တကယ်တော့ သူမတို့နဲ့ တွေ့ဖို့ဆိုတာ လွန်စွာခက်ပါတယ်၊ လမ်းမှာတော့ တွေ့နိုင်ပါတယ်၊ စကားပြောဖို့ ခက်ပြန်ရော။ အချိန်နဲ့ နေရာကို ရွေးရပါတယ်။ အချိန်ကတော့ သူတို့ အလုပ်ချိန်ကို မထိခိုက်အောင်ပါ။ နေရာကတော့ ကျမနဲ့သူတို့ စကားပြောနေစဉ် အနှောင့်အယှက်ကင်းသော နေရာမျိုးကိုရွေးရပါတယ်။ နောက် သူတို့ထံ သွားတွေ့ဖို့အတွက် ကျမရဲ့ အပြင်အဆင်၊ အပြောအဆိုအမူအရာများနဲ့ စကားလေသံပါပြင်ရပါတယ်။ ပထမဆုံး ဆံပင်ကို ပုံမှန်ခေါင်းစည်းနဲ့ ချည်နှောင်ထားပါတယ်။ မျက်နှာမှာ လိမ်းခြယ်တယ်လို့ မထင်စေရပါ၊ နောက် အင်္ကျီကို သပ်သပ်ရပ်ရပ်နဲ့ အရောင်အဖျော့တွေကို ဝတ်ဆင်ရပါတယ်။ ဖိနပ်ကိုတော့ အပါးလေး စီးသွားပါတယ်။ လက်ဝတ်ရတနာတွေကို ချွတ်ခဲ့ရပါတယ် ဒီအရာများက ကျမနဲ့ သူတို့ကို စည်းမခြားနေစေဖို့အတွက်ပါ။ အမူအရာအဓိက ကတော့ မျက်လုံးပါ။ သူတို့က ကျမကို အကဲခတ် နေကြမှာပါ။ ဘဝရဲ့လှိုင်းဒဏ်တွေပိနေတဲ့ သူတို့လေးတွေက သိပ်အကဲခတ်တော်နေကြလို့ပါ။ မျက်ဝန်းမှာ အတတ်နိုင်ဆုံး နွေးထွေးမှုတွေရှိနေမှ ဖြစ်မှာပါ။ နောက် အပြုံး၊ ကျမသူတို့ကို လှမ်းနှုတ်ဆက် လို့ အပြုံးက မသက်မသာရှိခဲ့ရင် ကျမကို သူတို့လေးတွေ ရင်ဖွင့်ဖို့ ဝေးသွားပါရော။ ကျမက သူတို့နဲ့ စကားစမြည် အေးအေးဆေးဆေး ပြောချင်တာ၊ သူတို့လေးတွေ ဘာတွေများ ပြောချင်နေမလဲ၊ ဘာတွေ ငိုကြွေးချင်ကြမလဲ၊ ဘာတွေများ တောင်းဆိုချင်ကြမလဲ။ ကျမသူတို့လေးတွေထံ မသွားခင် စကားမပြောခင် အများကြီး ပြင်ဆင်မှုတွေ လုပ်ထားရပါတယ်။ စာဖတ်သူတို့ရေ သူတို့လေးတွေမှာက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့လေ။ ကျမကြောင့် သူတို့လေးတွေမှာ စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် ကြိုတင်ပြင်ဆင်မှုတွေ သိပ်အရေးပါလှပါတယ်ရှင်။
သူတို့လေးတွေနဲ့ မတွေ့ခင် ကျမသူတို့ သွားလာတတ်တဲ့နေရာတွေကို မှောင်ရိပ်ခိုကာ စောင့်ကြည့်ခဲ့ဖူးပါတယ်။ အမျိုးသားများက လာရောက်ဈေးဆစ်ကြပုံ၊ သူတို့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ စကားအသုံးအနှုန်းများကိုလည်း လေ့လာရပါတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာ အမှောင်တစ်နေရာမှာ ကားကိုရပ်ထားပြီး ကားထဲကနေ စောင့်ကြည့်ရတဲ့ အချိန်မှာ သူတို့ထံက လွှင့်ပျံလာတဲ့ စကားသံများကိုလည်း ကြားယောင်နေမိစဲပါ။
“တစ်ထောင်တော့ ပေးပါ အစ်ကိုရယ် ကျမ အကြွေးဆပ်ရမှာက (၇၀၀)မို့ပါ။ နောက်နေ့ ထမင်းစားဖို့ သုံးရာကျန်တော်ပါပြီနော်” တဲ့။
“ဟေ့ တည်းခိုခန်းက ခေါ်တယ်၊ အနီမ လာ ဆိုက်ကားပေါ်တက်”၊ ဆိုက်ကားသမားကို တဆင့် ခေါ်ခိုင်းလိုက်ပုံရပါတယ်။
“ဟိုနှစ်ယောက်ကို လမ်းထောင့်မှာ ကားရပ်ထားတယ်၊ ဈေးပြောပြီးသား၊ စောင့်နေတယ် မြန်မြန်သွား”။ ဒါက ကြားပွဲစားကနေ တဆင့်လာတာ ထင်ပါရဲ့။
“အောင်မလေးနော် ညဥ့်နက်လာပြီ၊ ဧည့်သည်တွေရေ မြန်မြန်လာကြ၊ စောင့်နေရတာ ခြင်ကိုက်တယ်တော့”။ ကျန်ခဲ့တဲ့သူက ညဉ်းဆိုသံ။
ဒီလိုနဲ့ တနေ့တော့ ညဘက် အိမ်ကို ပြန်အလာ လမ်းရှင်းတဲ့ဘက်က မောင်းလာရာမှ တစ်ခုသော မီးပွိုင့်မှာ မီးနီလို့ စောင့်နေတုန်း ကားကလည်း လမ်းမှာပြတ်၊ လမ်းမီးတွေလည်း မှောင်အတိ။ ဒီအချိန် ငိုသံတစ်ခုကို ကြားရပါတယ်။ ညခင်းလေးမှာ ကားစီးရင်း လေအေးလေးကို ခံစားနေတဲ့စိတ်တွေက ငိုသံကို နားထောင်မိသွားပါတယ်။ စကားသံတွေက ဗလုံးဗထွေးနဲ့။
“xxxxxxxxx ငါ့မှာ ပိုက်ဆံမရှိလို့ လုပ်စားတာဟဲ့။ နင်တို့ အနိုင်လာကျင့်နေတယ်။ လွှတ် ထမင်းတောင် မစားရသေးဘူး၊ ပိုက်ဆံတစ်ပြားမှ မပေးပဲနဲ့ ဟီး ....ဟီး....ဟီး”။
“နင်လို ကောင်မကများ ပြောသေးတယ် ကဲဟယ် ...ကဲဟယ်”။
“လာကြပါအုံးရှင်......ဒီမှာ ကျမကို နှိပ်စက်နေပါတယ်တော့ ဟီး ....ဟီး....ဟီး”။
အသံတွေသာ ကြားနေရတာ ကျမက အခုထိ ရှာမတွေ့သေးဘူး၊ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ကားမီးရောင်ကလွဲရင် ဘာမှကို မမြင်ရဘူး။ ဒီအချိန်မှာပဲ......
ယာဉ်ထိန်းရဲဝတ်စုံနဲ့ တစ်ယောက်က နောက်တစ်ယောက်ကို ဆွဲနေတာတွေ့ရပါတယ်၊ နောက်တစ်ယောက်က အင်္ကျီကြယ်သီးတွေ ပြုတ်နေတယ်၊ သူတို့ဆွဲနေတာ တွေ့ရပြီး မီးပွိုင့်ရှေ့ကနေ မိန်းကလေးတစ်ဦး လုံချည်ရင်လျားနဲ့ ပြေးထွက်သွားပါတော့တယ်။ သူ့ခမျာ ငိုနေလို့ ပြေးရင်းနဲ့။ ရင်မှာ စို့တက်လာတဲ့ ဝမ်းနည်းမှုကို သက်ပြင်း ချမိရင်း ၊ ကံကြမ္မာဝဋ်ကြွေးတွေရှိရင်လည်း ကျေပါစေတော့လေ။ အော် သံသရာကြီးမှာ ပြုတဲ့သူက အသစ်၊ ခံရတဲ့သူက အဟောင်း။ တော်ပါပြီလေ သံသရာတွေ မရှည်ကြဖို့ ရန် ယောကျာ်းကောင်းများ သတိထားကြပါလို့ အသိပေးလိုက်ရပါတယ်ရှင်။
ပွင့်သော ပန်းတိုင်း လန်းစေချင်။
1 comment:
ဖတ်ရတာ စိတ်မကောင်းစရာပဲ။ အဲဒီလို မိန်းကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ။
အဲလို ယောက်ျားတွေရော ...???
Post a Comment