ညနေခင်း လေပြေ လေညှင်းကို ခံစားရင်း လက်ကျန် တစ်ခွက်ကို အပြတ်ရှင်းလိုက်ပါတယ်။ ဘဝမှာ ကျုပ် အိမ်ထောင်ဦးစီးအဖြစ်နဲ့နေလာတာ အနှစ်နှစ်ဆယ်ရှိပြီ။ သမီးလေး တစ်ယောက်ထွန်းကားပါတယ်။ သမီးလည်း အသက် (၁၈)နှစ်ရောက်လာလို့ တက္ကသိုလ်ကျောင်းသူကြီးဖားဖားဖြစ်လာပေါ့။ သမီးတက္ကသိုလ် တက်လို့ ချစ်သူရလာတဲ့အချိန်မှ ကိုယ်လည်း အသက် (၄၅)နှစ်ဖြစ်လာပြီပဲလို့ သတိထားမိခဲ့တယ်။ ကျုပ်ဇနီးသည်က အေးချမ်းတယ်၊ ပြောရရင် ကျုပ်တို့ဇနီးမောင်နှံက ဘဝကို ရဲဖော်ရဲဖက်အဖြစ် ရုန်းကန်လာခဲ့ကြတာ။ ကျုပ်က ဇနီးသည်ကို အားကိုးတယ်။ ပြောရင် မရယ်ပါနဲ့လေ၊ ကျုပ်လို မျက်စိတဖက်စောင်းနဲ့ ပုပုတက်တက်ကို ကြင်နာသနားစိတ်နဲ့ ခင်ပွန်းသည်အဖြစ်လက်ခံခဲ့တာပါ။ ငယ်ငယ်ကဆို ကျုပ်တို့ရွာမှာ ဇနီးလောင်းလေးကို ကြိုက်ကြတဲ့သူတွေက အများသား။ ကျုပ်လိုလူကို ဘယ်လာ မျက်စိထဲရှိပါ့မလဲ။ ကျုပ်ကတော့ တိတ်တဆိတ်ငေးနေရုံပေါ့။ ကိုယ့်အိုးနဲ့ ကိုယ့်ဆန်တန်ရုံဆိုတဲ့ စကားကလည်း ရှိသားကလား။
ဒီလိုနဲ့ လယ်ယာထွန်ယက်စိုက်ပျိုးနေရတဲ့ အချိန်တွေနဲ့ နေလာရင်း လယ်တောက အပြန်လမ်းတစ်နေရာမှာ ကျုပ်ကို ဟိုဘက်ရွာက သကောင့်သားတွေက ထန်းရည်မူးပြီး စကြတယ်၊ မျက်စိက စွေစောင်း၊ လူက ပေစောင်းစောင်း၊ အေးမြက ဂျလောင်းတဲ့။ အော် ပြောရအုံးမယ် အေးမြဆိုတာ ကျုပ်ရဲ့ ဇနီးလောင်းလေးပါ၊ နာမည် အပြည့်အစုံက အေးမြမြစံတဲ့။ သူတို့ပြောတာကို ကျုပ်လည်း ကြားတယ်၊ ရေခပ်ဖို့လာတဲ့ အေးမြကလည်း ကြားတယ်။ ကျုပ်က ဘာမှ မပြောပါဘူး၊ ရွာထဲကို ဆက်ဝင်လာတယ်၊ ဒါပေသည့် ကျုပ်ရဲ့ အေးမြက မနေဘူးခင်ဗျာ့။ ငါက ဘာလို့မောင်းရမှာလဲ၊ မောင်းရင်း မောင်း နင်တို့ကို မောင်းမှာ လို့ ပြောလိုက်သတဲ့ဗျာ။ ကျုပ်ဖြင့် ပျော်လိုက်ရတာဗျာ၊ ကွေးနေအောင် ကလိုက်ချင်မိသေးတယ်။
အေးမြက လာ ...ကိုရင် ရေခပ်သွားရအောင်တဲ့၊ ဟမလေး လိုက်မှာပေါ့။ ကျုပ်က ခပ်ပေး...အုံးမှာ။
အေးမြက လာ ...ကိုရင် ရေခပ်သွားရအောင်တဲ့၊ ဟမလေး လိုက်မှာပေါ့။ ကျုပ်က ခပ်ပေး...အုံးမှာ။
အင်း.... ပီတိပေါ့ဗျာ။ ကျုပ်လိုလူကို လူရာသွင်းတာ ကျုပ်ဇနီးလေးကို ကျေးဇူးတင်လို့မဆုံးပါဘူး။ တိုတိုပြော ကြပါစို့ရဲ့ဗျာ-အဲဒီနေ့ကနေ နောက် တစ်လ အကြာမှာ ကျုပ်တို့ ချစ်သူတွေဖြစ်သွားကြပါလေရော၊ နောက်ထပ် (၂)နှစ် လောက်ကြာတော့ ကျုပ်မှာ စုဆောင်းထားတာလေးတွေလည်း အတော်အသင့်ရှိပြီ ဖြစ်လို့ လက်ထပ်ကြဖို့ လူကြီးတွေကို ဖွင့်ပြောခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်က ကျုပ်ချစ်သူလေးကို အနားမှာ ရှိစေချင်တာနဲ့၊ အေးမြလို လှတဲ့သူကို ချုလိုကြတဲ့ ကာလသားတွေကလည်း ရှိတော့ကား၊ လက်နှေးနေလို့ဖြင့် မတော် ပေဘူးဆိုပြီး ကျုပ်တို့ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ခါစမှာ ကျုပ်အလုပ်လေးတွေကို အိမ်သူ သက်ထားလေးက ဝိုင်းကူ၊ ကျုပ်ကလည်း သူ့အပေါ်ကြင်နာလို့ အဆုံးနိုင်ကြဘူး ပေါ့။ တနေ့တော့ ကျုပ်မေးကြည့်တယ် ကျုပ်လိုလူကို ဘာကြောင့် ချစ်သလဲပေါ့။ အေးမြက ဒီလိုဖြေသဗျ၊ ကျုပ်က တော့ကို စိတ်ကို ချစ်တာတော့၊ ကျုပ်ပေါင်းရမှာက တော့ရဲ့စိတ်နဲ့ပေါင်းသင်းရမှာမို့လေ၊ နောက် ကိုရင်က အကျင့်စာရိတ္ထလည်း ကောင်းသကိုး၊ ရွာထဲမယ် နာမည်ပျက်လည်း မရှိဘူး၊ ပတ်ဝန်းကျင်ကို သည်းခံနိုင်တဲ့ ခံနိုင်ရည်စိတ်ထားလည်း ထားတတ်တယ်၊ အလုပ်ကိုလည်း ကြိုးစားတယ်၊ လူကြီးသူမတွေကိုလည်း ရိုသေတယ်၊ ဘာသာတရားလည်း ကိုင်းရှိင်းတယ်။ ဘဝဆိုတာ ဘာမှ ရေရာတာမဟုတ်ဘူး ကိုရင်၊ ဒီနေ့ ကိုရင် လယ်ယာလုပ်တာကောင်းပေမယ့်၊ နောက်နေ့ လယ်မှာ စပါးမအောင်သော မခက်လော၊ ဒါကြောင့် လူဆိုတာ တဒင်္ဂချမ်းသာတာတစ်ခုတည်း ကျုပ်တို့ မိန်းကလေးတွေက ကြည့်လို့မဖြစ်ဘူးတော့။ စိတ်စေတနာကောင်းခြင်းကိုလည်း ကြည့်ရပါသေးသတော့၊ ရေရှည်မှာ ကိုယ့်အပေါ် သစ္စာလည်း ထားနိုင်မှ၊ မေတ္တာလည်း မပျယ်မှ၊ နောက်လောကဓံကိုလည်း သည်းခံတတ်ရမယ်လေ ကိုရင်။ ကျုပ်တွက်တာ မမှားဘူးဆိုရင် ကိုရင်နဲ့ ကျုပ်တို့ ဘဝလမ်းခရီးမှာ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ကြမှာပါတော်။ အော် အေးမြရယ် နင်တွေးတတ်လှချည်လား၊ အမြော်အမြင်ကြီးလိုက်တာကွယ်၊ စိတ်ချပါ ကျုပ်အသက်ရှင်နေသ၍ သစ္စာလည်း ရှိပါ့မယ်၊ မေတ္တာလည်း မပျယ်စေရပါဘူးလို့ ကတိပေးပါရဲ့။ ဒါတွေက ကျုပ်တို့ အိမ်ထောင်ဦးမှသည် ယနေ့အထိ အမြဲတည်တံ့စေခဲ့တဲ့ စကားတွေပါပဲဗျာ။
အခုတော့ ကျုပ်တို့ မြို့ကို ရောက်လာကြပြီ၊ မြို့မှာ ဈေးဆိုင်လေးဖွင့်ထားတယ်၊ ကျုပ်က နေပူစပ်ခါး တွန်းလှည်းလေးနဲ့ ရောင်း၊ ဇနီးအလှကိုတော့ နေရိပ်မှာပဲ ရောင်းစေပါတယ်။ မြို့တော်ကြီးမှာ အကြွေးနဲ့ ဝယ်ခွင့်ရတဲ့ ကားလေးတစ်စင်းဝယ်ထားပါတယ်၊ လယ်ယာအချိန်မှာ တောကိုပြန် လယ်ဝိုင်းစိုက်ပေး၊ ကျန်တဲ့အချိန်တော့ ရွာက စာရင်းငှားများနဲ့ အပ်ခဲ့ရသပ။ အေးမြဘက် အမျိုးတွေနဲ့ ကျုပ်တို့အမျိုးတွေ ကလည်း ဝိုင်းကြည့်ပေးကြတာပေါ့။ ကျုပ်တို့ သမီးလေး ရှေ့ရေးအတွက် စုစုဆောင်းဆောင်းလေး ပြင်ဆင်ထားရတာပေါ့။ ကျုပ်ဇနီးမှာလည်း ကျုပ်ကို ပြုစုရ၊ သူ့သမီးကို စောင့်ရှောက်ရနဲ့ မနားရရှာဘူး။ တခြားလူတွေကတော့ ပြောကြတယ် မိန်းမယူပြီးရင် ကိုယ့်မိန်းမလွဲလို့ ကျန်တဲ့မိန်းမ အကုန်လှသတဲ့ဗျား၊ ကျုပ်ကတော့ အဲသလိုမထင်ဘူး ကျုပ်မိန်းမကို ဘယ်ချိန်ကြည့်ကြည့် ပင်ပန်းနေတဲ့အချိန်ကြည့်လဲ တစ်မျိုးလှတယ်ထင်တာပဲ၊ ပင်ပန်းလို့ အိပ်မောကြနေချိန် သူမ ဟောက်သံလေးက အခုထိ နားထဲ ချော့သိပ်နေသလို ထင်နေတုန်းပဲ၊ ကျုပ်ကို နားလည်ပေးနိုင်တဲ့ မိန်းမ ကမ္ဘာပေါ်မှာ ဘယ်နားသွားရှာရအုံးမလဲ ပြောစမ်းပါအုံးလေ။ တစ်ခါတလေ ကျုပ်လက်ပေါ် ခေါင်းတင်လို့ ကွေးကွေးလေး အိပ်ပျော်နေတုန်း ခြင်ကိုက်တာတောင် မလှုပ်ရှားဝံ့ဘူး၊ သနားစရာကောင်းလိုက်တဲ့ မိန်းမ။ ကျုပ်လိုကောင်ကို ညနေတိုင်း ဘီယာတစ်ပုလင်းလောက် မော့ဖို့ ခွင့်ပြုထားလေရဲ့၊ အဟဲ ဟဲ။ ဒါလေးလည်း တစ်မျိုးချစ်စရာ။ ကျုပ်ဘယ်ကိုသွားသွား ကျုပ်မိသားစုနဲ့ သွားရမှဗျ။ ကျုပ်တို့ ဇနီးမောင်နှံနဲ့ သမီးလေးတို့ ဘာသာရေးလုပ်လည်း အတူတူ၊ အလည်အပတ် သွားကြလည်း အတူတူ၊ ပြောရရင်တော့ လွန်မယ်မထင်နဲ့ ကျုပ်ဘေးမှာ ခပ်လှမ်းလှမ်းမှာပဲဖြစ်ဖြစ် ကျုပ်ဇနီးလေး ရှိနေမှ ဘဝမှာ ကျေနပ်စရာ ကောင်းတယ်လို့ကို ထင်တာ။ ကျုပ်တို့က နိဗ္ဗာန်သွားရင်လည်း အတူတူသွားအုံးမှာဗျနော့။ ပြောပြရရင်တော့ဗျာ ကျုပ်တို့ ကစစ်တဲ့ မေတ္တာတွေနဲ့ ဘဝလေးကို တည်ဆောက်ခဲ့ကြတာပါ၊ ပြန်လည်တွေးမိတိုင်း ပီတိဖြစ်ရသဗျာ။
ဘဝမှာ အနေတတ်ရင် ကျေနပ်စရာပါ။
တေးဆို-ဟန်ထူးလွင် မယ်တင် တေးရေး-အရိုး
တေးဆို-ဟန်ထူးလွင် မယ်တင် တေးရေး-အရိုး
တေးဆို-ဂရေဟမ်+ ရတနာဦး တေးရေး-အဉ္ဖလီမောင်မောင်
အေးအတူ ပူအမျှ ဒို့ဘဝလေးမှာ။
(တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ကျမရဲ့ အိမ်ရှေ့မှ ဈေးသည် ဇနီးမောင်နှံတို့၏ ဘဝဇာတ်လမ်းလေးကို ဇနီးမောင်နှံတို့ အားကျစေရန် အတွက်လည်းကောင်း ရေးသား တင်ဆက်လိုက်ရခြင်းဖြစ်ပါသည်။
တင်ဆက်သူ - ခရစ်တလ်)
တင်ဆက်သူ - ခရစ်တလ်)
No comments:
Post a Comment