သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, January 4, 2010

ရည်ရွယ်မှန်းဆလို့ လျှောက်ထားလိုက်ပါသည်ဘုရား...................။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားခြားထင်ထင် သိမြင်တော် မူသော မြတ်စွာဘုရား၊ သတ္တဝါများအပေါ် မေတ္တာတော် အနန္တရှိတော်မူသော မြတ်စွာဘုရား၊
မြတ်စွာဘုရားသခင်အား မှန်းဆမျှော်ရည် လျှောက်ထားလိုသည်မှာ တစ်နေ့သောအခါ တပည့်တော်မသည် မိမိကိုယ်ပိုင်ဆိုဒ်လေးတစ်ခု စမ်းသပ်ဖန်တီးကြည့်မိနေစဉ်။
ဖန်တီးနေရင်း ပန်းပွင့်လေးတွေ ကြွေနေတာမျိုးလေးကို စမ်းသပ်မိရင်း စိတ်မှာ လွန်ခဲ့သော တစ်နှစ်ခန့်က ကသစ်ဝိုင်ဝိပဿနာ-အောင်မင်းခေါင်ရိပ်သာ အရှင်ကဉ္စနသာရ ဟောကြားတော်မူသော တရားကို ပြန်လည် ကြားယောင်မိလာပါတယ်။
နေ့တိုင်းတရားအမှတ်အသိဖြင့် နေလာလိုက်ကြတာ သံဝေဂဥာဏ်ဖြစ်ဖို့ရန်အတွက် မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ အမြင်အာရုံ အကြားအာရုံ အဆင်း အနံ့အာရုံစသော အာရုံတွေနဲ့ ပတ်သက်လို့ မုလေးပန်းလေးတွေ ညှိုးသွားချိန်မှာ အညှာမှ ဖြုတ်ချခံရသလိုပဲ သတ္တဝါတွေရဲ့ ခန္ဓာတိုင်းသည် အိုနာသေရေး ဒုက္ခဘေးနဲ့ ရင်ဆိုင်တိုးကြရတယ်။ ခန္ဓာကြီးရဲ့ ဒုက္ခတွေကို သံဝေဂဖြစ်စေကြောင်း ရှူကြရမယ်နော်။ နေ့တိုင်းနေ့တိုင်း တရားရှူမှတ်လို့ မှတ်ဥာဏ်များ မတက်ရင်လည်းပဲ အားမငယ် ကြပါနဲ့၊ ပတ်ဝန်းကျင်အာရုံများကလည်း တရားသတိ သံဝေဂဥာဏ်ကိုဖြစ်ပေါ်စေနိုင်တာပါပဲနော်။
ဒီလိုမျိုးဆရာတော်ဆီက တရားသံနဲ့ ပန်းပွင့်လေးတွေကို ကြည့်မိရင်း အော် ပန်းပွင့်လေးတွေသည် ဘယ်က ဘယ်က ပေါ်လာပြီး၊ ဘယ်ကို ဘယ်နားပျောက်သွားလေသလဲမသိ၊ ကြာကြာလေးပေါ်နေတာကိုလည်း တွေ့ရသလို၊ ပျောက်တာမြန်တာလေးတွေလည်း တွေ့ရပါတယ်။
ဘဝတွေဆိုတာလည်း ပန်းလေးတွေလို ပေါ်လိုက်ပျောက်လိုက်နဲ့ပဲ။ မွေးဖွားကြ သေဆုံးကြနဲ့ပါ။ ဝမ်းနည်းကြ ဝမ်းသာကြ။ တွေ့ဆုံကြုံကွဲ။ ဖြစ်ပြီးရင် ပျက်ကြရလေတာ။ မတည်မြဲခြင်း၊ အစိုးမရခြင်းတွေနဲ့ ပြည့်နှက်လို့။
ပေါ်တခါ ပျောက်တလှည့် ဒီသံသရာနယ်ထဲက ဘယ်တော့များမှ အလွတ်ရုန်းလို့ ဆုံးခန်းတိုင် အနားရမယ် မသိသေးပါလားနော်။
အော် ဒီလိုနဲ့ တရားတစ်ပုဒ်- မကျဉ်းသော မကျယ်သော တရားမျိုးကို တောင့်တကာနေတုန်းမှာ...။
ဘုန်းဘုန်း ဦးသြဘာသထံမှ တရားချီးမြှင့်ပေးခဲ့လေတာက။
တရားတော်ကတော့ “တစ်ယောက်တည်း တည့်အောင်နေပါ”တဲ့
မိမိစိတ်မှာ ဒီလိုလေး နေထိုင်သွားဖို့ လိုအပ်တာလေးတွေကတော့ စိတ်ဆိုးခြင်း၊ စိတ်ကောက်ခြင်း၊ မကျေနပ်ခြင်း၊ မနာလိုသဝန်တိုခြင်းဆိုသော ဒေါသတရားအားလုံးကို အနစ်နာခံတဲ့စိတ်၊ ကိုယ်ချင်းစာစိတ်၊ မုဒိတာပွါးပေးခြင်းများနဲ့ နူးညံ့သိမ်မွေ့သော မေတ္တာစိတ်များနဲ့ အစားထိုးလို့ နေထိုင်သွားဖို့ကို နာယူခဲ့ရပါတယ်။ ဒီလိုမျိုးသော တရားမျိုးများကို လက်ကိုင်ထားရင်း မိမိစိတ်ကို ပြန်လည် ဆန်းစစ်မိသော အရှိန်နှုန်း မြင့်မားခြင်း၊ နိမ့်ဆင်းခြင်း၊ အတက်အဆင်း တယ်လည်း ကြမ်းသကိုးနော်။ သိနေမိတာပြောပါတယ်။
အလိုမပြည့်ခြင်းများစွာမှ ဖြစ်ပေါ်လာသော ဒေါသ၊ ဒေါသကို အခြေခံသော အငြိုးတရားများ၊ လက်တုံ့ ပြန်လိုခြင်းများ၊ ကျိန်စာဆန်သော သစ္စာများ ပြုမိလိုက်၊ တရားက ထိန်းလိုက်နဲ့ သွားလိုက် ရပ်လိုက် ဖြစ်နေတဲ့ စိတ်အစဉ်ကို ကြည့်နေမိပါတယ်။ စက္ကန့်အပိုင်းအခြားလေးတွင်းမှာမှ ဖြစ်ပေါ်လာလိုက် ပျက်သွားလိုက် များစွာသော ပျက်သွားတာတွေကိုလည်း တွေ့ရသလို တရားနဲ့ ပယ်သတ်လိုက် အသစ် သစ်သော အကုသိုလ်တရားတွေက ပေါ်လာလိုက် ပျောက်လိုက် ဖြစ်လို့နေတာကို တွေ့ရပါတော့တယ်။
အော် မမြဲလေစွတကား။ မောပန်းလေစွတကား။ အကုသိုလ်မီးတွေ အလျှံပြင်းစွာ တောက်လောင်လေစွ တကား။
နောက်ဆုံးတော့ ကိုယ်ရောက်လိုသော ပန်းတိုင်ထက် မည့်သည့် အကြောင်းတရားများက အရေးမပါ ထိုက်ပေဘူး၊ နိဗ္ဗာန်ကို သွားဖို့ ရောက်ဖို့ရန် နှောင့်နှေးစေမည့် အကုသိုလ်တရားတို့သည် သွားရာလမ်းက ခလုတ်ခသင်းများပင် ဖြစ်လေသည်ဟု ဆင်ခြင်ရင်း၊ အားမလျော့နဲ့ ရောက်အောင်သွားဖို့ ပြိုလဲနေရာက ထလို့ ကြိုးစားလို့။
အားမာန်တင်းရင်း နောင်လာမည့်နေ့ရက်များမှာ ရင်ဆိုင်တိုးရမည့် အကုသိုလ်တရားတို့ကို သည်းခံစိတ်နဲ့ အနိုင်ယူရင်း။
နိဗ္ဗာန်ရောက်ဖို့ လမ်းကိုသာ မျက်နှာမူ ရှေးရှူ ဦးတည်လို့။

ဆင်ခြင်လိုက်မိသည်မှာ........................................
ရွှေမင်းဝန်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူခဲ့သလို “ဒကာမ-ဒီလိုသာ အာရုံတွေ ပျံ့လွင့် နေရင် တစ်ပါးသူအတွက် အသင်က လိုက်ပူနေတယ်၊ ဒကာမအတွက် ဘယ်သူပူပေးသလဲ၊ သူတို့ကြောင့် ငရဲကျခဲ့သော ဒကာမကို သူတို့လာကယ်နိုင်ပါ့မလား၊ ကိုယ်အလုပ်ကို လုပ်ဖို့ ဘုန်းကြီး သတိပေးလိုက်ပါတယ်”၊ မှန်ပါတယ်ဘုရား၊ တပည့်တော်မသည် ကိုယ့်အလုပ်ကို ကိုယ်မလုပ်ခဲ့ မိတာကြောင့် အခုချိန်မှာတောင် တပည့်တော်ကို ကယ်မည့်သူမရှိတော့ပါ။ နောင်သောအခါ ဒီလို ငြိတွယ်မှု တွေနဲ့ မနေလို့ သေရတဲ့အခါတွင် ပိုလို့ပင် ဆိုးပါတော့မည်ဘုရား။ ဒါကြောင့်လေ သူ့အတွက် အနစ်နာခံ ခဲ့သမျှ၊ မေတ္တာထားခဲ့လေသမျှ၊ ဆုံးရှူံးခဲ့လေသမျှ၊ စေတနာထားခဲ့သမျှ၊ အစစ စတေးပေးခဲ့သမျှတွေကို လေ ကိုယ့်အပေါ် ရက်စက်စိမ်းကား ဒေါသအား ပြင်းကာ၊ မာန်မာနတွေထားလို့ ပြတ်တောက်နိုင်စွမ်း ရှိလေသမျှတွေကို တရားနဲ့ ဆင်ခြင် မေတ္တာစိတ်ကို နှလုံးသွင်းလို့ ဤနေ့ ဤအချိန်မှ စလို့ မိမိကိုယ်ကို တစ်ယောက်တည်းနေတတ်အောင် စိတ်ကိုလည်း ထားတတ်အောင် လေ့ကျင့်ပျိုးထောင်သွားပါတော့မည်။ တကယ်တော့ အခြားတစ်ပါးသူကိုသာ ကြည့်နေခဲ့မိလို့၊ ကိုယ်ပိုင်ထင်မိလို့ ငါကိုယ် ငါဟာ ငါဥစ္စာရယ်လို့ ငါမပြုတ်မိလေတာကြောင့်ပါဘုရား။
အခုတော့ တပည့်တော်မသည် ဆုံးဖြတ်ချက် ပိုင်ပိုင်ဖြင့် စိတ်နှလုံးကို ဒုံးဒုံးချ လိုက်နိုင်ပါပြီဘုရား။ တပည့်တော် အချိန်မနှောင်းခင် အခုလို သိမြင်ခွင့်ရတဲ့အတွက် အမျိုးမျိုးသော ပါရမီဖြည့်ပေးကြသော သူအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတွေတင် နေမိပါတော့သည်ဘုရား။
ထို့ကြောင့် ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား တပည့်တော်မအား အထူးထူးသော ကုသိုလ် ပါရမီ အလုပ်တို့ကို၎င်း၊ ထားခဲ့သော စိတ်၏စင်ကြယ်ခြင်းများကို တပည့်တော်မနဲ့ သင့်လျှော်သော မည်သို့ သော တရားစကား မိန့်ကြားတော်မူမလဲလို့ ယောင်ယမ်းမှန်းဆကာ နေမိပါတော့သည်။
ခရစ်တလ်(1-Jan-2010)

No comments: