သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Wednesday, March 17, 2010

မနှိုင်းနဲ့နော်။

ကျေးဇူးပြုပြီး သူတစ်ပါးနှင့် မနှိုင်းပါနဲ့ ဒါဟာ ပြိုင်ပွဲမဟုတ်ဘူးလေ...။

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်၊ ဘယ်လောက် နားလည်ပေးနိုင်တာ"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မခိုင်းနှိုင်းမိပါစေနဲ့။ ကိုယ့်ချစ်တဲ့ သူမရှေ့မှာ မချီးမွမ်းမိစေနဲ့။ သူများ အမျိုးသမီး ဇနီးမယား၊ ချစ်သူလေးတွေ ကောင်းကွက်ကို မြင်နိုင်ရင် ကိုယ့်ဘေးနားက ကိုယ်ချစ်တဲ့ သူမတွင် ရှိနေတဲ့ အရည်အချင်းတွေကိုလည်း ကြိုးစားမြင်ကြည့်ပေးပါ။ ကိုယ်ချစ်ခဲ့မိလေတဲ့ မိန်းကလေးမို့လား၊ သူမကို မကောင်းမြင်ရင် ကိုယ်ကလည်း မကောင်းတာကြီးကို ရွေးချယ် ချစ်မိလျက်သားဖြစ်သွားလိမ့်မယ်နော်။ မိန်းကလေးဆိုတာ ကိုယ်ချစ်တဲ့ လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းက ဘဝအတွက် အားဆေးတစ်ခွက်ပါ။ အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးရှိသလို ဒီပီတိလေးနဲ့သာ ရှင်သန်နေကြရတာပါ။
အဲ.....သူမတို့ကို ရှုံ့ချမိရင်တော့ အားငယ် ဝမ်းနည်းမှု နာကျင်မှုတွေက သံသရာချီလေပြီ။ “ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ”တဲ့ ကြားဖူးရဲ့မဟုတ်လား။ ကိုယ်ကလည်း သူမအပေါ်ဘယ်လောက် ကောင်းလို့ နားလည်နိုင်သလဲ ကြင်နာ မြတ်နိုးခဲ့ဖူးသလဲပေါ့။ တစ်ဖက်သတ် ကောင်းနေတာကို အိမ်ထောင်လို့ မခေါ်ထိုက်လေတော့၊ အိမ်ထောင်သည်ဘဝ၊ ချစ်သူဘဝ ဆိုကတည်းက ပေါင်းစပ်မှု မေတ္တာတရားတွေက လွမ်းခြုံနေပြီမို့ တစ်ယောက်နဲ့ တစ်ယောက် အမှားတွေ မြင်လို့ (၃ ၄) သုံးနဲ့ လေး အတိုင်း နီးရက်နဲ့ ဝေးမနေကြစေဖို့၊ ချစ်တဲ့သူတိုင်း မြတ်နိုးနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

(သူငယ်ချင်း ဇနီးမောင်နှံနှစ်ယောက်ကို ဘယ်လိုမှ နားချမရလို့ 
စိတ်မောမောနဲ့ ဒီပိုစ့်လေးကို ရေးပါတယ်-ခရစ္စတလ်)

No comments: