သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Saturday, January 30, 2010

မြတ်ဗုဒ္ဓမိန့်ကြားခဲ့လေသော လင်နဲ့မယား ညီမျှစေရမည့် အရေး(၄)ပါး။

(၁) ယုံကြည်မှုတူညီရမယ် (သမသဒ္ဓါ)
သဒ္ဓါဆိုတာ ယုံကြည်မှု၊ သမ ဆိုတာ တူညီတာ၊ ဒါ့ကြောင့် သမသဒ္ဓါ ယုံကြည်မှုတူညီတာလို့ အဓိပ္ပါယ်ရတယ်။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် ယုံကြည်မှုတူညီရပါမယ်။ စီးပွါးရေးလုပ်တဲ့နေရာ လူမှုရေးလုပ်တဲ့နေရာတွေမှာလဲပဲ တစ်ဦးလုပ်တာကို တစ်ဦးက ယုံကြည်မှု အပြည့်အ၀ရှိပြီး စိတ်တူ ကိုယ်တူဖြစ်နေရမယ်။ ဒီထက်အရေးကြီးတာက ဘာသာရေး၊ ဒီဘာသာရေးမှာ ပိုပြီး ယုံကြည်မှုတူညီဘို့ အရေးကြီးတယ်။ မယားလုပ်တဲ့သူက ဗုဒ္ဓဘာသာကို ယုံကြည်သူဆိုရင် လင်ဖြစ်သူကလဲ ဗုဒ္ဓဘာသာကိုပဲ ယုံကြည်သူ ဖြစ်ရပါမယ်။ ဒါကိုပဲ ယုံကြည်မှုတူညီရမယ် (သမသဒ္ဓါ) လို့ဆိုလိုတာပါ။ 

(၂) ၀ါသနာတူရမယ်  (သမသီလ)
သီလ ဆိုတာ အလေ့အကျင့် ၀ါသနာ၊ သမဆိုတာ တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမသီလ၊ အလေ့အကျင့် ၀ါသနာတူညီတာကို ပြောတာ။ လင်ရယ် မယားရယ်လို့ ဖြစ်လာပြီဆိုရင် ၀ါသနာတူညီရပါမယ်။ ၀ါသနာမတူညီသေးဘူးဆိုရင် တူညီအောင် ကြိုးစားပြီး ညှိနေရမယ်။ နှစ်ယောက်ပေါင်းမှ တစ်ဝါသနာပဲ ဖြစ်ရမယ်။ ပျော်ရွင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကိုပိုင်ဆိုင်ပြီး အိုအောင်မင်းအောင် ပေါင်းဆုံနိုင်မယ်။
(၃) ထောက်ပံ့မှု တူရမယ် (သမစာဂ)
စာဂ ဆိုတာ ထောက်ပံ့မှု၊ သမဆိုတာ တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမစာဂ၊ ထောက်ပံ့မှုတူညီတာ။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် သူ့ဘက် ကိုယ့်ဘက် ထောက်ပံ့မှု တူညီရပါမယ်။ ဒါ့ကြောင့် ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းစုံနိုင်ဘို့အတွက် ထောက်ပံ့တဲ့နေရာမှာလဲ သူ့ဘက်ကိုယ့်ဘက် ညီတူညီမျှ ထောက်ပံ့ကြပါ။
(၄) အသိတူညီရမယ် (သမပညာ)
ပညာဆိုတာ အသေးစိတ်သိမှု၊ သမ ဆိုတာက တူညီတာ။ နှစ်ရပ်ပေါင်းတော့ သမပညာ၊ အစစအရာရာ အသိတူညီနေရမယ်။ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် အစစအရာရာ အသိတူညီပါတဲ့။ လင်မယားကြားမှာ လျှို့ဝှက်ချက်မထားပါနဲ့။ လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာတွေကို မယားက သိနေရမယ်၊ သိပိုင်ခွင့်ရှိရပါမယ်။ ထို့အတူပဲ။ မယားသွားတဲ့နေရာ မယားစားတဲ့အစားအစာတွေကို လင်က သိနေရမယ်၊ သိပိုင်ခွင့်ရှိရပါမယ်။ ဒီလို အသေးအဖွဲလေးတွေကအစ လင်မယားအချင်းချင်းသိနေရပါမယ်။ လင်မယားကြားမှာ လျှို့ဝှက်ချက် မရှိရပါဘူး။ လျှို့ဝှက်ချက်ရှိလာပြီဆိုရင် ပေါက်ကြားတဲ့တစ်နေ့ သံသယတွေ ၀င်လာမယ်။ သံသယ၀င်လာပြီဆိုရင် ယုံကြည်မှု စိတ်ချရမှုအပိုင်းတွေ လျော့နည်းလာပြီး ပြဿနာတွေ တက်လာနိုင်ပါတယ်။ ပျော်ရွှင်ဘွယ်ရာ အိမ်ထောင်သည်ပိုင်ရှင်တွေ ဖြစ်လာတော့မှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ဘို့ လင်မယား နှစ်ယောက်စလုံး အသိတူညီရပါမယ်။
ဒီအချက် (၄) ချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင် ဒီလင် ဒီမယား ပျော်ရွှင်ချမ်းမြေ့စွာ သက်ဆုံးတိုင် ရိုးမြေကျ အိုအောင်မင်းအောင် ပေါင်းဆုံနိုင်တယ် လို့ ဗုဒ္ဓဘာသာစာပေမှာ ဆိုပါတယ်။ ဒါ့ကြောင့် ဒီအချက် (၄) ချက်ကို လိုက်နာကျင့်သုံးနိုင်ကြပါစေ၊ လိုက်နာကျင့်သုံးနိုင်ပြီးသကာလ အိမ်ထောင်သည်များအားလုံး သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် အိုအောင်မင်းအောင် ပေါင်းဆုံနိုင်ကြပါစေ။


အထက်ပါ တရားလေးကို ကျမတို့ဇနီးမောင်နှံအတွက် မွေးနေ့မင်္ဂလာတရားဟောကြားပေးပါသော ဘုန်းဘုန်း အရှင်ကဉ္စနသာရ (ကသစ်ဝိုင်ဓမ္မရိပ်သာ-အောင်မင်းခေါင်ကုန်းမြေ) အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တရားအစအဆုံးကို တရားခွေမှ အသံကို စာပြန်စီရန် လတ်တလောမှာ ရာသီအကူးအပြောင်းဖြစ်လို့ ဖျားနေတာကတစ်ကြောင်း ပရဟိတအလုပ်များနဲ့ အလုပ်များနေတာကြောင့် အောက်ပါလင့်လေးမှ စာသားများကို သွားရောက်ကူးယူကာ တရားခွေထဲမှ အဓိကလိုရင်းတရားစာသား များကိုသာ ဖော်ပြပေးလိုက်ပါတယ်။
http://dhammagarden.blogspot.com/2010/01/blog-post_29.html

No comments: