တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘဝမှာ အဆင်မပြေတာတွေများလွန်းလှတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ အဖေရေ။ တိုက်ရခိုက်ရ၊ ရုန်းကန်ရတာတွေနဲ့လည်း သမီးမှာ မောလှပါပြီ၊ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ ပြဿနာတစ်ခုက ထပ်တက်လာတာနဲ့၊ ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲ ဇောက်ထိုးဆင်းနေရသလိုပါပဲ အဖေ။ သမီးတော့ စိတ်ပျက်လှပါတယ်၊ လူလုပ်ဖို့တောင် ကြောက်လာပြီ ဘာညာ စသဖြင့် အဖေကို တိုင်တည်ရင်း ညည်းညူနေရှာပါတယ်။
ဖအေလုပ်တဲ့သူက ဘုရင့်စားဖိုမှုးကြီးတဲ့။ သမီးလုပ်သူက အခုလို ညည်းညူတိုင်တည်လိုက်တော့ ဖအေက ဘာမပြော ညာမပြောနဲ့ သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ထဲကို ခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေ ဖြည့်ြ့ပီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊ မီးတွေကပြင်းတော့ သုံးအိုးလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။ရေနွေးလည်း ဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေ ထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။ ပြီးတော့ အိုးတွေကို သည်အ တိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှ မပြောဘူး။ သမီးလုပ်တဲ့သူက ဖေဖေနှယ့် ဘာတွေများ လုပ်နေပြန်တာလဲလို့ တွေးရင်း စိတ်က တကယ်ကိုမရှည်ချင်တော့ဘူး။ ဒါပေမယ့် ဘာကိုမဆို အကြောင်းမဲ့ မလုပ်တတ်တဲ့အဖေအကြောင်းကိုလည်း သိထားလေတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရ ပါတော့တယ်။
ဆယ်မိနစ်ကြာတယ်ဆိုရင်ပဲ ဖအေလုပ်တဲ့သူက မီးသုံးဖိုလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မန်လာဥတွေ ကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်း ဆယ်ပြီး တခြားပန်းကန် တစ်လုံးထဲထည့်လိုက်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲကို ထည့်လိုက်တယ်။ ပြီးတော့မှ သမီးဘက်ကို လှည့်ပြီးမေးလိုက်တယ်။
ကဲ...သမီးရေ ဒါတွေက ဘာတွေလဲကွယ်။မုံလာဥပြုတ်၊ ကြက်ဥပြုတ်နဲ့ ရေနွေးကြမ်းတွေပါ ဖေဖေ။
ဒီလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့အနားလာခိုင်းပြီး မုံလာဥကို စမ်းခိုင်းတယ်။ သမီးက ဖအေခိုင်းတဲ့ အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ ထိုးကြည့်လိုက်ပြီးတဲ့နောက် အဖေ မုန်လာဥတွေက ပျော့နေပြီပဲ လို့ပြော လိုက်တယ်။ ဖအေလုပ်သူက သမီးစကားကို အမှုမထားပဲ ကြက်ဥပြုတ်ကို ခွဲခိုင်းပြန်တယ်။ ကောင်းကောင်းကျက် နေတဲ့ ကြက်ဥပြုတ်ကို တွေ့သတဲ့။
အဖေလုပ်သူက နောက်ဆုံးတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ခိုင်းပြန်သတဲ့။ သမီးလုပ်တဲ့သူက ပြုံးပြီး အဖေ ခိုင်းတဲ့အတိုင်း ရေနွေးကြမ်းကို မြည်းလိုက်ပြန်သတဲ့။ သင်းပျံ့တဲ့ရနံ့နဲ့ ရေနွေးကြမ်းကို သတိထားလိုက်မိတယ်။
ဖေဖေ ဘာကို ဆိုလိုချင်လို့လဲလို့ မေးသတဲ့။အဲအခါမှာ ဖအေလုပ်သူက သမီးကို ရှင်းပြပါတော့တယ်။ မတူညီတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေး ပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီး။
မုံလာဥကတော့ ရေနွေးထဲမရောက်ခင်က သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးနော်။ ရေနွေးနဲ့ တွေ့တဲ့ အခါတော့ ပျော့ဖတ်ပြီး ချိနဲ့သွားတယ်နော်။
ကြက်ဥကျတော့ ရေနွေးထဲမရောက်ခင်က အထိမခံဘူး၊ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ။ အပေါ်ခွံက ပါးပါးလေး နော်။ ရေနွေးထဲလည်း ကြာကြာထားလိုက်ရော။ အားလုံးမာကုန်တယ်နော်။
အေးလက်ဖက်ခြောက်ကျတော့ ရေနွေးလည်း ပွက်လာရော ပွက်ပွက်ဆူနေတဲ့ရေကို လက်ဖက်ရည်အဖြစ် တစ်အိုးလုံးကို ပြောင်းလဲပစ်တယ်နော်။
ဒါဆို သမီးရော ဘာလိုမျိုးဖြစ်ချင်တာလဲ၊ မုံလာဥ၊ ကြက်ဥနဲ့ လက်ဖက်ခြောက်ထဲက ဘယ်လိုမျိုးနဲ့ လောကဓံ ဆိုတာကို ရင်ဆိုင်မလဲ။ လူတိုင်းရင်ဆိုင်ကြရတဲ့ လောကဓံကို သမီး ရင်ဆိုင်တွေ့တဲ့အခါ ဘယ်လိုမျိုးတုံ့ပြန်ချင် သလဲ။ သမီးကိုယ့်ဖာသာ စဉ်းစားပေတော့ကွယ်။စာဖတ်သူ လူကြီးမင်းရော မုံလာဥလို မာကျောရာကနေ လောကဓံနဲ့ တွေ့တဲ့အခါ ပျော့ခွေနွမ်းရိသွားကာ အရှူံး ပေးမလား။ ကြက်ဥလို ထိလွယ် ရှလွယ်တယ်၊ စိတ်ပျော့တယ်။ သေခြင်းတရားလို သေကွဲ၊ ရှင်ကွဲနဲ့ ကြုံတဲ့ အခါ၊ ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားပြီးနောက်မှာတော့ နင်လားဟဲ့ လောကဓံ ဆိုတဲ့စိတ်နဲ့ ထီမထင်စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီးဖြစ်သွားမယ့် လူစားမျိုးလား။ အပြင်ပန်းအမြင်မှာ သိပ်ကွာမသွားသော်လည်း အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူများဖြစ်နေမှာလား။
ဒါမှ မဟုတ် ရေကပူပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေတဲ့ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူ လေ ပွက်လေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လိုလူကလည်း ဒုက္ခသူက္ခတွေ များလေလေ အရှိန်က တက်လေလေပေါ့။ အရည်အချင်းတွေက ပိုရှိလာတာပေါ့။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်သူ ဖြစ်လာပါလိမ့်မယ်။
ကဲဒါဆို အကောင်းလေးခု၊ အဆိုလေးခုရှိတဲ့ လောကဓံရှစ်ပါးကို လူကြီးမင်းရော ဒီနည်းသုံးမျိုးတည်းက ဘယ်နည်းနဲ့ ဘယ်လိုများ တုံ့ပြန်မယ်လို့ စိတ်ကူးသလဲကွယ်။
(ဒီပိုစ့်လေးက လူကြီးမင်းတို့ရဲ့ နွမ်းနယ်နေတဲ့ စိတ်လေးကို ရေတစ်ပေါက်မျှ ပက်ဖြန်းသလို အေးမြစေလို ကြောင်းနှင့် အထောက်ကူဖြစ်ပါစေခြင်းငှာ ရည်ရွယ်ပါတယ်နော်။)
No comments:
Post a Comment