သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Tuesday, March 2, 2010

တစ်ခန်းရပ်ပြဇာတ်-ဘဝဇာတ်ခုံ

ဟလို ဟုတ်ကဲ့ ရှိပါတယ်၊ ဆရာရေ ဖုန်း။
ဟုတ်ကဲ့ ပြောပါခင်ဗျာ။
အစ်ကိုလား သက်ထားပါရှင်၊ အစ်ကို အားမယ်ဆိုရင် ညီမတို့ ဆိုင်ကို ညနေရုံးဆင်းရင် လာခဲ့ပေးပါနော်။ အရေးကြီးလို့ပါ။
အော် အင်း အင်း တခြား ချိန်းထားတာတော့ မရှိသေးဘူး လာခဲ့မယ်လေ။
သို့နှင့် အင်ဂျီနီယာ ကိုကိုဦးသည် ခေါင်းလျှော် ဆံပင်ညှပ်ဆိုင်တစ်ခုသို့ ရုံးအဆင်း တစ်ကိုယ်တည်း ထွက်ခဲ့လာ၏။ အရင်က သူငယ်ချင်းများ အခေါ်ကောင်းသဖြင့် ဆိုင်သို့ သုံးကြိမ်မျှသာ ရောက်ဖူးခဲ့ပါသည်။ ပထမတစ်ကြိမ်က ဆံပင်ညှပ်လို့ရောက်ခဲ့၊ နောက်တစ်ကြိမ်ကတော့ အိုင်တီသမားဖြစ်သည့်အလျှောက် အညောင်းမိမှုများက နှိပ်စက်သောကြောင့် ဤဆိုင်တွင် ခေါင်းလည်းလျှော် အနှိပ်လည်း ကောင်းကြောင်း သူငယ်ချင်းများ အပို့ကောင်းသဖြင့် အနှိပ်ခံဖြစ်ခဲ့ပါ၏။ နောက်ဆုံးတစ်ကြိမ်ကတော့ သူငယ်ချင်းတွေက စုံမိတော့ သောက်ကြ၊ သောက်ရာမှ အပြန် အနှိပ်ခံကြမည်ဆိုသဖြင့် သူတို့ အုပ်စုလိုက် ယင်းဆိုင်သို့ပင် ခြေဦးလှည့်ခဲ့ကြပေသည်။ ထိုညတွင် သူ့ကို ဆံပင်ညှပ် ခေါင်းလျှော် နှိပ်ပေးလေ့ရှိသော သက်ထားနှင့် အရင်းနှီးဆုံးအခြေအနေသို့ ဆိုက်ရောက်ရလေတော့သည်။ သူငယ်ချင်းများလည်း အသီးသီး ထွက်ခွာ သွားကြလေသော သူနဲ့ သက်ထားကို ဆိုင်တွင် သော့ပိတ်ခါ သွားကြလေသည်။ လူကလည်း မူးနေ၊ သက်ထားကလည်း နှိပ်ခြင်း အတတ်ပညာကလည်းတော်နှင့် စိတ်၏ စေစားရာ ထိန်းချုပ်မှုတွေက ပျောက်ကွယ်ခဲ့ရလေတော့သည်။ ထိုအကြောင်းများနဲ့ မျက်နှာပူသည်က တစ်ကြောင်း၊ ချစ်သူမှ လွဲလျှင် အခြားမိန်းကလေးများကို စိတ်မဝင်စားခဲ့ရာမှ ယခုလို အဖြစ်ကို ရောက်ခဲ့ခြင်းက မိမိကိုယ်မိမိလည်း ခွင့်မလွှတ်နိုင် ဖြစ်ချေတော့သည်။
ယခုမူ သက်ထားထံမှ ဖုန်းဆက်သည်ဆိုခြင်းက ဘာကြောင့်ပါလဲ စဉ်းစားလို့မရနိုင်ပေ။ မျက်နှာပူလို့ မသွားဖြစ်ခဲ့တာ တစ်လ နှစ်လတောင် ရှိပြီ၊ ဖြစ်ခဲ့သော နေ့ကလည်း သူတို့ထုံးစံထက်ပိုသော ငွေကြေး ကိုလည်း ပေးခဲ့ပြီးပြီ။ ဘာကြောင့်များပါလိမ့်ဆိုသော အတွေးများနှင့် ဆိုင်ရှေ့တွင် အငှားကားကို ရပ်ခိုင်းလိုက်၏။ ဆိုင်ထဲတွင် ဆိုင်ပိုင်ရှင်အစ်မကို တွေ့ရသော “အစ်ကိုဦးကြီး လာတယ်...ဟေ့”။ သူတို့ ဘာကြောင့် ပျော်နေပါလိမ့်။ သက်ထားက အနွေးထည်လေး ဝတ်၍ ထွက်လာကာ “အစ်ကို အပြင်မှာ စကားသွားပြောရအောင်နော်”။ အင်းလေ သွားပေါ့၊ နေအုံး ဘယ်သွားမှာလဲ၊ အော် ဘယ်သွားချင်တာလဲ။ သူမက ခေါင်းငုံ့ကာ တိတ်ဆိတ်တဲ့နေရာဆိုပိုကောင်းမယ် အစ်ကိုတဲ့။ နောက် သူမအဖော်များက အစ်ကိုဦးရေ ပြန်လိုက်ပို့ရင် မုန့်တွေ ဝယ်ခဲ့နော် တဲ့။ ဘာတွေတုန်းဗျ၊ ဘာတွေလဲ။ နားမလည်နိုင်တော့ပြီ။ ကဲ ကဲ သွားဆိုလည်း သွားကြတာပေါ့။ လူအနည်းငယ်ရှင်းသော အင်းလျားလမ်းဘက်က ဆိုင်တစ်ခုကို ရွေးကာ ထိုင်မိကြတယ်။ မှာစရာရှိတာမှာကြရင်း ကဲပြောပါအုံး အစ်ကို့ကို ခေါ်ရတဲ့ အကြောင်းလေး။

အသိတွေ နေမဝင်မိစေနဲ့ပေါ့။

ဒီတော့ သူမလက်ထဲတွင် အထူးကုဆေးခန်းတွင် ဆေးစစ်ထားသော စာရွက်ခေါက်ကို ပေးဖတ်၏။ အော် သက်ထားမှာ ကိုယ်ဝန်ရှိနေတာပဲ။ ဒါကြောင့် အနွေးထည် ဝတ်ထားတာလား၊ သူ့အမေးကို ရှက်ဖွယ်ဖြင့် အစ်ကိုရော မပျော်ဘူးလားဟု မေးသောအခါ သံသယတို့က ရင်ဝကို ဆောင့်ကန်လေပြီ။ ဘာ... ဘာဖြစ်လို့လဲ။ အစ်ကို ကလေးပါ တဲ့ဗျာ။ သေရော သေပြီ သေသာ သေလိုက်ချင်တော့တယ်။ ရုတ်တရက် မတ်တပ်ထရပ်မိကာ အော်လိုက်မိတယ်။ နောက်မှ နေပါအုံး ပြောပြစမ်းပါအုံး၊ ဘယ်လိုဖြစ် ကုန်တယ် ဆိုတာကို ငါနားမလည်နိုင်လွန်းလို့ပါ။ သူမကို ကြည့်မိတော့ မတုန်မလှုပ်နှင့်။ ပြောဆိုလည်း ပြောပါ့မယ် အစ်ကို။ စိတ်အေးအေးထားပြီး နားထောင်ပါတဲ့။
သက်ထားက အစ်ကို ဆံပင်စညှပ်ဖို့ လာကတည်းက အစ်ကိုက လူကောင်းမှန်း သိပါတယ်။ အခြားကျားသတ္တဝါတွေလို မဟုတ်ဘူး၊ အနေတည်တယ်၊ လက်မဆော့ဘူး။ ပါးစပ်လည်း မသရမ်းဘူး။ မိန်းကလေးတွေ စိတ်ဝင်စားမယ့် အစား အစ်ကို ပင်ပန်းလာလို့ ငိုက်တောင်နေရှာတယ်။ အဲဒီကစပြီး သက်ထားရဲ့ ဘဝမှာ ဒီလို ရိုးသားတဲ့ ယောက်ျားလေးတွေ ရှိသေးတာပဲလို့ စိတ်ဝင်စားမိခဲ့တယ်။ နောက် အစ်ကို သူငယ်ချင်းတွေက နေ့တိုင်းလောက် လာခဲ့ပေမယ့် အစ်ကိုက မလာခဲ့ဘူး၊ ဒီအချိန်တွေမှာ အစ်ကို အကြောင်းကို စုံစမ်းဖြစ်ပါတယ်။ အစ်ကိုရဲ့ ရိုးသားမှုကို အစ်ကို သူငယ်ချင်းတွေဆီက သိခဲ့ရပါတယ်။ မိန်းကလေးတွေနဲ့လည်း အရှုပ်အရှင်း မရှိကြောင်းကို သိခဲ့ရပါတယ်။ နောက် အစ်ကို ချစ်သူက ဒီမှာလည်း မရှိဘူး၊ နယ်မြို့မှာ ရောက်နေတယ်ဆိုတော့၊ အစ်ကို့ကို ပိုသနားသွားမိတယ်။ ဒါကြောင့် ညီမက အရင်တုန်းက လာတဲ့သူတွေနဲ့တောင် အတူမနေတော့ပဲ အစ်ကိုနဲ့နေဖို့ကို အကြောင်းရှာ နေရသူပါ။ မထင်မှတ်ပဲ အစ်ကိုတို့ ဟိုးနေ့ညက ရောက်လာခဲ့တော့ သက်ထား တော်တော်လေး ဝမ်းသာသွားရတာပါ အစ်ကို။ ပိုက်ဆံကိုလည်း မယူချင်ပါဘူး၊ ဒါပေမယ့် အစ်ကို အတင်းပေးလို့ ယူလိုက်ရပါတယ်။ သက်ထား အစ်ကို့ ပိုက်ဆံကို သိမ်းထားပါတယ်။ အစ်ကိုနဲ့ နေပြီးနောက်ပိုင်းလည်း ဘယ်သူနဲ့မှ ထပ်မနေတော့ပါဘူး။ တကယ်ပါ အစ်ကို၊ မယုံရင် ဆိုင်ရှင်အစ်မကို မေးကြည့်ပါနော်။ အစ်မက ဧည့်သည် လက်မခံလို့ သက်ထားကိုတောင် လက်မခံချင်တော့တာပါ။ ဟိုတနေ့က အန်တော့မှာ ဆေးခန်းသွားပြရင်း ကိုယ်ဝန်ရှိသလား စစ်ဖို့ ပြောလို့ စစ်လိုက်တော့ ....ဒီလိုဖြစ်ရတာပါ။
တော်ပါတော့........ကလေးမ။ အိမ်ထောင်ပြုတယ် ကလေးမွေးတယ်ဆိုတာ လွယ်လွယ်လေး ဘာလို့ တွေးသလဲ၊ နောက် ကလေးမရအောင် ဆောင်တာ ရှောင်တာတွေက မင်းတို့ အလုပ်မဟုတ်ဘူးလား။
သက်ထားက အစ်ကို့ကို ချစ်မိတော့ ဘာမှ မကာကွယ်တော့တာပါ။ နောက် အစ်ကိုက လက်မခံရင်လည်း ကလေးကို သက်ထား ရွာမှာပဲ ပြန်မွေးပါ့မယ်။ သက်ထားကတော့ ကလေးကို ရအောင်မွေးမယ်လို့ ဆုံးဖြတ် ထားပါတယ် အစ်ကို။
ဒီမယ် သက်ထား၊ လွယ်လွယ်မတွေးပါနဲ့။ အရာရာကိုလည်း ခေါင်းမမာပါနဲ့။ ဒီကိုယ်ဝန်က အစ်ကိုနဲ့ရတယ်ပဲ ဆိုပါတော့၊ ကလေးမွေးလာရင် အစ်ကို ကလေး ဟုတ်မဟုတ် စစ်ကြည့်မှာနော်။ အစ်ကိုက ညာပြောတာကို ခွင့်လွှတ်မယ် မထင်နဲ့။
စိတ်ချပါအစ်ကိုရယ်၊ မညာရပါဘူး၊ အစ်ကို ကလေးအစစ်ပါ။ ယုံပါ။ သက်ထားကို တရားဝင်လက်ထပ် မယူလည်း ရပါတယ် အစ်ကိုရယ်။
သူမသည် ယခုမှ ငို၏။
သွားလေပြီ၊ ယခုနှစ်အကုန်တွင် ချစ်သူနှင့် မင်္ဂလာဆောင်ရန် ကိစ္စများ၊ ချစ်သူအပေါ် သူထားခဲ့လေသော ချစ်ခြင်းမေတ္တာများ၊ ချစ်သူ၏ မြတ်နိုးမှုများ၊ မိမိ၏ တဒင်္ဂစိတ်လွတ်မှုကြောင့် ဒုက္ခတွေတော့ များပြီ။
သက်ထား နင်ဘာတွေ သိလို့ ဒီလိုလုပ်ရတာလဲ၊ ငါ့ဘဝပျက်ပါပြီ။ ငါ အသိလွတ်မှုက င့ါဘဝကို သတ်တာလား၊ နင်ရဲ့ မစူးစမ်းမဆင်ခြင်မှုက ငါ့ဘဝကို သတ်လေသလား။ ကဲ နင်ပြန်တော့ ဒီမှာ ကားခ။ အခုအချိန်မှာ ငါတစ်ယောက်တည်းပဲ နေချင်တယ်။ လိုအပ်ရင် င့ါဖုန်းကို ဆက်ပါ။ ငါ ဒီရက်ပိုင်းအတွင်း ပြန်ဆက်သွယ်ပါ့မယ်။ ပြန်တော့၊ ကျန်းမာရေး ဂရုစိုက်ပါ။ နင်တော်တော် ရက်စက်တယ်....သက်ထား။
သူမသည် ပိုက်ဆံကို ယူကာ အစ်ကို သိပ်တော့ မကြာပါနဲ့၊ ကိုယ်ဝန်နဲ့မို့ ဆိုင်မှာ အလုပ်နားနေရပါတယ်၊ အစ်ကိုဆီက အဖြေကို စောင့်ပါ့မယ်။ အစ်ကို လက်မခံရင် ရွာပြန်ရတော့မှာမို့ပါ။
ခေါင်းညိတ်ပြမိသည် ထင်ပါတယ်။ စိတ်နဲ့ လူနဲ့လည်း မကပ်နိုင်တော့ပြီ။ ချစ်သူ၏ မျက်နှာလေးကို မြင်ယောင်မိတော့ ရင်မှာ တစစ်စစ် နာကျင်ရင်း၊ ဘာလုပ်မည် မသိတော့။ သွေးတို့သည် တစ်ခေါင်းလုံး ဆူပွက်လျက် ရှိ၏။ မိမိသည် ချစ်သူကို ချစ်မြတ်နိုးလွန်းလို့ လွန်ကျူးဖို့တောင် မစဉ်းစားရဲခဲ့။ အခုတော့ ဘာဆက်လုပ်ရမလဲ။ ကျေးဇူးရှင် သူငယ်ချင်းကောင်းများကို အသိပေး အကြံတောင်းရုံသာ ရှိတော့သည်။ ထို့နောက် အခန်းတွင် သူငယ်ချင်းသုံးယောက် ခေါင်းချင်းရိုက်ရန် ချိန်းဆိုလိုက်တော့၏။ သူတို့ဆီက အကြံကောင်း ရနိုင်ပါစေသား။ ကံကြမ္မာက ဒဏ်ခတ်လေပြီ။
အခန်းဝတွင် ကြိုရောက်နှင့်နေကြသော သူငယ်ချင်းများကို ဖြစ်ကြောင်းကုန်စင် ပြောပြရတော့သည်။ သုံးယောက်သား ငူငူငိုင်ငိုင်နှင့်။ ကာယကံရှင်က အားကိုးရမလား မှတ်ပါတယ်၊ မျက်နှာတွေက မသာမယာ။ ထို့နောက်တွင် လောကတွင် မကြားချင်ဆုံးသော တောင်းပန်ခြင်းကို မမျှော်လင့်ပဲ ကြားရလေတော့၏။ ဒီနေ့မှာ နောက်ထပ်မမျှော်လင့်တာတွေ ထပ်မကြားရပါစေနဲ့တော့။ တော်ပါတော့။ အရက်ပုလင်း ထဲကို ကျားဆေးထည့်ပြီး နောက်ရလောက်အောင် ကျုပ်ဘဝက ဆိုးခဲ့ပါလား။ တော်ကြတော့ မင်းတို့ကွာ၊ လုပ်ရက်တယ်၊ ထွက်သွားကွာ၊ ငါမခံစားနိုင်တော့ဘူး။ သူတို့ ပြောတာတွေ မကြားချင်တော့။ ကောင်းပါပေ့ကွာ။ ငါဘဝကို မင်းတို့ ရက်စက်ကြတယ်ကွာ။
ဒီတစ်ခါ မိမိကိုယ်တိုင် ငိုမိပြီ။ ဒါ ဝဋ်ကြွေးပဲနေမှာ။ သူတို့ ပြောနေတာတွေက လက်မခံဖို့လည်း ပါတယ်။ ကလေးဖျက်ဖို့ စရိတ်ပေးလိုက်ဖို့လည်း ပါတယ်။ ကလေးကို စောင့်ရှောက်ဖို့ စရိတ်ကို ညှိဆိုတာလည်း ပါတယ်။ ကိုယ့်ဘဝကိုတော့ ဒီလို မိန်းကလေးမျိုးနဲ့ လက်မထပ်ဖို့လည်း ပါတယ်။ နာမည်ကြီး ဖျက်ချတဲ့ ဆေးခန်းရှိတယ် ဆိုတာလည်းပါတယ်။ အင်း...စိတ်ထဲကနေ တွေးမိတယ် သူတို့နဲ့လည်း လွတ်ကင်းခဲ့ပုံလည်း မရဘူး။ နောက်ဆုံး သူတို့ပြောတာကတော့ သူမက ဒီလိုပြောလို့ နွားကျစရာ လားတဲ့။ လောလောဆယ်တော့ နွားထက်ဆိုးနေတဲ့ ခံစားမှုကို မသိနိုင်ကြဘူးလေ။
ဘဝမှာ ချစ်သူကို လက်ထပ်လို့ မိသားစုနဲ့ နွေးထွေးနှစ်လိုဖွယ်ကောင်းသော အနာဂတ်ရည်မှန်းချက်များနှင့် လောလောဆယ်တွင် သူဝါသနာပါသော အိုင်တီလုပ်ငန်းများလည်း အောင်မြင်နေခဲ့ပြီ။ သူအာရုံတွေက ဒီအပေါ်မှာပဲ ထားခဲ့တာ။ ငါဘာတွေများ မှားခဲ့သလဲ။ ငါဘာတွေများ ကျိန်စာသင့်ခဲ့ပြီလဲ။ အရက်မသောက်ပဲ ခေါင်းတစ်လုံးသည် မူးဝေနောက်ကျိနေပြီ။ ဘယ်အချိန်က ရောက်နေမိသည် မသိ ဘုရားစဉ်ရှေ့ကို ရောက်ခဲ့ပြီ။ ဘုန်းတော်ကြီးလှတော်မူသော မြတ်စွာဘုရား-ဘုရားတပည့်တော် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ပါစေဘုရား။ နောက်....သူအိပ်ပျော်သွားသည်လား မသိပါ၊ ချစ်သူက လက်ထပ်ကြ ရအောင်နော်တဲ့။ ထိတ်လန့်စွာ နိုးလာပြန်၏။ စိတ်၏ ခြောက်ခြားခြင်းများနဲ့။ အဖြေထုတ်ဖို့ စိတ်အနားရဖို့ လိုတယ်။ စိတ်ကို အာရုံနောက်ကို မလိုက်တော့ပဲ မှတ်စိတ်နေရာမှာ စုဆုံစေကာ၊ အားကိုးစရာ တရားရှိပါသေးလားဆိုသော အသိနှင့်ပင်။
ဆက်လက်ဖော်ပြပါမည်....

3 comments:

ပေါ့ဆိမ့် said...

လာရောက် အားပေးသွား ပါတယ်ခင်ဗျာ...

Anonymous said...

နောက်ဆက်တွဲ ဇာတ်လမ်းကို စောင့်နေမယ်နော်။

ကိုလူထွေး said...

သံဝေဂ ရမိတယ်...

ဆက်ရန်ကို မျှော်နေပါ၏