သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Thursday, March 11, 2010

တစ်ခန်းရပ်ပြဇာတ် ဇာတ်သိမ်း (ဘဝဇာတ်ခုံ)

လောကတွင် ကိုယ်အဖြစ်ချင်ဆုံးဆန္ဒတွေ ဘာမှကို လုပ်ခွင့်မရတော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာ ဘဝကို ဖြစ်သင့်တာတွေ ဖြစ်လာဖို့ ဆောင်ရွက်ဖို့ အကောင်အထည် ဖေါ်ဖို့ သူလေးနက်စွာဖြင့် စိတ်မကောင်းခြင်းများစွာနှင့် ဆုံးဖြတ်လိုက်ပါတယ်။ ထို့နောက် ပထဆုံးအနေဖြင့် ရုံးမှ ခွင့်(10)ရက်ယူဖို့ ခွင့်တင်လိုက်ပါတယ်၊ အားယူဖို့ စိတ်အားရှိဖို့ သူ အနားယူဖို့လိုမယ်လေ။ တစ်ပတ်လောက် ဘယ်သူမှ မတွေ့ပဲ နားနေပြီးနောက်မှာ ချစ်သူထံ စာတစ်စောင်ရေးလိုက်ပါတယ်။ ချစ်သူကတော့ အံ့သြနေရှာမှာပဲ။ နားမလည်နိုင်ခြင်း တွေနဲ့ သူမ ဘယ်လိုများ တုံ့ပြန်မလဲမသိသေးပါ။ ထို့ပြင် သက်ထားနှင့် ဆွေးနွေးရပါအုံးမည်။ ထို့နောက်.......ကိစ္စများစွာတို့သည် မညီမညာ အဆင်မပြေ လှစွာနဲ့ ဘဝတစ်ခုထဲ ခါးသက်ပူပြင်းတဲ့ အရာတွေ ဖြတ်သန်းစီးဆင်းခဲ့တော့သည်။
“ဆရာ အစ်မ-သီတာ လာပါတယ်” လက်ထောက်ဝန်ထမ်းလေး၏ စကားအဆုံးဝယ် သီတာဆိုသော ကျွန်တော့်ချစ်သူသည် စိတ်နှင့်လူ မကပ်သည့်အလား တစ်လှမ်းချင်း လှမ်းဝင်လာခဲ့ပါတယ်။ သူမလှမ်းဝင် လာချိန်မှာတော့ ရင်မဆိုင်ရဲသော မျက်နှာကို တဖက်လှည့်ထားရင်း
“ဘာလို့ အပင်ပန်းခံပြီး လိုက်လာရသလဲကွယ်”
“...........ကို့ မျက်နှာကို လာကြည့်တာပါ၊ ဘဝတစ်ခုလုံး ဗြောင်းဆန်ရတဲ့ကိစ္စက စာတစ်ခုတည်းနဲ့ မလုံလောက်ဘူးလေ။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သေချာသိချင်လို့ပါ။ ကို့ သူငယ်ချင်းတွေနဲ့လည်း တွေ့ပြီးမေးခဲ့ပြီးပြီ။ ကို ဒီလိုဆုံးဖြတ်လိုက်တာနဲ့ ပြီးသွားရောလား။ ဒါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကိုက ယူဆထားတယ်ပေါ့လေ။ သီတာရဲ့ခံစားချက်ကိုရော ကို ထည့်မတွက်တော့ဘူးပေါ့။ သီတာကိုတော့ မငဲ့ညှာတော့ ဘူးပေါ့၊ ဟုတ်လား။ ဘာကြောင့်လဲ ကို ပြောပြပါအုံး။ ဒီလို မိန်းကလေးတစ်ယောက်နဲ့ မဖြစ်စလောက် ဖြစ်တဲ့ကိစ္စကို အလေးအနက် မထားလိုက်ပါနဲ့။ သီတာနဲ့ ကို တို့ရဲ့ ဘဝအတွက် ဘာတွေကိုမှ သီတာ ဂရုစိုက်မှာ မဟုတ်ဘူးနော်။ သီတာဆီကိုပဲ ပြန်လာခဲ့ပါ။ အဲဒီမိန်းကလေး တောင်းဆိုတာမှန်သမျှ သီတာ ပေးနိုင်ပါတယ်၊ ဒါပေမယ့် သူတောင်းဆိုတာ ကို တော့ မဟုတ်ရဘူးနော်။ သူ့ဘဝတစ်ခု ထောင်မတ်ဖို့ သီတာတို့ ဘဝနှစ်ခုကို စတေးပေးရတော့မှာလား၊ မရက်စက်လွန်းဘူးလား။ သီတာလည်း မိန်းမသား တစ်ယောက်ပါ။ ကို သူ့ကို စာနာလို့ဆိုရင် သီတာ ဘဝကိုတော့ နစ်နာပါစေပေါ့။ ဒီလိုဖြစ်နေပြီလား..........ကို တစ်ခုခုတော့ သီတာကို ပြောပါအုံး။ ”
ကြေကွဲစို့နှင့်စွာ မျက်ရည်လည်ရွဲနှင့် ပြောနေရှာသော ချစ်သူကို ကြေကွဲစွာကြည့်မိရင်း စကားလုံးတို့က ထွက်မလာ၊ သို့သော် ပြောသင့်တာတွေကို ချစ်သူ စိတ်သက်သာအောင် ပြောရပေအုံးမည်၊ လက်ရှိအဖြစ်မှန်ကို ပြောရပေအုံးမည်။ ချစ်သူကို သူ နောက်ဆုံးအနေနဲ့ ဒီလို စကားတွေ ပြောရဖို့ ဘယ်တုန်းကမှ မထင်ခဲ့ပါ။ အခုတော့ ပြောရချေအုံးမည်။
“သီတာ ကိုတို့ ချစ်သူသက်တမ်းမှာ သီတာ ငိုနေတာ ဒါပထမဆုံးမြင်ဖူးခြင်းပါပဲ။ သီတာကို နစ်နာစေလိုသော စိတ် ကို့မှာ မရှိခဲ့တာအမှန်ပါ။ သီတာ စိတ်မချမ်းမသာအောင် တမင်ဆုံးဖြတ်ခဲ့တာ မဟုတ်ရပါဘူး။ တကယ်တော့ ကို့အတွက်လည်း မဟုတ်ဘူး၊ ဟိုမိန်းကလေးအတွက်လည်း မဟုတ်ဘူး။ ဒီလမ်းကို ရွေးခဲ့တဲ့အကြောင်းက ကို့ဘက်က ကြည့်ရင် သီတာကို မနစ်နာစေချင်တော့တာဖြစ်ပြီး ဘာမှအပြစ်မရှိတဲ့ ကလေးငယ်တစ်ဦး၊ ဘယ်သူ့ကလေးပဲ ဖြစ်ဖြစ်ပေါ့လေ သူလည်း အသက်ရှင်ပါစေ။ အရေးကြီးဆုံးတစ်ခုကတော့ ဟိုမိန်းကလေး ကိုယ်ဝန်အပ်ချိန် သွေးစစ်တဲ့အဖြေမှာ ကာလသားရောဂါပိုး ရှိနေပြီ ဖြစ်တာကြောင့်၊ ကို့မှာလည်း ဒီပိုးတွေ ကူးခဲ့ပြီ။ မသန့်စင်နိုင်တဲ့ ခန္ဓာနဲ့ သီတာကို လက်တွဲဖို့ တွန့်ဆုတ်ခဲ့ရပြီ။ အခုအိတ်ခ်ျအိုင်ဗွီပိုး သွေးစစ်ရအုံးမယ် ဒီလိုအဖြစ်တွေနဲ့ ကို သီတာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ၊ ကို့ဘဝအမှောင်ထဲကို သီတာကို မခေါ်ရက်တော့ပါဘူး၊ သီတာ ဘဝ အေးချမ်းနေတာ ကို့ကြောင့် မပျက်စီးစေချင်ဘူး၊ အပြစ်မရှိတဲ့ လူသားတစ်ဦး ဒုက္ခမရောက်ရအောင် ဆုံးဖြတ်ခဲ့ရတာပါ။ ကို့ကို ဘယ်တော့မှ ခွင့်မလွှတ်လိုက်ပါနဲ့တော့။ ကိုက ညစ်နွမ်းတဲ့သူ ဖြစ်နေပါပြီ။ ကို တစ်ယောက်တည်းတောင် ဘဝပျက်ခဲ့ရပြီ။ ကို ပြောတာကို ကြိုးစားပြီး လက်ခံပေးပါ။ နောက်ဆုံးအနေနဲ့ အမှားတွေ ကြားထဲက လုပ်ပေးနိုင်တာက သီတာကို လက်လွှတ်ဆုံးရှုံးခြင်းဖြင့် သီတာရဲ့ ဘဝကို ကယ်တင်နိုင်တာပါပဲ။ ကိုရဲ့ အမှားတွေ အရှုံးတွေထဲက ဒါလေးပဲ ကို လုပ်ပေးနိုင်တာပါ။”
“ဖြစ်မှ ဖြစ်ရလေ ကိုရယ်...........”
...................................................................................................
ဒီလိုနှင့် နောင်တစ်နှစ်ခန့်အကြာမှာ ကလေးငယ်တစ်ဦးကို ချီထားသော ယောကျာ်းတစ်ယောက်နှင့် သူ့နောက်မှ ခပ်ခွာခွာတွင် မိန်းမငယ်တစ်ယောက် ဟိုငေး ဒီငေးနှင့် သွားနေတာကို တွေ့ကြရပါသည်။


အသွင်မတူတော့လည်း ခြေလှမ်းတွေက မညီညာနိုင်ဘူး။
အကြည့်မတူတော့လည်း အာရုံတို့က တစ်ထပ်တည်း မကျနိုင်ဘူး။
မတူညီတာတွေကို ပေါင်းစပ်လိုက်တော့လည်း ပေါင်းစပ်မှု ကာရန်တွေက မလှပခဲ့ဘူး။

ကျောင်းဆရာမလေး မသီတာကတော့ ဘဝကို တရားသဖြင့်ရှုမြင်ရင်း ကိုယ့်ဘဝနှင့် ရင်းလို့ ရခဲ့သော ဘဝသင်ခန်းစာများကို သူမ၏ တပည့်လူငယ်လေးများအား လမ်းမမှားကြဖို့ရန် အထပ်ထပ်အခါခါ မှာကြားနေမိပါတော့သတည်း။

4 comments:

မော်ကွန်းသစ် said...

ဖြစ်မှ ဖြစ်ရလေပဲပေါ့။

သိင်္ဂါကျော် said...

ယောင်္ကျားတွေ ဆိုတာ ဒီလိုပဲ.. နီးစပ်လို့ .. မူးနေလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မှားတတ်ကြတယ်..
မှားပြီးမှ နောင်တရတော့လည်း ဘာမှ ပြန်ပြင်လို့ မရတော့ဘူးလေ..။
အဲလို ယောက်ျားတွေကို မသနားဘူး..။ ပတ်သက်မိတဲ့ မိန်းမတွေကို ပဲ သနားတယ်..။

ကိုလူထွေး said...

အရက်သောက်ထားလို့ပါ လို့ ပြောလို့ရပေမယ့်..

အလွန်အကျူးသောက်ထားမိရင်တော့ ဒီအထိ အထမမြောက်နိုင်လောက်တော့ဘူးလေ...

ခေတ်ကိုက ဆုပ်ကပ်ဘက်ကို ရောက်နေတာကိုး...

Crystal said...

အရက်ထဲမှာ ကျားဆေးထည့်ထားတယ်လို့ ရေးထားပါတယ်။ ယောက်ျားလေးများ ကာမစိတ်ပိုဖြစ်အောင် သောက်ရသော ဆေးကို ဆိုလိုပါသည်။