သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, March 1, 2010

သူမတို့၏ ဘဝနှင့် ခံယူချက် (ဘဝဇာတ်ခုံ)

လူတိုင်း ကိုယ့်လျှောက်လှမ်းရမယ့် ပန်းတိုင်တို့ ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေ ရှိသလို သူမလေးတို့ထံမှာလည်း ဘဝနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ ရှိနေကြပါတယ်။ တစ်ခါက ကျမနဲ့ သူတို့ ပထမဆုံး စတင်ဆုံဆည်းကြစဉ်  “အားလုံးမင်္ဂလာပါ၊ ညီမလေးတို့နဲ့ တွေ့ရတာဝမ်းသာပါတယ်” နှုတ်ဆက်စကားဆိုတော့ နာကျင်နေတဲ့ မျက်နှာတစ်ချို့နဲ့ “သမီးတို့ကတော့ ဝမ်းမသာပါဘူး၊ အထူးအဖြင့် အစ်မတို့လို ပညာတတ်တဲ့ မိန်းမတွေနဲ့ ပိုမတွေ့ချင်ဘူး” လို့ပြောပါတယ်။ ကျမ ဘာဖြစ်လို့ပါလိမ့်ဆိုတာကို အပြေးအလွှားသိချင်လာပါတယ်။ သူမက ဆက်ပြောပါတယ်၊ “ဆရာမတို့ လာမယ်၊ ပညာပေးတွေ ပြောမယ်၊ နောက် ဆုံးမမယ် ဒါတွေပဲ မဟုတ်လား၊ ညက အလုပ်ဆင်းထားရတယ်၊ ဒီအချိန်က ကျမတို့နားတဲအချိန်လေ။ အစ်မ ခပ်မြန်မြန်ပြောပြီးရင် ပြန်ပါတော့” ၊ ကျမက “အို အားနာစရာကွယ်၊ အစ်မက ပညာပေးဖို့လာခဲ့တာမဟုတ်ပါဘူး၊ သမီးတို့လေးတွေ ပြောပြတာတွေ နားထောင်ချင်လို့ပါ၊ ဥပမာ-ခုနတုန်းက အစ်မတို့လို မိန်းမတွေကို မတွေ့ချင်တဲ့အကြောင်းကို ပြောပြပါလား” လို့ စကားကို လမ်းကြောင်းပေးလိုက်ပါတယ်။ ဘေးက ကောင်မလေးတွေကတော့ အားနာနေပုံရပါတယ်၊ ဆရာမကို အားနာစရာ နင် ဒီလိုမပြောပါနဲ့လို့ ဝိုင်းပြောကြပါတယ်၊ ကျမစကားလမ်းကြောင်းပေးလိုက်တော့ ကလေးမလေးက ကျမကို တစ်ချက်ကြည့် လိုက်ပြီး မာကြောတင်းမာနေသော မျက်နှာလေး တစ်ချက် လျော့ကျသွားပါတယ်။ ပြီးတော့ မျက်လွှာလေးချရင်း စတင်ရင်ဖွင့်ပြောရှာပါတယ်။
“ဆရာမတို့လို မိန်းမတွေနဲ့ မတွေ့ချင်ပါဘူး၊ သမီးတို့ ဘဝက နိမ့်ကျလှပါတယ်၊ ယောကျာ်းတွေရှေ့မှာ သမီးတို့ မရှက်ဘူး၊ ဆရာမတို့လို မိန်းမတွေ ရှေ့မှာတော့ ကိုယ့်ဘဝကို အလွန်ရှက်ပါတယ်၊ သမီးတို့က ယောက်ျားတွေကို အရှက်မရှိ ပြုစုတတ်ပါတယ်၊ အစ်မတို့နဲ့ စကားပြောဖို့ကိုတော့ ဝမ်းနည်း နာကျင်နေပါတယ်။ ဘာလို့ သမီးတို့က ဒီလို ဘဝရောက်ခဲ့တာလဲ။ ဆရာမတို့လိုမိန်းမတွေက ကံကောင်းနေကြပြီး သမီးတို့က ဘာလို့ ကံမကောင်းရတာလဲ။ သမီးတို့ကို ဆရာမတို့လို မိန်းမတွေက အထင်သေးကြ နှာခေါင်းရှုံကြနဲ့ ရွံ့ရှာကြရတာ၊ ဆရာမက သမီးတို့လို မဖြစ်ဖူးတော့ ဘယ်လိုလုပ် ကိုယ်ချင်းစာနိုင်မလဲ” လို့ ပြောရင်း မျက်ရည်တွေ ကျလာပါတယ်၊ ဒီတော့ ကျမက သူမကို ထွေးပွေ့ထားရင်း မြတ်စွာဘုရားလက်ထက် သီရိမာအကြောင်းကို ပုံပြင်အနေနဲ့ ပြောပြလိုက်ပါတယ်။ သူ့ကျောလေးကို သတ်ပေးရင်း အငိုတိတ်တော့မှ “သမီးပြောသလို ဆရာမတို့က အလွယ်တကူ ကိုယ်ချင်းမစာနိုင်ပေမယ့် ငဲ့ညှာမှု ဆိုတာလေးတော့ ရှိမယ်လို့ ယုံကြည်တယ်ဆိုရင် အစ်မကို သမီးတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်လို့ အစ်မကို ဗဟုသုတရအောင် ပြောပြပါအုံး၊ အစ်မလည်း ဒီလိုသိတော့မှ သမီးတို့ကို အကြံပေးတာတွေ နားလည်မှုတွေ ပိုပြီးပေးနိုင်အောင်ပါ” ဒီတော့မှ သူမတို့တွေရဲ့ ခံယူချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ယုံကြည်ချက်တွေကို နားထောင် ကြည့်ရအောင်နော်။
သူတိုရဲ့ အနာဂတ်အမြင်
“သမီးကတော့ ပိုက်ဆံလေး နဲနဲစုနေတယ်၊ သမီးကို ကြိုက်နေတဲ့ ပန်းရံလုပ်နေတဲ့ ကောင်လေးနဲ့ လက်ထပ်ဖို့ပါ၊ ကောင်လေးက သမီး ဒီအလုပ်ကို လုပ်နေတာမသိဘူး၊ သူလည်း ပိုက်ဆံစုနေပါတယ်၊ သူက နယ်ကနေ အလုပ် လာလုပ်နေတာပါ။ သူနဲ့ သမီး တွေ့တာက အလုပ်သွားဆင်းတာ ပြန်လာရင်း သူက နယ်ကဆိုတော့ ပန်းရံအလုပ်ဆင်းဖို့ နေရာကို လိုက်ပြပေးရင်း သိသွားတာပါ။ သမီးတို့ ပိုက်ဆံစုပြီးရင် ဘုန်းကြီးကျောင်းလေးမှာ ဆွမ်းကပ်ပြီး လက်ထပ်လိုက်ကြမယ်။ အခု သမီး သွေးစစ်နေတယ် ဆရာမ၊ အရင်လက ကာလသားပိုးတွေ့လို့ ဆေးကုထားရတယ်၊ အခုတော့ အေပိုးပါ စစ်ထားပါတယ်၊ ကောင်လေးကို မကူးအောင်ပေါ့။ အကယ်၍ သွေးစစ်အဖြေအောင်ရင်တော့ လက်ထပ်ဖြစ်မယ်၊ တခြားမြို့ကို ပြောင်းသွားပါ့မယ်၊ အဖြေမအောင်ရင်တော့ ကျမပဲ ထွက်သွားရမယ်၊ ကောင်လေးက အတူနေချင်နေတယ်၊ ကျမက ကိုယ့်အကြောင်းနဲ့ကိုမို့ သူ့ကို ပေးမနေရဲပါဘူး ဆရာမရေ။ ကံပေါ့လေ ဘယ်တတ်နိုင်ပါ့မလဲ။ ဆရာမကို ဖိတ်စာပို့ရင် လာခဲ့ရမယ်နော်”။
သမီးကတော့ တစ်လကို လေးယောက်လောက် ပုံမှန် ဖောက်သည်ရှိပါတယ်။ တစ်ယောက်ကို သုံးသောင်း တစ်လစာ ကြိုယူပါတယ်။ ပုံမှန်လာမယ့် ရက်သတ်မှတ်ထားပါတယ်။ နောက်တော့ ပိုက်ဆံစုမိလို့ အကြွေးကြေရင်ပဲဖြစ်ဖြစ် လူလျှော့သွားမယ်၊ ပုံမှန်ဖောက်သည်တွေကလည်း သူတို့ အလုပ်ကောင်းမှ လာကြတာပါ၊ အလုပ်အဆင်မပြေရင်လည်း မလာကြတော့ သမီးက လမ်းထွက်ပြီး ကြိုကြား ထွက်ရှာရတာတွေရှိပါတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ မသေချာသေးပါဘူး၊ ကာလသားပိုးကတော့ ဆေးကို မှန်မှန်မကုဖြစ်လို့ အမြဲသွေးစစ်တိုင်း ရှိနေပါတယ်၊ အေတော့ မစစ်ရသေးဘူး၊ လကုန်ရင်တော့ အဖွဲ့အစည်းတစ်ခုက စစ်ပေးမယ်လို့ ပြောပါတယ်၊ ရှိနေတော့လည်း ရှိပေါ့ ဆရာမရယ်၊ ဝက်ဖြစ်မှ တော့ မစင် ကြောက်မနေတော့ပါဘူး။ ဧည့်သည်တွေလည်း သူတို့ အကုသိုလ်များလို့ သမီးတို့ဆီကို ရောက်လာကြတာ။ ကွန်ဒုံးမသုံးလို့ ရသွားလည်း သူတို့ ကံပဲပေါ့။ သမီးတို့ကတော့ သေလည်း မထူး၊ နေလည်း မထူးပါဘူး၊ သူတို့ မိသားစုတွေကိုတော့ သနားပါရဲ့။ သူတို့ ကံကြမ္မာကို သူတို့ ဖန်တီးကြတာပဲလေ။
သမီးက တစ်လကို ငါးသောင်းလောက်စုပြီး မိသားစုကို ထောက်ပံ့ရတယ်၊ သမီးက အကြီးဆုံးသမီးပါ။ အောက်က အငယ်တွေ ကျောင်းနေကြသေးတယ်။ အဖေက မရှိတော့ဘူး၊ အမေကလည်း စီးပွါးရေး မလုပ်တတ်တော့ သမီးကပဲ ရှာဖွေကျွေးပါတယ်၊ တစ်ခါတစ်လေလည်း ငါးသောင်းထက်ပိုရတယ်၊ မိသားစုကို ထောက်ပံ့လို့ ရနိုင်ရုံပါ။ ငွေလေးစုပြီး ထမင်းဆိုင်လေး ဖွင့်မယ်စိတ်ကူးတယ်၊ စုတဲ့ဆီကိုတော့ မရောက်သေးဘူး။ ကာလသားပိုးကတော့ ဖြစ်နေပြီ၊ အေတော့ မကိုက်သေးဘူး။
သမီးရဲ့ ဖောက်သည်တွေထဲမှာ ရည်ရည်မွန်မွန်တစ်ယောက်လောက်ကို ချိတ်လိုက်မယ် စိတ်ကူးတာပဲ။ သွေးကတော့ စစ်နေတုန်းပဲ။ အဖြေမသိရသေးဘူး။ သွေးစစ်ပေးတဲ့ အဖွဲ့တွေက ရအောင်သမီးတို့ကို ရှာပြီးစစ်တော့တာပဲလေ။ နောက်နေ့ အဖြေသွားယူရမယ်။ တစ်ချို့ဧည့်သည်တွေထဲမှာ လူခပ်ရိုးရိုးတွေပါတယ် ဆရာမ၊ ကျမတို့ သနားအောင် ပြောရင် ယုံကြတာပဲ၊ ဘယ်လို ဘဝတွေ ပျက်ခဲ့တာပါလို့ ပြောလိုက်တာနဲ့ မုန့်ဖိုးဆိုပြီး ပေးသေးတယ်။ ကိုယ်ကလည်း လုပ်ကိုင်မစားတတ်တော့ အဲလို ယောကျာ်းမျိုးရှာရတာက ပိုလွယ်မယ်ထင်တာပဲ။ အများကြီးတော့ မစဉ်းစား ထားချင်ဘူး၊ အေကိုက်လို့ သေရင်လည်း ကျော်သူတို့ ရှိနေတာပဲ၊ သူတို့ သဂြိုလ်ပေးလိမ့်မယ်လေ။ 
အေကိုက်တာ မကိုက်တာတွေတော့ မထူးဆန်းပါဘူး၊ သမီးတို့ဘဝတွေက။ သမီးဆို အလုပ်စလုပ်ပြီး ခြောက်လကတည်းက ပိုးတွေ့တယ်ပြောတယ်။ အခုတစ်နှစ်ခွဲရှိပြီ၊ ဆရာ ဆရာမတွေက ဘယ်နေထိုင်စားသောက်ရမယ်တွေ ပြောပါတယ်၊ ဆေးခန်းသွားပြရင် ဆန်ပေးတယ်၊ ငွေပေးတယ်၊ ငွေထုတ်ချေးတာတွေလည်း လုပ်တယ်၊ ဒါပေမယ့် သမီးတို့က အသုံးကို မလျော့နိုင်တော့ဘူးလေ၊ သူတို့ ငွေထုတ်ချေးပေမယ့်လည်း အသုံးကို မလျော့နိုင်တော့ဘူး။ ငွေချေးတယ်ဆိုတာ အလုပ် လုပ်ကိုင်စားသောက်ဖို့ပါ၊ နေပူစပ်ခါးမှာ မလုပ်နိုင်တော့ဘူး၊ အပင်ပန်းမခံနိုင်တော့ဘူး၊ ဒီအလုပ် လုပ်ရတာ နာမည်သာ ဆိုးတာပါ ဆရာမရယ်၊ ဧည့်သည်က ခေါ်သွားရင် တည်းခိုခန်းမှာ အဲကွန်းနဲ့နေရတာ၊ စမတ်ကို ကျလို့။ ကိုယ့်အိမ်မှာ မိုးရာသီဆိုရင် မိုးယိုနေသေး၊ နွေရာသီဆိုရင် ပိုပြီး အလုပ်လုပ်ချင်တယ်၊ ပူလို့လေ။ တခါတလေ နိုင်ငံခြားသားနဲ့ တွေ့တာလည်း ရှိတယ်။ သူတို့ကတော့ အကာအကွယ်အပြည့်နဲ့ လူလည်ကြီးတွေ။ သူတို့နဲ့ဆိုရင်တော့ တည်းခိုခန်းကောင်းကောင်းမှာတောင် အိပ်ဖူးတယ်။ ဆရာမတို့တောင် အိပ်ဖူးမှာမဟုတ်ဘူး။ ဟား ဟား....။ နောက်အရက်မူးတဲ့ နိုင်ငံခြားသားနဲ့ တွေ့လို့ကတော့ ဟန်ကျတာပဲ။ သမီးတို့ သက်သာတယ်လေ၊ နောက် မူးပြီး အိပ်ပျော်သွားရော။ သူတို့ ပိုက်ဆံအိတ်ကို မွှေပြီး အတန်ကြီး နှစ်ရွက်လောက်ကို မိန်းမကိုယ်ထဲကို ခေါက်ထည့်ပြီး ယူလာခဲ့တာပေါ့။ နာလိုက်တာ ဆရာမရေ၊ ဟိုတယ်ဝန်ထမ်းတွေက သမီးတို့ကို သိတယ်လေ၊ သမီးတစ်ယောက်ထဲ ထွက်လာတော့ စစ်လိုက်ကြတာ တစ်ကိုယ်လုံး။ သမီးအကြံက မပိုင်ဘူးလား။ နောက် အများသုံးအိမ်သာရောက်မှ ပြန်ထုတ်ပြီး၊ သမီးတို့ ရောင်းတဲ့နေရာတွေမှာ သွားရောင်း ရတာ။ အဲဒီလက ဒန်ပေါက်ဆိုလည်း အဝစားပစ်လိုက်တယ်။ ကလပ် သွားတက် လိုက်သေးတယ်။ အလုပ် မလုပ်ပဲ နှစ်ပတ်လောက် နားလိုက်ရတယ်။ သုံးလို့ကောင်းမှ ကောင်း။
ဆက်လက်ဖော်ပြပါအုံးမည်...

4 comments:

မော်ကွန်းသစ် said...

စောင့်မျှော်နေပါတယ်။ ကျေးဇူးပါ။ ကျန်းမာပါစေ။

ရွာဦးကျောင်း ဆရာတော် said...

သုံးရာသီလုံးလုံး တစ်တောလုံး မှောင်ခဲ့သူပါရှင်၊ လောကကြိးဆီက အနုတ်လက္ခဏာတွေက လွဲလို့၊ ကျန်တာတွေ ဘာမှမရခဲ့သူပေါ့၊ ကံကြမ္မာက အရွတ်တိုက်လှောင်ပြောင်၊ ကောင်းသောလာခြင်းတွေအားလုံး မှောင်ခဲ့ရပါတယ်...ရှင်။

လိုင် said...

အတော်ကောင်းပါတယ်

ကိုချစ်ဖေ said...

တကယ့်အဖြစ်ဆိုးတွေပါ ဘယ်တော့ ကိုယ့်မိသားစု ထဲကိုရောက်လာမလဲ တထင့်ထင့်နဲ့ပါပဲ.ဗျာ