သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, December 7, 2009

အတွေ့....ထူး။

ဒီဇင်ဘာလ (၅)ရက်နေ့၊ ၂၀၀၉။

ထိုင်းနိုင်ငံရဲ့ ဘုရင်ဧကရာဇ်မွေးနေ့ဖြစ်တာကြောင့် တိုင်းသူပြည်သားလူအများက ဘုရင်ရဲ့မွေးနေ့ကို ဂုဏ်ပြုလိုသော ကြည်ညိုလေးစားကြသောကြောင့် အဝါရောင်အလံများ၊ ပန်းရောင်အဝတ်များဆင်မြန်းလို့။

ဒီနေ့ နေ့လည် အပြင်ကို ထွက်လာတာ သူတို့နိုင်ငံမှာ ဘုရင်မွေးနေ့ဆိုတော့ ဘာတွေများ ထူးခြားလေမလဲ။ ကိုယ်စိတ်ကူးနဲ့ ကိုယ်ပါ။ တောင်ကြည့် မြောက်ကြည့်နဲ့ပေါ့။
ဘုရင်ကြီးအကြောင်းကို တွေးမိတော့ သူ့လုပ်ရပ်တွေအပေါ်မှာ လေးစားနေမိပါတယ်။ နေမကောင်းရှာတဲ့ ဘုရင်ကြီးကို ဆုတောင်းပေးလိုက်ပါသေးတယ်။

လမ်းတွေမှာတော့ လူသွားလာမှုတွေ ရှင်းနေတယ်။ ရုံးပိတ်ရက်တိုင်း လူရှင်းသွားတာမဟုတ်ဘူး။ ပိတ်ရက်က သုံးရက်ဆက်တိုက်ရလို့ မြို့ပြင်ထွက်လည်နေကြလို့ ရှင်းနေတာ နေမှာပါ။

လမ်းမှာ ကားတွေ ရှင်းနေတယ်။ ကားတွေကလည်း လမ်းရှင်းတော့ အမြန်နှုန်းတွေ မောင်းလိုက်ကြတာ။ လိုင်းကားတွေ ထွက်တာနဲတယ်။

စီးလုံဘက်ကို သွားတဲ့ကားကို နာရီဝက်စောင့်ပြီး ကားပေါ်တက်တော့ ခါတိုင်းလို နေရာက မရဘူး။

တက်ဆင်းနားမှာ လက်ကိုင်ရလွယ်လို့ ရပ်နေလိုက်ပါတယ်။ ဒီနေ့မှ လက်ထဲက ဖိုင်က ပါလာသေးတယ်။

ရပ်နေရတာဆိုတော့ ဘုရားစာကို ခါတိုင်း ပဋ္ဌာန်းအရှည်ရွတ်နေကြကို ဒီနေ့ မရွတ်နိုင်တော့ဘူး။ ဘုရားစာလေးတွေ စိတ်ကရွတ်ရင်း အသိလေးကို ကပ်ထားလို့ ကားစီးလာလိုက်တာ.....................။

မီးပွိုင့်မိလို့ ကားစောင့်နေတဲ့အချိန် ကားတံခါးပိတ်ထားတဲ့နားကို လူတစ်ယောက်(ဇာတ်လိုက် ဆိုပါတော့) ဟိုချောင်း ဒီချောင်းနဲ့ ရောက်လာပါတယ်။

ဒီလူကို ဘာချောင်းနေသလဲလို့ပါ၊ နောက်မှ ကားပေါ်တက်ချင်လို့ကိုး၊ ကားသမားကလည်း တံခါးဖွင့်ပေးလိုက်ရင် ကောင်းမှာလို့ တွေးနေတုန်း....ကားသမားက တံခါးဖွင့်ပေးလိုက်ပါတယ်။

လူပုံသဏ္ဍန်က တောသားပုံ (သူများ သားသမီးကို အထင်မြင်သေးလိုက်ပုံက)၊ အသက်က လေးဆယ်ကျော်လောက်ပြီ။ ထိုင်းနိုင်ငံသားဟုတ်ပုံမပေါ်ဘူးလားလို့။

သူကို ကြည့်ရတာတစ်မျိုးပဲလို့ စိတ်ထဲမှာ လေးလံစွာနဲ့ သူ့ကို ထပ်ကြည့်လိုက်သေးတယ်။ စပယ်ယာအမျိုးသမီးကြီးကို သူ သွားလိုသော နေရာကို ကားရောက်သလားမေးနေတယ်။
စပယ်ယာက မရောက်ဘူးတဲ့။

ဒါနဲ့ ကားမောင်းသမားက ကားတံခါးကို ပြန်ဖွင့်ပေးပါတယ်။ သူတို့ဆီမှာ ကားတံခါးကို အမြဲလိုလို သတိထားပိတ်ကြတယ်။

ဒီတော့ အဲဒီလူက ပြန်ဆင်းပါတယ်။ ဆင်းတဲ့အချိန်မှာ စိတ်ထဲကနေ ဒီလူ နောက်လေးဘာလေး မကြည့်ဘူး နောက်က ကားလာနေရင် ဒုက္ခ ခ ခ ခ ခ ခ ခ ခ ခ ခ ခ ခ ခ ခ ခ ခ။

အတွေးတောင် မဆုံးသေးဘူး-ကားဟွန်းတီးသံ ဘရိတ်ဆွဲသံတွေ ပတ်ဝန်းကျင်က အော်သံတွေနဲ့ ပြည့်လျှံသွားပါတော့တယ်။

ကားဟွန်းသံကြားလို့ သူကားလာတဲ့ဘက်ကို ကြည့်လိုက်တယ် နောက်ပြန်ဆုတ်ပြေးတယ် ပြန်ဆုတ်တဲ့ဘက်က ကားရပ်တာတွေ မြင်တော့ ညှပ်မိမှာစိုးလို့ ပလက်ဖောင်းဘက် ပြန်ပြေးတယ်။ အချိန်မမီလိုက်ပါဘူး။
အစကတည်းက ပလက်ဖောင်းဘက်ကို ဆက်ပြေးရင် လွတ်နိုင်ပါသေးတယ်။ ပထမတိုက်တဲ့နေရာက ခြေထောက် ဒူးနေရာ၊ ကားအရှိန်အလွန်ပြင်းတော့ ကားရှေ့ဖုံးပေါ်ကို အရှိန်နဲ့ရောက်သွားတယ်၊ အမိုးနားအထိ မြောက်တက်သွားပါတယ်၊ အဲဒီကနေ တဆင့်ခြင်းလွင့်သွားပြီး ကားရှေ့ကိုပဲပြန်ကြပါတယ်။

ကျမကတော့ နေရာမှာ မလှုပ်မယှက်ရပ်နေလျှက်သား။ ကားက မထွက်သေးဘူးလေ ယာဉ်ကျောက ပိတ်နေတုန်း၊ လှုပ်ရှားသွားတာက ကျမ လိုက်ကြည့်နေမိတဲ့လူသားတစ်ဦး။

အစအဆုံးကို လိုက်ကြည့်မိတဲ့သူဆိုလို့ ကျမတစ်ယောက်ပဲရှိလေမလား။

ကားရှေ့ကို ကျသွားတဲ့ လူသားတစ်ဦးဆီကနေ မျက်လုံးကို စွဲခွါရင်း ကိုယ့်ခန္ဓာမှာ အသိကို ပြန်ကပ်မိတဲ့အခါ..................။

အသက်ရှူရပ်နေတယ်၊ ခေါင်းထဲမှာ အကြောတွေ ဆောင့်စွဲထားသလိုဖြစ်နေတာကို တွေ့ရတယ်။ စိတ်ကို ဖြည်းဖြည်းချင်းလျော့ရင်း အသက်ကို ပုံမှန်ပြန်ရှူသွင်းနေရပါတယ်။
နှလုံးခုန်နှုန်းကတော့ ပုံမှန်ပါပဲ။

ဒီလို အစအဆုံးမြင်ဖူးတာ ပထမဆုံးအကြိမ်ပါ။ ငယ်ငယ်ကဆို မြင်ကွင်းတစ်ခုခု ဆိုးရင် ကလေးတွေကို လူကြီးတွေက ကာကွယ်ပေးကြတဲ့အနေနဲ့ မကြည့်ကြနဲ့ပေါ့။ မကြာသေးသော နှစ်ပိုင်းတစ်ခုက မြန်မာနိုင်ငံမှာ ကားတိုက်တာ လူတွေက တုံးလုံးပက်လက် တွေ့ခဲဖူးပါတယ် အဲဒီတုန်းကတော့ ကားပေါ်က ရုံးက လူကြီးများနဲ့ သွားတာဆိုတော့ မကြည့်နဲ့ဆိုပြီး တားကြတာကို သတိရမိသေးတယ်။ အခုတော့ဖြင့် တားမယ့်သူလည်း မရှိ။ရေတိုက်မယ့်သူလည်း မရှိနဲ့။

ဒီလူကို ဘာလို့ သတိထားမိတာလဲ။ ကားမတိုက်ခင်က သူ့ကိုကြည့်ရတာ မကောင်းတဲ့အာရုံတစ်ခုကို ဘာလို့ခံစားမိနေတာလဲ။ သူ့ကို ကြည့်ရတာ သတိ မကပ်ဘူးလို့(စိတ်နဲ့လူနဲ့ ကပ်ပုံမပေါ်ဘူး) ထင်နေတယ်။ ယောင်လည်လည်နဲ့။

လူသားတစ်ဦး။ မမျှော်လင့်သော အဖြစ်အပျက်။ သတိတရား။

သက်ပြင်းကို ဖြည်းညှင်းစွာချရင်း သူ့နေရာမှာ ကိုယ်သာဆိုခဲ့ရင်.....။

အမြဲလိုလို စဉ်းစားနေမိတဲ့ သေခြင်းတရား။ လျှက်တပျက် သေသွားဖြစ်ခဲ့ရင်။

ကားတိုက်မိသွားတော့ တက္ကစီကားမောင်းသမားက တံခါးဖွင့် ပြေးဆင်းတယ် ကားတံခါးကိုတောင် မပိတ်နိုင်ရှာဘူး၊ သူတိုက်မိသွားတဲ့သူဆီသို့ စိုးရိမ်တကြီးနဲ့။

ဘရိတ်စောင့်အုပ်လိုက်တာကြောင့် တက္ကစီကားထဲက လူတွေလည်း ကားထဲမှာ လုံးထွေးနေကြလို့။

တက္ကစီသမားက ဟွန်းတီးပါတယ်၊ ဘရိတ်ဆွဲတဲ့အသံကပဲ တော်တော်ကျယ်တယ်။ ဘရိတ်အုပ်လို့ ကားလဲရပ် လူလည်း ကားရှေ့ကို ကျသွားတာကို တွေ့လိုက်ရတော့ အင်း.............။

သွားပြီ-မျက်နှာ ဖြည်းညှင်းစွာလှည့်လိုက်ပါတယ်။ ပြန်လှည့်ကြည့်လိုက်တော့ မသေရှာဘူး၊ အို တော်ပါသေးရဲ့။ လူသားတစ်ဦး မသေဆုံးတော့ဘူး။

ချိနဲ့ ရိုင်နဲ့စွာ လဲနေတဲ့ နေရာက ထနေရင်း ဖုန်းကို လိုက်ရှာပြီး တစ်နေရာကို ဖုန်းပြောနေပါတယ်။ ပြီးတော့သူ့ကို ထိုင်ခုံပေးပြီး ထိုင်ခိုင်းထားကြပါတယ်။

ဇာတ်လမ်းကတော့ ဒါလေးပါပဲ။ ဒါပေမယ့် တွေ့လိုက်ရတဲ့ အတွေ့တစ်ခုမှာ အတွေးတွေ ဆက်တိုက် တွေးဖြစ်သွားပါတယ်။


ပလက်ဖောင်းပေါ်မှာ ဈေးရောင်းနေတဲ့ ဈေးသည် အမျိုးသမီးကြီးတစ်ဦးက တိုက်မိသွားတဲ့သူကို လာထူပါတယ်။ တိုက်မိသွားတဲ့အရှိန်ကပြင်းတာက တကြောင်း၊ သွေးရူးသွေးတန်းနဲ့ဆိုတော့ မက်တပ်ရပ်လိုက်ပေမယ့် ပြန်လဲကြတာ နှစ်ကြိမ်တောင်။ နောက်တော့ လူသုံးယောက်လောက်က လာထူကြပါတယ်။ လက်မှာတော့ သွေးတွေ စိုရွှဲလို့။ စာဖတ်သူရော သူဘာဖြစ်သွားမယ်ထင်လဲ။ သူ့အနားမှာ ရှိရင် သင်ဘာလုပ်ပေးမလဲ။

သူ့ကို ပထမဆုံးလာထူတာက အမျိုးသမီးကြီး အသက်ငါးဆယ်ကျော်။ သူကပဲ သွေးတွေ တိတ်အောင် ဆက်လုပ်ပေးနေပါတယ်။ တက္ကစီကားသမားကတော့ ဆေးရုံသွားဖို့ မေးနေပါတယ်။
အနားက လူတွေက ဘယ်လိုဖြစ်တာလဲ တစ်ယောက်တစ်ပေါက်နဲ့ မေးနေကြလို့။ မကြည့်ရဲလို့ မျက်စိမှိတ်ထားတဲ့သူနဲ့။
သူတို့ ပြောတဲ့အထဲမှာ ဘတ်စ်ကားပေါ်က ဆင်းလာတယ်လို့ ပြောကြတယ်၊ ကဲဒါဆိုတော့ အောက်က လူတွေက ဘတ်စ်ကားမောင်းတဲ့သူကို အပြစ်တင်သလိုနဲ့ကြည့်ကြပါလေရော။ ဘတ်စ်ကားမောင်းသမားလည်း မျက်နှာပူနေရှာတယ်။
ယာဉ်ကြောသုံးခုရှိပါတယ်။ ဘတ်စ်ကားက အလယ်ယာဉ်ကြောမှာ ရပ်နေတာ။ တိုက်လိုက်တဲ့ တက္ကစီကားလာတဲ့ ယာဉ်ကြောက ရှင်းနေတဲ့အတွက် တက္ကစီသမားက အရှိန်ပြင်းပြင်းနဲ့ မောင်းလာနေတယ်။
အတိုက်ခံတဲ့ လူက စိတ်နဲ့ လူနဲ့ မကပ်။ လမ်းလယ်မှာ ကားရပ်မိလို့ ဆင်းရင် နောက်ကလာနေတဲ့ကားကို ကြည့်ရမယ်ဆိုတာကို ကားစီးတဲ့သူတိုင်း သတိထားပြီး ဆင်းဖို့ သိကြပြီးသားလို့ထင်ပါတယ်။

ဒီသုံးဦးမှာ ဘယ်သူ့အမှားလဲ။ စာဖတ်သူရော ဘယ်သူအမှားဖြစ်မယ်ထင်လဲ။ သုံးနေရာလုံးမှာ ကိုယ်စားဝင်ပြီး ကိုယ်ချင်းစာကြည့်ပေးကြပါနော်။

ဘတ်စ်ကားသမားက စေတနာနဲ့ တက်ပါစေဆိုပြီး တံခါးဖွင့်ပေးတယ်။
တက္ကစီသမားက လမ်းမှာ ရှင်းနေတော့ အရှိန်နဲ့မောင်းလာတယ်။ သူလည်း ဒီလူ ဘတ်စ်ကားပေါ်က ရုတ်တရက်ဆင်းလာမယ်မှန်း ကြိုမြင်နေရတာမဟုတ်။
တံခါးနားရပ်နေတဲ့ ကျမကလည်း သတိပေးဖို့ ကားလာနေတာကို မမြင်ရ။ စိတ်ထဲကပဲ နောက်ကားကိုလည်း မကြည့်ဘူးလို့ တစ်ကိုယ်တည်း ရေရွတ်နေမိတာ။


ကိုယ်က ကျန်းမရေးနယ်ပယ်ကလာတာဆိုတော့ ပြင်ပဒဏ်ရာမများရင် အတွင်းဒဏ်ရာရသလား စစ်ရမယ်။ ခေါင်းထိသွားသလား။ အတွင်းပိုင်း သွေးယိုစိမ့်မှု ရှိမရှိ စစ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။
သူ စစ်ဖြစ်ပါ့မလား။ စစ်ဖို့ သိပါ့မလား။ နှစ်ဆယ့်လေးနာရီအတွင်း အန်ရင် ဆေးရုံသွားရမယ်။ ဒါတွေကို သူသိပြီးဖြစ်နေပါစေလို့ ဆုတောင်းလိုက်ပါတယ်။ သတိပေးတဲ့သူလည်း သူ့ဘေးမှာရှိနေပါစေ။

သွေးထွက်နေတဲ့ဒဏ်ရာတွေကို အချိန်မီ ကုသဖို့လိုအပ်ပါတယ်။ သွေးတွေကို ကူညီတဲ့သူတွေက လက်နဲ့ တိုက်ရိုက်ကိုင်တွယ် လုပ်ပေးနေကိုလည်း တွေ့နေရတယ်။ ဒါတွေလည်း သတိထားသင့်တာတွေပဲ။

ကိုယ်သန်ရာ တရားဘက်ကို ပြန်လှည့်မိတော့............။

သတိ သတိ သတိ။

ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားကလည်း အထပ်ထပ်မှာခဲ့ပါတယ်။ ဆရာတော်ကြီးတွေကလည်း မှာခဲ့ကြတယ်၊ မှာနေစဲ၊ နောင်လည်း မှာနေကြအုံးမှာပါ။

သတိလွတ်ရင် ကိုယ်ရော ဘာတွေများ အမှားတွေလုပ်ခဲ့မိပြီးပြီလဲ၊ လုပ်နေစဲလဲ၊ လုပ်ဖြစ်နေအုံးမလဲ။ မပြုလုပ်ဖြစ်အောင်ရော ................။

ပြီးတော့ သေခြင်းတရား။ လျှပ်တပျက်သေရမယ့် သေခြင်းတရားကို တွေးမိတော့ ကျေနပ်ခြင်း-မကျေနပ်ခြင်းတွေ၊ အလိုပြည့်မှု-မပြည့်မှု၊ ဝမ်းသာမှု-ဝမ်းနည်းမှုတွေ။
ခွင့်မလွှတ်ချင်တာတွေလည်း ခွင့်လွှတ်ချင်လာတယ်။ အမုန်းတွေလည်း မထားချင်တော့ဘူး၊ တဒင်္ဂလေးအတွင်းမှာ စိတ်ထဲမှာ တစ်ခုပြီးတစ်ခု ခွာကျနေတာသလိုပဲ။
နှင်းတွေ တဖွဲဖွဲကျနေသလိုပေါ့။ ဘယ်ချိန်မှာ ဝင်နေသလဲ မသိတဲ့ အမှိုက်တွေ။ ပြန်ရှင်းတော့ မောမိသား။

တဆက်တည်းအတွေးတွေကို တွေးနေလိုက်တာ ကားလည်း ဆက်ထွက်လာတယ်၊ မှတ်တိုင်တွေရောက်တိုင်း ဘတ်စ်ကားသမားက ပလက်ဖောင်းနဲ့ အနီးဆုံးကို သတိထားရပ်ပေးတယ်။
ဆင်းတဲ့သူတွေကလည်း သတိနဲ့ ဆင်းနေကြတယ်။ ခုန ကားတိုက်တာကို တွေ့ထားတဲ့ကားပေါ်က လူတွေသာ သတိထားပြီး ကားပေါ်က ဆင်းနေကြပါတယ်၊ နောက်အသစ်တက်လာတဲ့သူတွေကတော့ မသိရှာကြဘူး။

စာနာ နားလည် ကူညီရင်း၊ မေတ္တာထားလို့ ခွင့်လွှတ်ရင်းနဲ့ သေခြင်းတရားကို တည်ငြိမ်စွာရင်ဆိုင်ရင်း စောင့်စားရင်း။

ခံစားမှုတစ်ခု။ အတွေ့တစ်ခုကနေ ရလိုက်တဲ့ အသိထူးတစ်ခု။

(မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ယနေ့အဖြစ်အပျက်အမှန်ကို မျှဝေခံစားဖို့ ရေးသားလိုက်ပါသည်)
ခရစ်တလ် (10:30 PM)
ဓမ္မကြောင့် အေးငြိမ်းကြပါစေ။ သတိကြောင့် အမှားတွေကင်းကြပါစေ။ မေတ္တာကြောင့် ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments: