သတ္တဝါအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သပါတယ်.........

Sunday, January 17, 2010

အဖြေ...။




ခြောက်သွေ့တဲ့ ဆောင်းတစ်မနက်မှာ ရင်တွင်းပီတိတစ်ခုနဲ့ ခရီးတစ်ခု၊ ဖြူစင်သော စိတ်ကူးတွေနဲ့ ပီတိတစ်ခုကို ရင်ဝယ်ပိုက်မိတော့ ခြေလှမ်းတို့က ပေါ့ပေါ့ပါးပါး။
(ဤကမ္ဘာမြေပေါ်ဝယ် သူ..ငါ..များတို့ရယ် အလှနဲ့ သစ္စာကိုကွယ် ဖွေရှာမောကြတယ်။ တကယ်မမောပန်းစေရန်ကိုကွယ် ပြော...ပြောမယ်။ ကိုယ့်ဋ္ဌာနေဝန်းကျင်မှာကွယ် တကယ်ကို အလှရှိတယ်။) အဓိပ္ပါယ်ကောင်းလိုက်တဲ့ စာသားလေးတွေ။
နိုးကြားသော အာရုံ၊ လေ့လာလိုသော စိတ်များက ဖြန့်ကျက်ထားရင်း။
ဘလော့ဂါ ကျော်သုည၏ အစီအစဉ်၊ ရည်ရွယ်ချက်၊ ဦးဆောင်မှုတို့ဖြင့် ဘလော့ဂါသုံးဦးဖြစ်သော ကျော်သုည၊ ကပ္ပိယကျော်ခေါင်တို့နှင့် အတူ လှမ်းမိခဲ့လေသော ခရီး။ ဘလော့ဂါကျော်သုညနှင့် အလှူရှင်တို့ လှူဒါန်းမည့်ပစ္စည်းများကို ပို့ဆောင်ရန် စီစဉ်ဖြစ်ခဲ့သော ခရီးလည်း ဖြစ်ပြန်ပါတယ်။
ကားပေါ်တွင် ထိုင်မိတော့ စတင် မေတ္တာပို့ခြင်းအမှုကို ပြုလုပ်လိုက်ပါတယ်။ လမ်းမှာလည်း ဟိုကြည့် ဒီကြည့်နဲ့ ပီတိဖြစ်ရင်း။ စိတ်လှုပ်ရှားမှု အနည်းငယ်နှင့်အတူ ကားနှစ်တန်(နှစ်မျိုး) ပြောင်းစီးပြီးနောက် ပန်းတိုင်ဖြစ်တဲ့ မြို့လေးတစ်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံနှင့် မြန်မာ့မြေတို့ ထိစပ်ရာ အနီးဆုံးသော အရပ်ဒေသတစ်ခုဆီသို့။
ကြည့်ပါအုံး ကိုယ့်နိုင်ငံမှာလည်း ဒီလို အဝေးပြေးကားလေးတွေနဲ့ လိုရာလှမ်းနိုင်သလို၊ သူများနိုင်ငံမှာလည်း သွားဖို့ နည်းလမ်းသိရင် အလွယ်ကလေး။ ဒီလိုဆိုတော့လည်း ကိုယ့်နိုင်ငံတွင်း ခြေစင်္ကြာဖြန့်ခဲ့မိတာလေး တွေကို အောက်မေ့မိပြန်ပါတယ်။ သတိရတဲ့ စိတ်တို့က မဖုံးနိုင် မဖိနိုင်။ ဒါလေးကို တစ်ချက် သိလိုက် ပါတယ်။ ရှူခင်းတွေကတော့ မြန်မာနဲ့ သိပ်မကွာဟပါဘူး။ လမ်းခရီး အဆင်ပြေချောမွေ့ လွန်းတာလေး လောက်ပဲ ကွာပါတယ်လေ။ သိတတ်စအရွယ်ကတည်း နေ့စဉ် တစ်ခုခုအကျိုးရှိအောင်လေးတော့ လုပ်ဖြစ်အောင် လုပ်တတ်တဲ့စိတ်လေး အရင်းခံစရိုက်က စွဲနေခဲ့ပြီ။လမ်းခရီးမှာ အတွေးတို့က ဟိုတစ်စ ဒီတစ်စ ဝဲပျံလို့။
(2009)ခုနှစ်ရဲ့ နောက်ဆုံးနေ့လေးမှာလည်း ဖြူစင်သော စင်ကြယ်သော ကုသိုလ်စိတ်တို့ဖြင့် သန့်ရှင်းကာ ကြည်လင်လို့ ပေါ့ပေါ့ပါးပါး။ နားထဲမှာ စကားတစ်ခု ကြားလိုက်တယ်၊ ဘလော့ဂါ ကျော်သုည ပြောလိုက် တာက.......ဒါ ဒီနေ့ ကုသိုလ်သွားလုပ်ကြမှာပေါ့ ဒါလေးတွေကို လိုအပ်မယ့်ဆီကို ပို့ကြမယ့်ခရီး။ နားက ကြားလိုက်ပါတယ်၊ ရင်မှာ သိလိုက်ပါတယ်။ မှန်ပါ၏။ လိုအပ်နေသူလေးတွေ ပြည့်စုံကြပါစေ၊ အဆင်ပြေကြပါစေ၊ ဝမ်းမြောက်ကြပါစေ။ ပြန်လည်တွေးမိတိုင်း ကြည်နူးစရာကောင်းလိုက်ပါဘိခြင်း။ အော်ကြည်နူးနေတယ် ကြည်နူးနေတယ်၊ စိတ်ရင်မှာ စိုက် ပေါ်ခိုက်မှတ်ပါလေ(ကသစ်ဝိုင်ဓမ္မရိပ်သာမှ)။ ကြည်နူးလိုက်တာကိုလည်း သိလိုက်တယ်။ ကြည်လင်နေတာကိုလည်း သိလိုက်တယ်။ သန့်ရှင်းနေတာကို လည်း သိလိုက်ပါတယ်။ ပေါ့ပါးနေတာလေးကိုလည်း သိလိုက်ပါတယ်။


Songkhlaမြို့ရှိ Wachiralongkon ရေလှောင်ကန်ဖြစ်ပါတယ်။
ဤခရီးနီးသလော။ မနီးပါ၊ ဝေးပါတယ်၊ သံသရာခရီးရော။ ဒီခရီးထဲက အလှူရှင်တို့ရဲ့ စိတ်ထားက လိုအပ်လျှက်ရှိသော နေရာများအတွက် လှူဒါန်းကြခြင်းဖြစ်ပါတယ်။ ခရီးစဉ်တွင် လိုက်ပါလာသူများက ဝိုင်းဝန်းပံ့ပိုးကူညီ ပို့ဆောင် ပေးကြတာ ဖြစ်ပါတယ်။ ခရီးစဉ်၏ အကြောင်းအရာကတော့ ရိုးစင်းလွန်းပါတယ်။ ရည်ရွယ်ချက်ကား ကြီးမားလှတယ်။ ဒါဟာ ပန်းချီကားတစ်ချပ် ဖြစ်ခဲ့မယ်ဆိုရင် သိပ်ရသပါတဲ့ ပန်းချီကားတစ်ချပ်။ ဒါပေမယ့် ရသကို ခံစား နားလည်တတ်အုံးမှကိုးနော်။ ကိုယ့်နောက်ပါမည့် ကောင်းမှုကုသိုလ်တရားတို့သည် အမြတ်ဟူ၍ အထုပ်ပမာ ပြုလုပ် အပ်သောကြောင့် မပြတ်ပြုလုပ်ထိုက်ပါပေ၏ (တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမ)။
အကောင်း အဆိုး၊ အကြောင်း အကျိုး၊   အမှား အမှန်၊ ကုသိုလ် အကုသိုလ်၊ ယှဉ်တွဲနေကြတယ်။ ပယ်ဖျက်လို့လည်း မရနိုင်ပြန်ပေါ့။ ကဲဒါဆိုရင် အမေးရှိရင် အဖြေရှိရတယ်လေ ဒါကြောင့် ပြုခဲ့ဖူးသော ယခုကုသိုလ်ကောင်းမှုတို့သည် နောင်လာမည့် သံသရာတွင် ပေးလာမည့် အဖြေကား နိဗ္ဗာန်လမ်း တက်လှမ်းဝင်ရလေအောင် အထောက်အပံ့အဖြစ် ဖြစ်စေနိုင်သော အဖြေ ဖြစ်လာမည်မှာ မလွဲပင်ဖြစ်ချေတော့သတည်း။
(ဝန်ခံချက်။ ။ တောင်တန်းသာသနာပြုဆရာတော်ဘုရား ဟောကြားတော်မူသော တရားထဲမှ စာသားနှင့် ကသစ်ဝိုင်ဓမ္မရိပ်သာမှ တရားမှတ်ရန် ဆရာတော်များ မိန့်ကြားတော်မူသောစကားတချို့ကို နာယူသုံးစွဲပါသည်။)

နှစ်နိုင်ငံကြားနယ်နိမိတ်မှာ စိုက်ထူထားတဲ့ အလံနှစ်ခု။
ခရီးစဉ် အမှတ်တယအနေနဲ့ ရေးလိုက်ပါတယ်၊ စာသားတွေက ပွင့်ထွက်လာတာ အမှတ်တယကနေ ဒဿန ဆီသို့ ဖြစ်သွားတယ်၊ တတ်နိုင်ပါဘူးလေ ဘုန်းဘုန်းဦးလောက ဘလော့နာမည်လို ဒဿနခရီးစဉ် ဖြစ်သွားပြီလား မသိတော့ပါ။ ဘလော့ဂါ ကျော်သုည(ဘုန်းဘုန်း) (http://kyaw0.blogspot.com)နှင့် ဘလော့ဂါ ကပ္ပိယကျော်ခေါင်(http://ywarookyaung.blogspot.com)တို့ ကျေနပ်နိုင်ကြပါစေလို့ မျှော်လင့်လိုက်ပါတယ်ရှင်။
တပည့်တော်မ-ခရစ်တလ် (http://crystal-lovelivelife.blogspot.com)
ခရီးမှ ပြန်အလာ တစ်ပတ်တင်းတင်းပြည့်မြောက်ချိန်တွင် အမှတ်တယပိုစ့်တင်လိုက်ပါသည်။
 
ခရီးစဉ်တွင် မှတ်တမ်းတင်သူအဖြစ်-ခရစ်တလ်

No comments: