သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Friday, April 2, 2010

ဆရာတစ်ယောက်၏ သမိုင်း။



ငြိမ်းချမ်းစွာ ထွက်ခွာသွားသော ဆရာ့နောက်ကွယ်မှာ ခြေရာတွေ ထင်ကျန်ခဲ့တယ်၊ ဒါဟာ သမိုင်းဖြစ်ပါတယ်။ သံသရာ၏ အစိတ်အပိုင်းဖြစ်တဲ့ ဘဝလေးမှာ ကိုယ်ရေးခြစ်ချင်တိုင်း ရေးခြစ်ခွင့်ရှိကြပါတယ်၊ စုတ်ချက်တွေက သမိုင်းဖြစ်တယ်။ ဘဝတစ်ခုမှာ အသက်ရှင်နေစဉ် ရုန်းကန်လှုပ်ရှားမနေမနားနဲ့ ကြံစည်ကြ ၊ ကြိုးစားကြ၊ စွမ်းဆောင်ကြနဲ့ ဒါလေးတွေနဲ့ လောကကို သံသရာကို အလှဆင်ကြ အိုးမဲသုတ်ကြနဲ့ ဒါတွေကလည်း နှောင်းလူသားတွေအတွက် စံပြုစရာ အလေးထားစရာ သင်ခန်းစာ ယူစရာအနေဖြင့် သမိုင်းအဖြစ် ဖြစ်ပေါ်တည်ရှိလာကြပါတယ်။
ဒီတော့ အိုလူသား သင်ရော ဘယ်လို စုတ်ချက်တွေနဲ့ လောကကို မသေခင်လေးမှာ ခြယ်မှုန်းမယ်လို့ စိတ်ကူးမိသလဲ၊ ခြယ်မှုန်း နေဆဲလဲ၊ ခြယ်မှုန်း ပြီးခဲ့ပြီလဲ...။

ကိုယ့်သမိုင်းကို ကိုယ်တိုင် ရေးသားနေကြတယ်ဆိုတာ တကယ်တော့ မမေ့အပ်ဘူး။

စာပေသင်ကြားခြင်းနှင့် အသက်မွေးရသော လူသားတစ်ဦး။ သူ့ကို သူ့တပည့်တွေက ဆရာလို့ ခေါ်ကြတယ်။ “ဆရာ” တဲ့ တပြိုင်နက် ခေါ်ဆိုသံနှင့် ဦးချကန်တော့နေကြတယ်။

ဆရာထံ တပည့်တစ်ဦးခြင်း၏ ခံစားချက်အမျိုးမျိုးတို့ဖြင့် ရင်ထဲ ကိုယ်စီ။ ဒီဆရာကို ဘာလို့ ဒီလောက်တောင် ချစ်ကြောက် ရိုသေလေးစားကြသလဲ။

ဆရာက ကျွန်တော်ထမင်းဘူးမပါလာတဲ့ နေ့က ဆရာ့ထမင်းဘူးလေး လာကျွေးဖူးတယ်၊ ဒီလိုဖြစ်တာ ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ဘူး၊ ဒီလိုပဲ ကျောင်းသားတွေ မကြာခဏ စားစရာမပါလာတဲ့သူ၊ ချို့တဲ့သူတွေကို ဆရာ မကြာခဏ ထမင်းကျွေးတယ်၊ မုန့်ဝယ်ကျွေးခဲ့တယ်။ ဆရာကလေ တကယ် စေတနာကောင်းခဲ့ပါတယ်။ သူများတွေကို ပေးကမ်းစွန့်ကြဲရလောက်အောင် ဆရာက ချမ်းသာလားဆိုတော့လဲ၊ ဆရာ့မျက်မှန်ကိုင်းလေးက ကျိုးတဲ့ နေရာမှာ သံကြိုးလေးနဲ့ တွယ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ စာမလိုက်နိုင်သူတွေအတွက် အခကြေးငွေ မယူပဲ စေတနာ အပြည့်နဲ့ ဆရာ စာသင်ပေးခဲ့ဖူးတယ်၊ မုန့်ရောင်းပြီး ကျောင်းတက်တဲ့ ကျောင်းသားလေး စာသင်ချိန် ပိုရအောင် မုန့်တွေလည်း ဝိုင်းရောင်းခဲ့ဖူးသတဲ့။

ဆရာ ...လာပြီ ဆိုတဲ့ အော်သံကြားရင်တောင် စာသင်ခန်းထဲမှာ ငြိမ်ကျသွားတယ် တကယ်တော့ ဆရာမလာခဲ့ဘူး။ ကျောင်းသား တစ်ယောက်က နောက်ပြောင်လိုက်တဲ့အသံ။ ဒီလိုအဖြစ်လေးတွေနဲ့ ဆရာကို ဘယ်လောက် လေးစားခဲ့ကြတယ် ဆိုတာကို ပြနေတယ်။

တစ်ခါက မိုးသဲတဲ့ တစ်နေ့မှာ ကျောင်းသားတစ်ယောက် မိုး လေပြင်းလို့ ပုဆိုးကွဲထွက်သွားတယ် ဒါကို သိတော့ ဆရာအပြေးကလေး ရောက်လာပြီး “င့ါလုံချည်ယူကွာ” ပြောပြောဆိုဆို လုံချည်ကို ချက်ချင်းချွတ်ပေးခဲ့တယ် ကျောင်းသားတွေက ဟာကနဲပေါ့။ ဆရာ အောက်ခံဘောင်းဘီကို အရှည်ဝတ်တတ်မှန်း တပည့်တွေ သိသွားတယ် အဲဒီနေ့ကပေါ့။

ကျောင်းသားတစ်ယောက် စာမလိုက်နိုင်ခြင်းအတွက် ဆရာသည် အကြောင်းအရင်းမှန်ကို ရှာဖွေတတ်သူအဖြစ် ထင်ရှားပြန်တယ်။ ကျောင်းသားနှင့် မိဘများအကြား အဆင်မပြေလို့လား၊ စိတ်ကစားတဲ့ အရွယ်ဖြစ်လို့လား၊ စာကို စိတ်မဝင်စားပေမယ့် တခြား လက်မှုပညာဘက် ထူးချွန်နေသလား၊ ဒါတွေကို သိအောင်ကြိုးစားပြီးမှ ကျောင်းသားကို လမ်းမှန်ဘက်ကို လမ်းပြပေးတတ်တဲ့ဆရာ တစ်ယောက်ပါ။

တိုင်းနှင့်ပြည်နယ်ပွဲတွေမှာ ဆရာကိုယ်တိုင် လာအားပေးလို့ ကျောင်းသားတွေ အားရှိပြီ တစ်ဖက်အသင်းကို အနိုင်ရခဲ့ဖူးသတဲ့။ ဆရာက ကျောင်းသားတွေကို ဘောလုံးနည်းပြလည်း လုပ်ပေးခဲ့ဖူးတယ်။

တခါတရံ ညနေခင်းတွေမှာ ကျောင်းသားတွေနဲ့ ခြင်းခတ်နေတာ တွေ့ရတတ်သလို၊ ဘောလုံးကွင်းထဲမှာလည်း ကျောင်းသား များကို လမ်းညွှန်ပေးနေတတ်ပြန်တယ်။

ဆရာရေ နယူးယောက်မှာ ရောက်နေတဲ့ ကိုဝင်းကြူ ဗိသုကာ အင်ဂျင်နီယာကြီးကလေ ဆရာ့က သူ့ဆီကို ဆရာမကွယ်လွန်ခင်က စာပြန်လိုက်တဲ့ အင်္ဂလိပ်လိုရေးထားတဲ့ စာလေးကို ဆရာ့ရဲ့ အင်္ဂလိပ်စာလက်ရေးဆက်ဆွဲတာ သိပ်လှလို့တဲ့ မှန်ဘောင်နဲ့ ထည့်ထားတယ်ဆရာ။ ဆရာဆုံးတဲ့နေ့က အဲဒီမှန်ဘောင်လေး ကျကွဲသွားတယ် ဆရာရယ်။

ညကျောင်းတွေမှာ စာသင်တဲ့ ခေတ်တွေတုန်းက ဆရာလည်း ပါဝင်ကာ မမောနိုင် မပန်းနိုင်နဲ့ ကျောင်းသားတွေကိုလည်း စာသင်ပေးခဲ့တယ်၊ အသက်ငယ်တဲ့ ဆရာတွေကိုလည်း စာသင်ကြားတဲ့ ပုံစံတွေကိုလည်း ရေးဆွဲ လမ်းညွှန် ပေးခဲ့ရသေးတယ်။

အပြင်ပန်းကိစ္စတွေနဲ့ အချိန်ပေးဆောင်ရွက်မှုတွေများလို့ ဆရာ့ကို လူပျိုကြီးလို့တော့ မထင်ပါနဲ့။ ဆရာ့မှာ ဇနီးချော တစ်ယောက် ရှိပါတယ်။ သားသမီးတွေလည်း ထွန်းကားလို့။ မိသားစုကို ဂရုတစိုက် ချစ်ခင်ကြင်နာတတ်တဲ့ ဆရာပါ။ ဆရာအိမ်ကို သွားလည်ရင် ဆရာတစ်ယောက် သူ့ဇနီးသည်ကို မီးပူဝိုင်းကူတိုက်ပေးခြင်း၊ အိမ်တမျက်စည်းလှည်းခြင်း၊ ကလေး သနပ်ခါးလူးပေးခြင်းများက အစ တာဝန်လို့ မယူဆပဲ သဒ္ဓါသော စိတ်ဖြင့် ဆောင်ရွက်တတ်တဲ့ ခင်ပွန်းကောင်း ဖခင်ကောင်းအဖြစ် မိသားစုဘဝလေး ပျော်ရွှင်နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ယောက္ခမကို မိဘသဖွယ် ရိုသေလို့ “အမေ”လို့ခေါ်ကာ ရိုသေစွာ ဂါရဝထားလို့၊ ဇနီးသည်ရဲ့ မောင်ဘွားများကို မိမိ၏ ဆွေမျိုး ရင်းခြာသဖွယ် ပြုမူဆက်ဆံ စောင့်ရှောက်တတ်သူ တစ်ယောက်ပါ။

ရယ်မောစရာတွေ ပြောတတ်တဲ့ ဟာသဥာဏ်ရွှင်တဲ့ ဆရာသည် ဝိပဿနာတရားကိုလည်း တစိုက်မတ်မတ် အားထုတ်သူ တစ်ယောက် ဖြစ်တာကြောင့် ဆရာသည် ငါးပါးသီလကို အထူးလုံခြုံသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အပတ်စဉ် ဆွမ်းချက်လောင်းလှူခဲ့တာ ဆရာကွယ်လွန်ချိန် မတိုင်ခင်အထိပါပဲ။

ကွမ်းယာ ဆေးလိပ် အရက် “မ”ကိစ္စတွေကင်းလှသည့် ဆရာ့တွင် မျိုးရိုးလိုက်သည့် သွေးတိုး နှလုံးရောဂါဆိုသော လက်ဆောင် ဆိုးကိုတော့ မရှောင်မလွှဲနိုင်ပဲ လက်ခံရရှိခဲ့ရှာတယ်။

ဒီလိုနေပြင်းတဲ့ နွေနေ့လည်တစ်ခုမှာ ဆရာရုတ်တရက် ထွက်ခွာသွားခဲ့တယ်၊ ဘယ်သူ့ကိုမှတောင် နှုတ်ဆက်မသွားပါလား ဆရာရယ်။ ဆရာ ထွက်သွားပုံက တိတ်ဆိတ် မြန်ဆန်လွန်းတယ်။

(8888)အရေးအခင်းပြီးကာစ အချိန်၊ ဆရာကွယ်လွန်သည်မို့ ကျောင်းသားတွေ တရုန်းရုန်းဖြစ်နေတဲ့ အသုဘကို လုံထိန်းများက မျက်စောင်းတထိုးထိုး။ ဆရာ့ဇနီးက ကျောင်းသားများကို တောင်းပန်ရှာတယ် “ကျောင်းသားတွေ ထိခိုက်တာကို ဆရာက လုံးဝ မဖြစ်စေချင်ဘူး ဒီတော့ ဆရာ့ကို နောက်ဆုံးအနေနဲ့ လိုက်ပါပို့ဆောင်တဲ့ခရီးမှာ ကျောင်းသားများဘက်က သည်းခံပြီး၊ ဆရာဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ဆရာ့စိတ်ဓာတ်ကို နားလည်တယ်ဆိုရင် ဘယ်သူနဲ့မှ ပြဿနာမဖြစ်ကြနဲ့နော်”တဲ့။

ဆရာ့ဘေးမှာ ဝိုင်းနေတဲ့ ကျောင်းသားတွေက အင်္ကျီအဖြူ၊ ပုဆိုးအနက်များနှင့်။ ကျောင်းသားများထဲမှ ခေါင်းဆောင်တစ်ဦးက ဆရာ့အပေါ် ကံသုံးပါးနှင့် ပြစ်မှားမိခဲ့တာများရှိရင် ခွင့်လွှတ်ဖို့ တောင်းပန်သောစာကို ကျောင်းသားများကို တိုင်ပေးတယ်။ ညီညာစွာ လိုက်ဆိုကြတဲ့ ကျောင်းသားများရဲ့ အသံက သုဿန်တစ်ခုလုံးကို လွှမ်းမိုးသွားစေခဲ့တယ်။ အခေါင်းကို ကျောင်းသားများက လက်ဆင့်ကမ်းသယ်ယူကြရင်း သင်္ဂြိုလ်စက်ဆီကို သယ်ဆောင်ကြတယ်၊ ကျောင်းသားများရဲ့ မျက်ဝန်းတွေမှာလည်း ကြေကွဲခြင်းများစွာဖြင့်။

သွားတော့ ဆရာရယ် ......သွားပေအုံးတော့ နောင်သံသရာမှာလည်း ပရဟိတအလုပ်တို့ လောကအကျိုးဆိုတာတွေ လူသားတွေအတွက် စသည်ဖြင့် စကားလုံးလှလှတွေ မသုံးပဲ လက်တွေ့ကြကြ ကူညီဆောင်ရွက်ချက်မှုတွေနဲ့ လောကကို အလှဆင်အုံးပေါ့၊ ကိုယ့်လက်လှမ်းမီရာ နီးစပ်ရာ ဘဝလေးတွေ ရှင်သန်ဖို့ ဥယျာဉ်မှုးအဖြစ် ဆောင်ရွက်လိုက်အုံးပေါ့ ဆရာ။ လောကအလယ်မှာ မနိုင်ဝန်တွေ ထမ်းမိတိုင်း တာဝန်တွေများစွာကို ပျော်ပျော်ကြီးထမ်းရွက်သွားတဲ့ ဆောင်ရွက်နိုင်ခဲ့တဲ့ ဆရာ့ကို သတိရရင်း အားတက်မိတာတွေလည်း ရှိခဲ့ရပါတယ်။ ဘယ်ချိန်ပဲ ဖြစ်ဖြစ် ကျောင်းတံခါးဝရောက်ရင် ဆရာ့ရဲ့ နွေးထွေးတဲ့ မေတ္တာကို ခံစားမိနေတုန်းပါ ဆရာရေ...။

ဆရာ့ဘဝမှာ ဆရာ စိတ်ဓာတ်နှင့် လုပ်ရပ် နှစ်ချက်ဖြင့် ဆရာ့သမိုင်းကို ယနေ့ထက်တိုင် တွင်စေခဲ့ပါပြီ။

ကမ္ဘာ့ကုလသမဂ္ဂအစီအစဉ်ဖြင့် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်ဆီကို စာသင်ကြားခြင်း အမှုထမ်းရန် လေယာဉ်လက်မှတ် စောင့်ဆိုင်းနေစဉ် အချိန်တွင် ဆရာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ချစ်သော မြန်မာဆရာ တစ်ယောက်သည် မြန်မာမြေပေါ်တွင် ခေါင်းချခဲ့ပါသည်။

ဆရာ သည် (၃-ဧပြီ-၁၉၈၉)နေ့ ညနေ (၄း၄၅)တွင် ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့ပါသည်။
(၅-ဧပြီ-၁၉၈၉)နေ့၊ နေ့လည် (၁း၀၀)တွင် ကြံတောသုဿန်၌ မီးသဂြိုလ်ခဲ့ကြပါသည်။

သံသရာမှ ယနေ့ထက်တိုင် ပြုမိခဲ့ဖူးသော ကုသိုလ်ကောင်းမှု အစုစုတို့၏ အဖို့ပါကကို အမျှ ...အမျှ...အမျှ ပေးဝေငှလိုက်ပါသည် ရောက်ရာ ဘုံဘဝမှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓု ခေါ်ဆိုနိုင်ပါစေသား။

1 comment:

ကိုပိန် said...

ကပ်စီးနဲ သာဓု