သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Monday, January 18, 2010

လေစိမ်းတွေ တိုက်နေတယ်...။

“လေစိမ်းတွေ တိုက်နေတယ်” ဒီစကားလေးကို အခြေအနေလေးတစ်ခုပေါ်မှီပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုးပြောတတ်လေ့ရှိကြတယ်။ ရန်ကုန်ဘက်မှ ပိုအပြောများကြမယ်ထင်ပါတယ်။ သီချင်းကနေပဲ ဆင်းသက်လာတယ်လို့ ကျမတော့ထင်ပါတယ်။ ကျမငယ်ငယ်တုန်းက ဖျားနေချိန်ဆို အဖေက “မီးငယ်မ-လေစိမ်းတွေတိုက်နေတယ် အဖျားတက်မယ်၊ အနွေးထည် ဝတ်ထား၊ အခန်းထဲမှာနေ၊ အပြင်မထွက်နဲ့လို့” ပြောတာလည်း လိုက်နာဖူးရဲ့။ အင်း..ကျမ ဆိုလိုချင်တာက စကားတစ်ခုကို သုံးနှုန်းတဲ့နေရာ ကွာခြားသလို ပြောလိုရင်း အဓိပ္ပါယ်ကွာဟမှုကိုပါ၊ နောက် ကျမရဲ့ တက္ကသိုလ်က သူငယ်ချင်းတွေနဲ့ တွေ့တုန်းကပေါ့ “ကျမက နင်တို့ကို မတွေ့တာတောင်ကြာလို့ သတိရနေတာလို့ ပြောမိတော့၊ နင်ကသာ အလုပ်ထဲ ရောက်သွားပြီး ငါတို့ကို လေစိမ်းတွေ တိုက်နေတာတဲ့” ၊ ကွာသွားတယ်နော်။ တစ်ခါ ကျမမှာ ချစ်သူရှိလာပြန်တော့ ရင်မှာ ခံစားလာရတဲ့အခါ အရွယ်ငယ်စဉ် နားယဉ်ပြီးသားဖြစ်တဲ့ သီချင်းလေးကို အမှတ်ရမိတော့ ပြောချင်တာကို သီချင်းလေးနဲ့ ရောချမလား စဉ်းစားတယ်။ သီချင်းထဲကလို နောက်တစ်ယောက်ကို အသစ်ရှာနေရအောင် သူ့မှာလည်း မအားရှာတော့ သီချင်းကို ဆိုပြရင်ကောင်းမလား မကောင်းလား ယောင်တောင်တောင်နဲ့ပေါ့။ သို့ပါသောလည်း ငယ်စဉ် သိတတ်စအရွယ်ကတည်း မေဆွိသီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတာဆိုတော့ သူ့သီချင်းတွေ တော်တော်များများ ရင်ထဲမှာရောက်နေပြန်ပါတယ်။ မူလတန်း ကျောင်းသူဘဝမှာ မေဆွိရဲ့ “ပုဇွန်ဆိတ်လေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်” သီချင်းခွေထဲက သီချင်းတွေကို အစ်မတွေက အခွေငှားလာတော့ ကက်ဆက်ဆိုတာလည်း ရှားရှားပါးပါးခေတ်၊ အစ်မတွေဆိုတာကို ကလေးမ ပိစိ ကျမက တကျော်ကျော်လိုက်အော်ဆိုလို့၊ ဆိုသင့်တဲ့ စာသားတွေလား မသိ။ ဒါတွေကို အားပေးတဲ့ ကျမ မိဘတွေက တပြုံးပြုံးနဲ့။ ငယ်ငယ်ကများ က ခိုင်းရင် က လိုက်တာပဲ။ မင်းသမီး အမူအရာတွေ လုပ်ခိုင်းလည်း လုပ်ပြ တတ်သလားမမေးပါနဲ့တော့။ မီးမလာတဲ့ညများမှာဆို ကျမမှာ အိမ်က လူကြီးတွေကို အငြိမ့်ကပြရတာများ မောလို့။ အော်....အခုတော့လည်း အတိတ်တွေက ခပ်ဝေးဝေးမှာ ကျန်ခဲ့ပါပြီ။

ခရစ်တလ်တစ်ယောက် အခုတလော အွန်လိုင်းမှာ တရားနာရာကနေ သီချင်းလေးတွေ လိုက်ရှာတဲ့ဘက်မှာ အချိန်ကုန်နေလို့ နားဆင်ကြည့်ပါအုံးနော်။ မေဆွိရဲ့ “လေစိမ်းတွေ တိုက်နေတယ်”၊ စာဖတ်သူလည်း အအေး ပတ်မယ်နော်၊ လေစိမ်းတိုက်ရင် အဖျားတက် တတ်သလို၊ ဒီရေလည်း တက်ပါတယ်။ အဟီး။ ရောက်ရှိလာတဲ့ ဘဝမှာ ပေါ့ပေါ့ပါးပါးရှင်သန်နိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်ရှင်။

No comments: