ်စဉ် လုပ်နေကြသလို၊ တာဝန်တစ်ခုကို ဆောင်ရွက်နေသလိုမျိုး။ 

အချိန်ကလည်း သိပ်ရတာမဟုတ်ဘူး၊ ကိုယ့်မှာလည်း သွားစရာက ရှိသေးတယ်။

အင်း ... အဆောက်အဦးတောင်လှမ်းမြင်နေရပြီ၊ ကိုယ်ကလည်း အထဲအထိ လိုက်လို့မရ၊
ဒီလောက် နံနေတဲ့နေရာ ဘယ်လိုသွားလို့ဖြစ်တော့မလဲ၊ မထူးပါဘူး ဖြစ်ချင်တာဖြစ် ဘယ်လိုမှ မမှတ်မိတော့မယ့်အတူတူ ထားခဲ့လိုက်တော့မယ်။ ဘယ်တတ်နိုင်မလဲလေ ...။

ကားမောင်းနှင်ရာ ဦးတည်ရာအရပ်ကိုလည်း လိုက်ပါလို့ မရသည့် အလိုလိုသိနေသော စိတ်ကို ရှေ့သို့ဦးတည်နေသော စိတ်က စိုးမိုးကာ ကားပေါ်မှ ပေါ့ပါးစွာ ခွဲခွာကျောခိုင်းလိုက်ပါသည်။


စိတ်ဆောင်ရာ မျက်နှာမူလိုက်စဉ် အဖြူရောင်အခိုးအငွေ့တွေကြား ပေါ့ပါးစွာ လှမ်းခဲ့မိတော့တယ်။

သံသရာဇာတ်ကွက်မေ့သွားတဲ့သူ တစ်ယောက်အကြောင်းဖြစ်ပါတယ်။

လေးစားစွာဖြင့်
ခရစ္စတလ်

Thursday, June 13, 2013

“အရူးမ”



ငှက်ဆိုးတွေ ညမှာ ထွက်တာ .. ရှိုက်သံတွေကို အဖေါ်ပြုဖို့တဲ့၊

စေတနာထားသူဆီက .. ဦးနှောက်ဖောက်စားနေတဲ့ခေတ်ပါလားနော်။

စာနာတတ်သူရင်ကို အတ္တက ဆောင့်ကန်ခံရတဲ့ မြို့ပြထဲ

ကိုယ့်ရင်ဘတ်တွေ အေးခဲကုန်တယ်။ 

ခံစားချက်တိုင်း နည်းပညာက လိုက်မမီနိုင်တဲ့ခေတ်မှာ

အချစ်ကဗျာတိုင်း ခံစားလို့ မရတော့တာ ကိုယ့်အပြစ်တွေပါ။ 

ကံဇာတ်ဆရာက ဘယ်သွားမလဲမေးတော့ 

လက်ထဲက ပေါက်မဲက ဗလာရယ်။ 

လမ်းမထက်မှာ ဂုဏ်သိက္ခာကြီး ထမ်းပိုးလို့ 

လိပ်လိုအသွားနှေးနေရင် နိဗ္ဗာန်ရောက်ဖို့တော့ ကြာနေအုံးမှာ။

ကံဆိုးမ ..မယ်ပဋာကို အရူးမမှန်း မသိတာ

တဆိတ်တော့ ညံ့လွန်းပြီထင်တယ်ကွာ။ 

ဒါနဲ့ပဲ သုဿန်ခေါင်းတိုင်ဝက အခိုးအငွေ့တွေကြား

လက်ပြနေတာ ဘယ်သူမှ မမြင်ပါဘူး ...သူငယ်ချင်းရေ။


(p.s  ကဗျာဆရာအကျော်အမော်တွေ လာမဖတ်မိပါစေနဲ့ )
ပုံ - ခရစ္စတလ် = အရူးမ

Sunday, June 9, 2013

ဘန်ကောက်ရောက် ရွှေတောင်


ကျမသည် ကျန်းမာရေးကောင်းမှ စိတ်လိုလက်ရ ဟင်းချက်စားဖြစ်သော အဘွားကြီးတစ်ဦးဖြစ်ပါသည်။

တခါတလေ နေမကောင်းလို့ ဖြစ်သလိုစားသောအခါ မြတ်စွာဘုရားကို အလွန်အားနာပါသည်။ တောင်းပန်ကန်တော့မိပါ၏။

နေကောင်းလို့ ဖွယ်ဖွယ်ရာရာလေးများကပ်လှူခွင့်ရလျှင် အလွန်ပျော်ပါသည်။


ပုံ(၁) မြတ်စွာဘုရားအား ဆပ်ကပ်လှူဒါန်းထားပါသည်။ ကိုယ့်နိုင်ငံနဲ့ ဝေးရာအရပ်တွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသော ဗုဒ္ဓဘာသာဝင်သူငယ်ချင်းများ မအားမလပ်၍ ဆွမ်းတော်မကပ်နိုင်ဖြစ်ခဲ့ပါလျှင် ဤဓာတ်ပုံလေးကို မြင်ခြင်းဖြင့် ဝမ်းမြောက်စွာသာဓုခေါ်၍ ကုသိုလ်ယူနိုင်ပါစေကြောင်း ရည်ရွယ်ပါသည်။


ပိုစ့်များရေးတင်သောအခါ အားနာ၍ ခင်၍ လာဖတ်ပေးကြသော ရင်းနှီးသူများကို ကျေးဇူးတင်ပါသည်။ ဘလော့ကို ပိတ်ထားသည်မှာ ကြာပြီ။ စိတ်မအားသောအခါ စကားလုံးများ စာမစီနိုင်ပါ။ ရက်ရှည်လများ ပိတ်ထားသော ဘလော့ကို ဖုန်ခါသော် လာရောက်ကျသည့် သူများကို အထူးကျေးဇူးတင်ပါသည် ထပ်ပြောပါစေ။


ပုံ(၂) မြင်ရသောအုန်းနို့ဘူးလေးမှာ ဟင်းတစ်အိုးစာဖြစ်ပါသည်။

မေ ..သည် စမတ်ဖုန်းများ မသုံးနိုင်သူ၊ မသုံးဖူးသူဖြစ်ပါသည်။ အရင်နှစ်နိုဝင်ဘာလက ရန်ကုန်ပြန်ရာ မောင်နှမများဖုန်းကို သုံး၍ ဖုန်းဆက်၏၊ သို့သော် ဖုန်းမဆက်တတ်ဖြစ်ရာ၏။ ထို့ကြောင့် ခင့်ဖုန်းတွင် မတ်စေ့များ တတုံတုံဖြစ်ကာ အလုပ်အနှောင့်ယှက်ဖြစ်သွားသည်ကို များစွာ စိတ်မကောင်းဖြစ်ရသည်။ တိတ်တိတ်ကြိတ်၍ မေ့ကို အဖက်လုပ်သူထဲတွင် သူမပါဝင်သည်ဖြစ်သောကြောင့် တောင်းပန်ရအုံးမည်။ တောင်းပန်ပါတယ်နော်လို့ ... ချစ်သော ခင် :)


ပုံ (၃) ကိုင်း ... စုံပြီ စားလို့ရပြီနော်။ ဆွမ်းတော်ပုံပဲ တင်လျှင် မြင်ရသူမှာ စားချင်ရမလိုလို၊ သာဓုခေါ်ရမလိုလိုဖြစ်သွားတတ်သည်။ စံစံသည် ငရဲကြီးအောင် လုပ်သည်ဟု ကလေးလုပ်သည်။ စံစံရေ ကလေးလာလုပ်ပါအုံးလို့ ကြီးမေမှ အော်ပြောလေသည်။ ဒီကလေး ရွာထိပ်က မကျဉ်းပင်အောက် သွားဆော့နေသလားမသိပါ။

ပိုစ့်ရေးသောအခါ LIKE လုပ်သူ အလွန်နည်းပါသည်။ ကိုယ့်အရည်အချင်းကိုယ်သိ၏။ ဓာတ်ပုံများတင်လျှင် LIKE များသည်။ မဆိုးပါဘူး ဖြေသာပါသည်။ လောကတွင် နေတတ်လျှင် ရွှေတောင်ခေါက်ဆွဲတောင် အကြွပ်ကြော်မပါပဲ စားကောင်းနိုင်သည်မဟုတ်လား။ အထင်များသည် အမြင်များလောက် မသေချာသောအခါ လွဲမှားမှုများဖြစ်တတ်ပါသည်။ ထို့ကြောင့် ဓာတ်ကြီးလေးပါးညီသော ဤနေ့တွင် ဘန်ကောက်ရွှေတောင်ခေါက်ဆွဲချက်စားဖြစ်သွားသည် (ခေါက်ဆွဲတွေ ဝယ်ထားတာကြာပြီ၊ ငယ်ငယ်တည်းက ထမင်းမကြိုက်သောကြောင့် ဆန်ဈေးကြီးလည်း တနေ့မှ နို့ဆီဗူးတစ်ဝက်မကုန်သည်မှာ ဘယ်သူမှ မသိပါ)။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ခရစ္စတလ်

Friday, June 7, 2013

တစ်ဖြောက် နှစ်ဖြောက်ရွာသော .. မိုး


လေပြေသယ်ဆောင်လာသော . မိုး

ပန်းကလေးအတွက် ရွာသော .. မိုး

တစ်ဖြောက် နှစ်ဖြောက် ရွာမိသော ... မိုး


ယူကျူ့က ရှာဖွေရင်း ကြည့်မိသော ဇာတ်ကားလေးပါ၊ ဇာတ်ကားထဲက စကားပြောတချို့ စာသားဆန်ဆန်ဖြစ်နေတာက လွဲရင် ဇာတ်လမ်းက ကောင်းပါတယ်။ 

ဒီဇာတ်ကားလေး ကြည့်ပြီး စာရေးဆရာတစ်ယောက်ပြောတာကို သတိရမိပါတယ် ..... တခါတလေတော့ အိမ်ထမင်း အိမ်ဟင်းစားနေရတာ ငြီးငွေ့တဲ့အခါ လမ်းဘေးက ဘဲဥချဉ်ရည်ဟင်းနဲ့ ထမင်းကြော်လေးလည်း စားချင်စိတ်ဖြစ်မိချိန် စားလိုက်တာလည်း ကောင်းပါတယ်တဲ့ :)

အသက်ကလေးရလာတော့ ဒီဇာတ်လမ်လေးကို ဖြစ်သင့်တာပဲလို့ နားလည်မိလိုက်တယ်။ သဘာဝတရားဆိုတာ လက်ခံဖို့ ခဲယဉ်းပေမယ့် လက်ခံထိုက်ပါတယ်။

အမျိုးသမီးတွေထက် အမျိုးသားတွေက စိတ်ဖိစီးမှုဒဏ် သိပ်မခံနိုင်တဲ့ အချိန်တွေ များပါတယ်။ ဒီလိုအချိန်မှာ အနီးအနားက လူတွေ ပြောတာ နားဝင်တာထက် လမ်းဘေးက ဟင်းလေးကို ရွေးချယ်စားခြင်းဖြင့် စိတ်သက်သာမှု ရနိုင်တာပါပဲ။ ဒါကြောင့် လွန်ခဲ့သော နှစ်များစွာကတည်းက ရန်ကုန်မြို့ပေါ်ရှိ အလှပြင်ဆိုင်၊ အနှိပ်ခန်းလိုနေရာမျိုးမှာ အမျိုးသားများ တရုန်းရုန်းဖြစ်နေတာကို တွေ့မြင်ကြတာဖြစ်ပါတယ်။ 

အမျိုးသားများအတွက် စိတ်၏ အဆာပြေနေရာလေးတွေ ရှိနေတယ်ဆိုရင် အမျိုးသမီးတွေအတွက်ရောလို့ စောကြော မေးခွန်းထုတ်မိပြန်တယ်။ အမျိုးသမီးတွေကတော့ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာသဘာဝအရပါ အဆင်ပြေသလို နေဖို့ ရင်ဆိုင်ဖို့ သတ္တိခွန်အားတွေ ကြိုးစားမွေးမြူကြရတာပါ။ ဒီလိုဆိုတော့ ကျမက မိန်းမဝါဒီသမားကြီးများဖြစ်နေမလားးးးးးး :P

မရေးတာကြာပြီဖြစ်တဲ့ ဘလော့လေးကို ဖုန်ခါမိရုံသက်သက်ပါ ...။ 

ခင်မင်စွာဖြင့်
ခရစ္စတလ်

Friday, January 25, 2013

ဘန်ကောက်မြို့မှ လေဆိပ်အဟောင်း ~~~ ဒွန်မောင်း (Don Mueang Airport)

ပြီးခဲ့တဲ့တစ်ပတ်က မြန်မာတစ်ယောက် ထိုင်းကို အလည်မလာခင် ကြိုဖုန်းဆက်ပါတယ်။ သူဖုန်းခေါ်တာ အင်တာနက်ကလို့ ပြောပါတယ်။ ကြားတစ်ချက်မကြားတစ်ချက်နဲ့။ ပြန်ခေါ်ဖို့ကလည်း သူ့ဖုန်းနံပါတ်ကို မသိ။ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေဆိပ်နှစ်ခုလုံး ပြန်လည် အသုံးပြုနေပြီဆိုတာ  သတိမထားမိကြပါဘူး။ ကိုယ့်နိုင်ငံသားတွေအပြင် နိုင်ငံခြားသားတွေလည်း သတိမထားတဲ့သူတွေလည်း ရှိပါတယ်။ လေယာဉ်ဆိုက်ပြီး ဆင်းလာမှ Air Asia နဲ့ လာတဲ့အခါ ဒွန်မောင်းလေဆိပ်ဟောင်း (Don Mueang Airport) ကို ရောက်နေပါလားလို့ သိကြပါတယ်။

 

ဒွန်မောင်းလေဆိပ်ဟောင်း (Don Mueang Airport)မှာ Air Asia International နဲ့ Nok Airway Domestic လေကြောင်းလိုင်းတွေနဲ့ ကုန်တင်လေယာဉ်တွေ အသုံးပြုပါတယ်။ မနှစ်ရေကြီးတုန်းက ဒွန်မောင်းလေဆိပ်ဟောင်း (Don Mueang Airport)ထဲကို ရေတွေ တော်တော်ဝင်ခဲ့လို့ ထိုင်းမှာ ရေကြီးတာ လေဆိပ်ထဲတောင် ရေတွေ ဝင်တယ်ဆိုပြီး နာမည်ကြီးသွားသေးတယ်။ တကယ်တော့ လေဆိပ်အသစ်ကြီးထဲ ရေမဝင်ခဲ့ပါဘူး။ လေဆိပ်အဟောင်းနဲ့ အသစ် ရောကုန်ကြတာပါ။

 ပြည်ပထွက်ခွါ
ခုန ထိုင်းကို အလည်လာမယ့် ဧည့်သည်အကြောင်း ဆက်ရရင် သူပြောတာ ကိုယ်မကြား၊ သူကလည်း white card ဖြည့်ဖို့ လိပ်စာသာ အဓိကတောင်းနေပါတယ်။ ကိုယ်ကလည်း ကြိုရမှာဆိုတော့ (ထိုင်းမလာဖူးလို့ မဖြစ်မနေ လေဆိပ်လာကြိုပေးပါတဲ့၊ အမျိုးသမီးကြီးလည်း ဖြစ်နေတော့ ကိုယ်တိုင် သွားကြိုပေးရပါတယ်။) လေကြောင်းလိုင်း၊ နေ့ရက်နဲ့ အချိန်ကို မေးရပါတယ်။ ဖုန်းက ပြတ်သွားချိန် ...နေ့ ... ဟိုဘက်က ဘာပြောတယ် မသိဘူး ကိုယ်ကြားတာကတော့ ဒီနေ့လို့ကြားပါတယ်။ အချိန်မေးတော့ ညနေ ....တဲ့ လေကြောင်းလိုင်းဆိုတော့ မြန်မာလေကြောင်းပဲလေတဲ့။ သူ့ကြည့်ရတာ လက်မှတ်ကြည့်ပြောနေတာဟုတ်ပုံမရဘူး၊ သေချာလားလို့ ထပ်မေးတော့ ဖုန်းက ကျသွားတယ်။ ပြန်ခေါ်တယ် မကြားရပြန်ဘူး။ နောက်ဆုံး ထပ်ခေါ်တော့ ဘာလက်ဆောင်ယူလာရမလဲ မယူလာပါနဲ့ အားနာတယ် ပြောရုံရှိသေး ဖုန်းက ကျသွားပြန်ရော .......... ဖုန်းလည်း ပြန်မခေါ်တော့ဘူး။ သူနဲ့ ပြန်ပြီး confirm မလုပ်လိုက်ရဘူး။ ဒီနေ့ ကြိုဆိုတော့လည်း ကြိုတာပေါ့၊ အလုပ်များနေတာတွေ ခပ်မြန်မြန်အပြီးသတ်ပြီး သွားရမယ့်အချိန်ကို စဉ်းစားမိတော့ လေယာဉ်ချိန်ကို သတိထားမိလိုက်တယ်။

လွဲနေပြီ၊ ကိုယ်ကလည်း လေယာဉ်လက်မှတ်ရောင်းနေတဲ့သူဆိုတော့ လေယာဉ်အချိန်ကို သိတာနဲ့ ထိုင်းကို ဘယ်အချိန်တွေမှာ ဘယ်လေယာဉ်တွေ ဆိုက်တတ်တယ်ဆိုတာ အလွတ်ရနေတယ်...။ ဧည့်သည်ပြောတဲ့ လေကြောင်းလိုင်းနဲ့ အချိန်လွဲနေပါတယ်။ ဒီလိုလွဲလိုက်ခြင်းက လေဆိပ်နှစ်ခု ကွဲထွက်သွားတယ်။ မြန်မာလေကြောင်းလိုင်း MAI ဆိုရင် လေဆိပ်အသစ်မှာ ကြိုရမယ်။ လေယာဉ်ချိန်အရဆိုရင် Air Asia နဲ့ လာမှာဖြစ်ပြီး  ဒွန်မောင်းလေဆိပ်ဟောင်း (Don Mueang Airport)ကို ဆိုက်ရောက်ရမှာဖြစ်နေပြီ။

 ပြည်တွင်းလေကြောင်း Nok Airway
ဘာလုပ်ရင် ကောင်းမလဲ...၊ သူက မြန်မာလေကြောင်းပြောမှတော့ လေယာဉ်ချိန်မှားနေတာပဲဖြစ်မယ်ဆိုပြီး MAI ဆင်းမယ့်အချိန်သွားကြိုလိုက်ပါတယ်။ လေယာဉ်ဆိုက်ပြီး အများဆုံးတစ်နာရီကြာရင် ကြိုနေတဲ့သူတွေ ရှိတဲ့နား ရောက်ကို ရောက်ရပါတယ်။ အခြား အထူးအထွေမရှိရင်ပေါ့ (ဥပမာ- မုန်တိုင်းရှိတဲ့နေ့ လေယာဉ်ချိန်နောက်ကျလို့ ပုံမှန်ချိန်မရောက်တာတွေလည်း ရှိသေးတာကိုးးး)။ ၂-နာရီကြာတဲ့အထိ ဧည့်သည်ရောက်မလာဘူး။ အလွဲကြီး လွဲပြီမို့ မိုးချုပ်ချုပ် အိမ်ကို အမြန်ပြန်ရပါတော့တယ်။ စိတ်ထဲမှာတော့ လွဲတာ တစ်ခုခုဖြစ်ရင်ဖြစ်၊ မဖြစ်ရင် information တွေ လိုချင်လို့လည်း ဒီလိုလုပ်တတ်ကြဖြစ်လို့ ထားလိုက်ပါတော့လေဆိုပြီး ခေါင်းထဲက ထုတ်လိုက်ပါတယ်။

နောက်သုံးရက်နေတော့ နိုင်ငံခြားသားတစ်ယောက် ဖုန်းဆက်လာပါတယ်။ အီးလို မပီတပီနဲ့ နင် ... စကားတတ်လားတဲ့၊ နင် မြန်မာလား မေးတယ်။ မြန်မာဆိုရင် နင် ... ကို သိလား၊ ဒီနေ့ သူလာမယ်လို့ ဖုန်းဆက်ပြောပါတယ်။ သူမေးတဲ့ ... စကားကို အနည်းငယ်ပြောတတ်သော်လည်း နားမလည်ဘူးလို့ အီးလိုဆက်ပြောခိုင်းလိုက်တယ်။ ဟိုဘက်က ရီတယ် ငါ .. အီးလို မပြောတတ်ဘူးတဲ့။ သူပြောတဲ့ အီးစကားကလည်း ဝဲလိုက်တာ (ဝဲဆို သီရိလင်္ကာနိုင်ငံသားတဲ့၊ နောက်မှ သိရတယ်။)


သူပြောတဲ့ မြန်မာဆိုတာ ကိုယ်နဲ့ လွဲနေတဲ့ ဧည့်သည်ဖြစ်နေပါရော ...။ ကျေးဇူးကြီးလှပါပေရဲ့ မောင်မင်းကြီးရယ်။ ဒါနဲ့ သူက လေကြောင်းလိုင်း နံပါတ်ကို ပြောတယ် ထူးထူးဆန်းဆန်း အချိန်တွေလည်း မပြောပဲနဲ့၊ ဖြစ်ပုံများ အဲလို။

လေကြောင်းလိုင်းနံပါတ် သိရတော့ သေချာသွားပြီ Air Asia နဲ့ မြန်မာနိုင်ငံက လာမယ်ဆိုတာ။ ဧည့်သည်ကို လေဆိပ်ဟောင်းမှာ ကြိုရမယ်ဆိုတာ သူသိပြီး ထင်လို့ ပြောမနေတော့ဘူး။ နိုင်ငံခြားသားတွေမဟုတ်လား ကိုယ့်ထက်တော့ ပိုသေချာမယ် ထင်ထားလိုက်တာ။

သွားကြိုရမယ့်အချိန်ကျတော့ အဲ့ဒီသီရိလင်္ကာနိုင်ငံသားတွေ ဖုန်းဆက်လာတယ်၊ သူတို့ ဂိတ်နံပါတ်-၅မှာ ရောက်နေပြီပေါ့လေ၊ နင်မရောက်သေးဘူးလားတဲ့။ သွားပြန်ပြီ သူတို့လည်း မှားပြီး လေဆိပ်အသစ်မှာ သွားကြိုနေပြန်တယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လေဆိပ်နှစ်ခုရှိကြောင်း၊ အီးလို formal ပြောကြည့်တယ်၊ မရဘူး၊ broken ပြောတယ် မသိပြန်ဘူး။ သူ့စိတ်ထဲမှာ Don Mueang ဆိုတာကို နားမလည်နေတာ။ နောက်ဆုံးတော့ ဧည့်သည်နဲ့ တွေ့ပြီးရင် နင့်ကို ဖုန်းပြန်ခေါ်လိုက်မယ်ဆိုပြီး ဖုန်းချလိုက်ရတော့တယ်။ လေဆိပ်ဟောင်းမှာ လူက ခပ်ရှင်းရှင်း၊ ကြိုတဲ့လူတွေထဲမှာ ကိုယ်တစ်ယောက်တည်း ယောက်ယက်ခတ်နေလို့ မတော်ဘူး မဟုတ်လား။ သူနဲ့ ဖုန်းပြောပြီး ရှုပ်ယှက်ခတ်နေတဲ့အချိန်မှာပဲ ဧည့်သည်က လာကြိုတဲ့ဘက်ကနေ ပြည်တွင်းဆိုက်ရောက်ဘက်က လူစည်နေတော့ နေရာမှားပြီး ဟိုဘက်ထွက်သွားပြန်တယ်။ နေရာကလည်း ဝေး၊ လှမ်းခေါ်လို့လည်း ကြားနိုင်မည်မဟုတ်၊ လူအုပ်ထဲ တိုးဝင်သွားလိုက်တာ ဘယ်ရောက်သွားမှန်းတောင် မသိဘူး။ နောက်ဆုံးတော့ ဖုန်းခေါ်ပါစေလို့ပဲ ဆုတောင်းနေရတော့တယ်။ လေဆိပ်ထဲမှာ စောင့်ကြပ်နေတဲ့ နတ်တွေ အစောင့်တွေကိုလည်း မေတ္တာလှမ်းပို့ပြီး ဧည့်သည်ဘက်က တစ်ခုခု ဆက်သွယ်လာပါစေလို့သာ စိတ်မှန်းနဲ့ ဆုတောင်းနေမိပါတယ်။

ဧည့်သည်တစ်ယောက်အနေနဲ့ စကားအခက်အခဲ ခရီးသွားဖူးတဲ့ အတွေ့အကြုံနည်းမယ်ဆိုရင် မလာခင် သေချာမှုတွေ ပြုလုပ်စေချင်ပါတယ်။ ခုတော့ သူလည်း စိတ်မော လူမော၊ ကိုယ်လည်း စိတ်မောနဲ့။ နောက်ဆုံး ထိုင်း tour guide တစ်ယောက်က ဖုန်းဆက်ပြောပေးလို့ ဧည့်သည်နဲ့ တွေ့သွားပြီး သူ့ကို ကြိုလာရပါတော့တယ်။ ဧည့်သည်နဲ့ သိတဲ့ သီရိလင်္ကာနိုင်ငံသားတွေကိုလည်း ဟိုဘက်လေဆိပ်မှာ၊ သူတို့ မှားကြိုမိမှန်း ဖုန်းဆက်လာပါတယ်။ သူတို့ကိုလည်း ဟိုတယ်သာ ပြန်ခိုင်းလိုက်ရတော့တယ်။ လေဆိပ်အသစ်နဲ့ အဟောင်းက ဘန်ကောက်မြို့ရဲ့ အရှေ့ အနောက်ဖြစ်နေလေတော့၊ သူတို့ လေဆိပ် မှားမှန်းသိတဲ့အချိန် ဧည့်သည်က တက္ကစီကားပေါ်ရောက်နေပါပြီ။ အချက်အလက်အမှားတွေ အလွဲတွေနဲ့ တွေ့ရတဲ့ ဒီဧည့်သည်ကိုတော့ မေ့လို့ရမယ် မထင်ပါဘူး ......... :)

အလွဲများနဲ့ တစ်နေ့တာလို့ ခေါင်းစဉ်တပ်လိုသော်လည်း information တစ်ခုကို sharing လုပ်ချင်လို့ ခေါင်းစဉ်ကိုတော့ ပြောင်းထားပါတယ်။

 အပေါ်စီးက ဓာတ်ပုံရိုက်ထားတာပါ။ ကြိုမယ့်သူနဲ့ ဧည့်သည် တွေ့ဆုံနိုင်ကြစေဖို့ပါ။

ထိုင်းနိုင်ငံနဲ့ ပတ်သတ်သမျှ ဖုန်းနဲ့ ဆက်မေးကြ၊ အီးမေးနဲ့ မေးကြတဲ့သူတွေ အားလုံးအတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ်။
အစစ အဆင်ပြေကြပါစေ။

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

ခင်မင်လေးစားစွာဖြင့်
 ခရစ္စတလ်

Tuesday, January 8, 2013

Here I am ...

 
Here I am...this is me
There's no where else on Earth I'd rather be
Here I am... it's just me and you
And tonight.. we make our dreams come true

It's a new world ...it's a new start
It's alive with the beating of young hearts
It's a new day... it 's a new plan
I've been waiting for you ...

Here I am ~~~

Here we are ... we've just begun
And after all this time our time has come
Ya ~~~ here we are.. still goin' strong
Right here in the place where we belong

It's a new world ...it's a new start
It's alive with the beating of young hearts
It's a new day... it 's a new plan

I've been waiting for you ...

Here I am ~~~

Here I am ~~~

   waiting for you  ...

Here I am ... this is me
There's no where else on Earth I'd rather be
Here I am... it's just me and you
And tonight.. we make our dreams ..come true

It's a new world ... it's a new start
It's alive with the beating of young hearts
It's a new day... it 's a new plan
I've been waiting for you ...

It's a new world ... it's a new start
It's alive with the beating of young hearts
It's a new day... it 's a new plan
I've been waiting for you ...

Here I am ~~~

Here I am ~~~

Here I am next to you

And suddenly the world is all brand new

Here I am~~~

Here I am~~~

Where I'm gonna stay
Now there's nothing' standing in our way


Here I am~~~